Lymphoma (လင်ဖိုးမား) ရောဂါ

၁။ ဆရာခင်ဗျ Hodgkin's Lymphoma အကြောင်းသိချင်ပါတယ်။ ကျေးဇူးပြု၍ မျှဝေပေးပါ။
၂။ Lymphoma ဆိုတဲ့ ရောဂါအကြောင်း သိချင်လို့ပါ ဆရာ။ ကုသရင်လည်း ပျောက်ကော ပျောက်ရဲ့လား သိချင်ပါတယ်။

(လင်ဖိုးမား) ဆိုတာ ကင်ဆာဖြစ်တယ်။ အမျိုးအစားခွဲပေါင်း ၃၅ မျိုး ရှိတယ်။ ရောဂါပြီးစနစ်နဲ့ ဆိုင်တဲ့ (လင်ဖိုဆိုက်-ဆဲလ်) တွေမှာ ဖြစ်တယ်။ သွေးပြန်ရည် စနစ်က (ဆဲလ်) တွေ ဖြစ်ပါတယ်။ ဒီစနစ်ထဲမှာ Lymph vessels (လင့်ဖ်) သွေးပြန်ရည် ပြွန်လေးတွေနဲ့ Lymph nodes (လင့်ဖ်-နုတ်) တက်စေ့တွေ ပါတယ်။ တကိုယ်လုံးလိုလိုမှာရှိတယ်။ ဒါတွေအပြင် Spleen ဘေလုံး၊ Tonsils အာသီး၊ Bone marrow ရိုးတွင်းခြင်ဆီ နဲ့ Thymus (သိုင်းမတ်စ်) အိတ် ဆိုတာတွေကလဲ ဆက်စပ်နေတယ်။

Lymph (လင့်ဖ်) အရည်ထဲမှာ Lymphocytes (လင်ဖိုဆိုက်) ခေါ်တဲ့ သွေးဖြူဥတွေ ရှိနေတယ်။ ရောဂါတွေကို ခုခံ တိုက်ပေးသူ ဖြစ်တယ်။ ဒါကြောင့် ဒီအရည်ထဲမှာ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေလဲ ပါနေမယ်။ ရောဂါပိုးဝင်ရင် နီးစပ်ရာ နေရာက တက်စေ့အုပ်စုမှာ တက်စေ့တွေ ရောင်-ကြီးနေလိမ့်မယ်။

(လင်ဖိုဆိုက်) တွေက ရောဂါဖြစ်စေတဲ့ အကောင်တွေကို သိတယ်။ B cells နဲ့ T cells လို့ ၂ မျိုးခွဲထားတယ်။ B cells တွေကနေ Antibodies (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံအားတွေထုတ်ပေးတယ်။ T cells တွေက တက်ကြွလာပြီဆိုရင် ရောဂါပိုးတွေကို သတ်ပြစ်မယ်။

ဒီလိုပုံမှန် ကောင်းအောင်လုပ်ပေးနေတဲ့ (ဆဲလ်) တွေဟာ တမျိုးတမည်ပြောင်းသွားရင်တော့ ကင်ဆာဖြစ်မယ်။ အဲလို မဟုတ်တာတွေက အဆမတန်များလာမယ်။ B cells တွေရော T cells တွေရောကပါ ကင်ဆာဖြစ်စေနိုင်တယ်။ များလာ-ပွါးလာလို့ တက်စေ့တွေ ပိုကြီးလာမယ်။ ဒါကိုဘဲ Tumor အကျိတ်လို့ ခေါ်တယ်။ ကြီးလာလေလေ အနီးအနားကို လွှမ်းမိုး နေရာယူလေလေ ဖြစ်လာမယ်။ တနေရာကနေ တနေရာကို ပြန့်မယ်။ များသောအားဖြင့် (လင့်ဖ်) သွေးပြန်ရည်စနစ် ထဲမှာသာ ပြန့်ပေမဲ့ တခြားနေရာတွေကိုလဲ ရောက်နိုင်သေးတယ်။

အဓိက ၂ မျိုးရှိတယ်။ Hodgkin's lymphoma (HL) နဲ့ ပိုအဖြစ်များတဲ့ Non-Hodgkin's lymphomas (NHL) တွေ ဖြစ်ကြတယ်။ အနုကြည့် မှန်ဘီလူးနဲ့သာ မတူတာကို သိမယ်။ ဖြစ်မှာတွေ ခံစားရမှာတွေက အတူတူဘဲ။ NHL ၆၆ဝဝဝ ယောက်မှာ HL ၈၅ဝဝ ယောက်ဖြစ်တာတွေ့ရတယ်။ ဒီအထဲက NHL ၂ဝဝဝဝ ယောက်သေဆုံးပြီး၊ HL ၁၃ဝဝ ယောက် သေဆုံးကြရတယ်။

Lymphoma ဟာ အဖြစ်အများဆုံးဖြစ်တဲ့ သွေး-ကင်ဆာဖြစ်တယ်။ လူကြီးတွေမှာ သတ္တမမြောက် အဖြစ်များပြီး၊ ကလေးတွေမှာ တတိယလိုက်တယ်။ အရွယ်မရွေး ဖြစ်နိုင်တယ်။ ၁၆-၃၄ နှစ်အုပ်စုနဲ့ ၅၅ နှစကျော်အုပ်စု ၂ ခုမှာ အဖြစ်များတယ်။ NHL က အသက်ကြီးသူတွေမှာ ပိုဖြစ်တယ်။

ဘာလို့ဖြစ်လဲ ဆရာဝန်တွေက မပြောတတ်ပါ။ ဖြစ်နိုင်ခြေတွေတော့ ရှိတာပေါ့။
• အသက်ကြီးရင် ပိုဖြစ်နိုင်ခြေများတယ်။
• Infections ရောဂါပိုးဝင်ထားရင် ပိုတယ်။ ရောဂါပိုးတွေထဲမှာ HIV, Epstein-Barr virus, Helicobacter pylori, Hepatitis B နဲ့ Hepatitis C virus တွေပါတယ်။
• Autoimmune disease (အော်တို-အင်မြူးန်) ရောဂါ၊ Immune suppressive therapy ခုခံအားကျအောင် ပေးတဲ့ဆေး ပေးနေရသူ၊ Inherited immunodeficiency diseases မွေးရာပါရောဂါ ရှိနေသူတွေမှာလဲ ပိုတယ်။
• ဓါတုဆေးတွေနဲ့ ထိစပ်နေသူတွေမှာလဲ ပိုဖြစ်စေနိုင်တယ်။ Pesticides, Herbicides စိုက်ပျိုးရေးသုံး ပိုသတ်ဆေးတွေ Benzene ဓါတုဖျော်ဆေးတွေနဲ့ Hair dye ဆံပင်ဆိုးဆေးတွေ ပါတယ်။
• Genetics အမျိုးတွေထဲမှာ တယောက်မကဖြစ်ရတယ်။

ရောဂါလက္ခဏာတွေ
လည်ပင်း၊ ပေါင်ခြံ၊ ချိုင်း တွေမျာ မနာဘဲ တက်စေ့တွေကြီးလာတာက ပဌမဆုံးသိရတာဖြစ်မယ်။ တခြားနေရာတွေက Lymph nodes တက်စေ့တွေနဲ့ Spleen ဘေလုံးပါကြီးနေမယ်။ ကြီးနေတာတွေက သူ့အောက်မှာနေတဲ့ အာရုံကြောကိုဖိလို့ နာတာ၊ ထုံတာ၊ ကျင်တာလဲ ခံစားရတတ်တယ်။ ဘေလုံးကြီးနေလို့ အနေရခက်နိုင်တယ်။ တချို့မှာ ဘာမှမခံစားရသလို နေတယ်။ တချိုကမှာ ဖျားမယ်၊ ချမ်းမယ်၊ ကိုယ်အလေးချိန်ကျမယ်၊ ညချွေးထွက်မယ်၊ အားယုတ်နေမယ်။ ယားတာလဲဖြစ်နိုင်တယ်။

Diagnosis ရောဂါသေခြာစေခြင်း
သွေးစစ်ခြင်း၊ သွေးဖြူဥတွေ၊ အသဲ၊ ကျောက်ကပ်အခြေအနေတွေ စစ်မယ်။ Lactate dehydrogenase (LDH) အင်ဇိုင်း စစ်နိုင်တယ်။ များနေရင် ပိုဆိုးတဲ့ NHL ဖြစ်နိုင်တယ်။ Biopsy အသားစဖြတ်ယူစစ်ဆေးခြင်းက လုပ်ရတယ်။ X-rays, CT scan, MRI scan, Lymphangiogram, Gallium scan, Positron-emission tomographic (PET) scan, Bone marrow examination နဲ့ Lumbar puncture တွေလဲ လိုရင်လုပ်တယ်။

Staging အဆင့်ခွဲခြင်း
HL နဲ့ NHL ၂ မျိုးလုံးဆိုင်အတွက် အဆင့်ခွဲခြင်း
• Stage I တက်စေ့နေရာတခုထဲမှာသာ ရှိနေသေးတယ်။
• Stage II
• တက်စေ့အုပ်စု ၂ ခုမကဖြစ်နေပြီ။ ဗိုက်နဲ့ရင်ပတ်ကိုခြားထားတဲ့ (ဒိုင်ယာဖရမ်) တဘက်သတ်မှာသာ ရှိနေသေးတယ်။ Stage III တက်စေ့အုပ်စု ၂ ခုမကဖြစ်နေကြပြီ။ (ဒိုင်ယာဖရမ်) တဘက်သတ်မက ရှိနေသေးတယ်။
• Stage IV တက်စေ့တွေမျာသာမက ဘေလုံး၊ တခြားနေရာတွေအထိ ရောက်နေပြီ။ ဥပမာ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အာရုံကြောစနစ်။

NHL classification
• Low grade ဖြေးဖြေးချင်းပြန့်တယ်။ နေရာအနှံ့တော့ ရောက်နေမယ်။ စိုးရိမ်စရာမရှိသေးပါ။ နောက်ပိုင်းဆိုးလာနိုင်တယ်။
• Intermediate grade ပြန့်တာမြန်တယ်။ ဆေးချက်ချင်းကုသရမယ်။ ကုလို့ရတာလဲရှိတယ်။
• High grade သိပ်မြန်တယ်။ ပျောက်ဘို့ မလွယ်ဘူး။

တိုးတက်မှု အလားအလာက ဒီအချက်တွေအပေါ်မှာ မူတည်နိုင်တယ်။
• ယောက်ျား၊ အသက် ၄၅ နှစ်ကျော်၊
• အဆင့် ၄ အထိရောက်နေသူ၊
• Albumin <4.0 g/dL နည်းနေသူ၊
• Hemoglobin <10.5 g/dL နည်းနေသူ၊
• WBC count of 15,000/mL များနေသူ၊
• Lymphocyte <600/mL နည်းနေသူ၊
• Lymphocyte <8% of total WBC နည်းနေသူ။

ဒီအချက်တွေ မရှိသေးသူတွေမှာ Hodgkin's disease ရောဂါကို ၈၄% ထိန်းချုပ်နိုင်ခြေရှိတယ်။ ဒီအခြေအနေတွေ ရှိနေရင် ၇၇% သာရှိမယ်။ ၅ ချက်အထိ ရှိနေရင်တော့ ၄၂% သာရှိမယ်။

အထွေထွေ ကျန်းမာရေးကောင်း-မကောင်းကလဲ ရောဂါအလားအလာကို သက်ရောက်စေတယ်။
• ကောင်းနေရင် ၅ နှစ်အထိ ရှင်နှုန်း ၇ဝ% ရှိမယ်။
• အသင့်အတင့် ကောင်းနေရင် ၅ နှစ်အထိ ရှင်နှုန်း ၄၉-၅ဝ% ရှိမယ်။
• မကောင်းရင် ၅ နှစ်အထိ ရှင်နှုန်း ၂၆% ရှိမယ်။

ကုသနည်းများ
ဆေးရုံတခုနဲ့တခု မတူပါ။ ရောဂါအဆင့်နဲ့ လူနာအသက်အပေါ် မူတည်တာမှာတော့ တူတယ်။ အများဆုံး သုံးကြတာက Chemotherapy ဆေးပေးတာ နဲ့ Radiation therapy ဓါတ်ကင်တာကို တွဲတာဖြစ်တယ်။ Biological therapy နည်းလဲ ရှိတယ်။ ဆေးကုတာရဲ့ ရည်ရွယ်ချက်ဟာ Complete remission လုံးဝ ရပ်တန့်စေဘို့ ဖြစ်တယ်။ ရောဂါလက္ခဏာတွေ ပျောက်သွားစေဘို့ဖြစ်တယ်။ Cure ရောဂါပျောက်ကင်းတာနဲ့တော့ မတူပါ။ Lymphoma cells တွေတော့ ကိုယ်ထဲမှာ ရှိနေပါအုံးမယ်။ ဒါကြောင့် တချိန်မှာ ပြန်ပေါ်ချင်ပေါ်မယ်။
ဆေးပေးကုသနည်းကို ရောဂါနောက်ပိုင်းအဆင့်အတွက် သုံးတယ်။ ဓါတ်ကင်တာနဲ့တွဲမယ်။ ကောင်းနေတာတွေကိုလဲ ထိလို့ ခံစားရမှာတွေတော့ ပြေးမလွတ်ဘူး။ သွေးဖြူဥတွေ နည်းစေလို့ ရောဂါပိုး ဝင်လွယ်မယ်။ သွေးနီဥတွေ ပျက်စီးလို့ သွေးအားနည်းမယ်။ သွေးမှုံတွေနည်းလို့ သွေးမခဲတာဖြစ်နိုင်တယ်။ ပျို-အန်တာ၊ ဆံပင်ကျွတ်တာ၊ အစားပျက်တာ၊ ပါးစပ်မှာ အနာပေါက်တာ၊ အားယုတ်တာ၊ ကြွက်သားတွေနာတာ၊ ခြေသည်း-လက်သည်းတွေ ပြောင်းတာတွေလဲ ဖြစ်စေနိုင်တယ်။ သွင်းဆေး၊ သောက်ဆေးရှိတယ်။ Chemotherapy ကြောင့် ရိုးတွင်းခြင်ဆီတွေ ပျက်စီးစေလို့ Stem cell transplantation လုပ်ပေးနိုင်တယ်။

Radiation therapy ဓါတ်ကင်နည်း
High-energy rays ကိုသုံးပြီး ကင်ဆာ (ဆဲလ်) တွေကို သတ်ပြစ်မယ်။ Local therapy ခေါ်တယ်။ နေရာကန့်သတ်ပြီး လုပ်ရတယ်။

နောက်ပိုင်းမှာ Biological therapy ဒါမှမဟုတ် Immunotherapy ကိုသုံးလာနေတယ်။ ဘေးထွက်-ဆိုးကျိုးနည်းတယ်။ နည်းအမျိုးမျိုးသုံးတယ်။ Monoclonal antibodies, Cytokines နဲ့ Vaccines တွေပါတယ်။

Lymphoma Prognosis (လင်ဖိုးမား) အလားအလာ
• HL အမျိုးအစားက အတော်ကောင်းတယ်။
• ကင်ဆာထဲမှာ ကုလို့ရတာတဲ့အမျိုးတခုဖြစ်တယ်။
• ဆေးကုရင် ၅ နှစ်ခံ ၈ဝ% ကျော်တယ်။ ကလေးတွေဆိုရင် ၉ဝ% ကျော်တယ်။
• NHL အတွက်လဲ နည်းသစ်တွေရှာနေတယ်။ တိုးတက်လာတယ်။ ၅ နှစ်ခံ ၆၃% ကျော်တယ်။ ကလေးတွေဆိုရင် ၉ဝ% ကျော်တယ်။

Dr. တင့်ဆွေ
၂၃-၃-၂ဝ၁၂

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး