Silent Killer သားအိမ်ဝကင်ဆာ

ရေးထားတာကြာပါပြီ။ တနေရာမှာကူးပြီးတင်ထားတာ အမှတ်မထင်တွေ့လို့ မွမ်းမံပြီးပြန်တင်ပါတယ်။ စကားပြောကနေ စာလိုနဲ့ သတ်ပုံတွေကိုပါ ပြင်သုံးထားတာတွေ့ရပါ။ ကျွန်တော်က ကိုယ့်ရေးဟန်ကိုပဲ ပြန်ပြင်လိုက်ပါတယ်။

ကမ္ဘာပေါ်ရှိအမျိုးသမီးထုကြီးတရပ်လုံးကို ဖွဲမီးလိုတငွေ့ငွေ့လှိုက်စားပြီး အသက်ဇီဝိန်ခြွေချနေတဲ့ ကြောက်စရာ အကောင်းဆုံးရောဂါတခုကို ပြပါဆိုရင်တော့ သားအိမ်ဝ (ခေါင်း) ကင်ဆာကို လက်ညိုးထိုးပြရပါလိမ့်မယ်။ အင်္ဂလိပ်လို Cervical cancer လို့ခေါ်ပါတယ်။ သားအိမ်ခေါင်းဆိုတာ သားအိမ်ရဲ့ အကျဉ်းဆုံးအစိတ်အပိုင်းဖြစ်ပြီး မိန်းမကိုယ်အဝနဲ့ ဆက်သွယ်ထားတဲ့နေရာဖြစ်ပါတယ်။ သားအိမ်ဝမှာ အခြေခံတဲ့ ဆဲလ်တွေကနေ ကင်ဆာဖြစ်ပွားစေတဲ့ဆဲလ်များ ဖြစ်ပွားမှုကို ခေါ်ပါတယ်။ အဖြစ်များတဲ့လက္ခဏာတခုကတော့ မူမမှန်သွေးဆင်းခြင်းပါ။ ဒါပေမယ့် ကင်ဆာဟာ ဆိုးရွားတဲ့အဆင့်ရောက်တဲ့အထိ သိသာထင်ရှားတဲ့လက္ခဏာမပြပဲနဲ့လည်း ဆက်လက်ဖြစ်ပွားနေတာတွေ ရှိပါတယ်။ စောစောအဆင့်ပိုင်းတွေမှာတော့ ခွဲစိတ်ကုသလို့ရနိုင်ပြီး ပိုဆိုးရွားတဲ့ နောက်ပိုင်းအဆင့်တွေ ဖြစ်နေပြီဆိုရင်တော့ ကင်ဆာဆေးသွင်းခြင်းနဲ့ ဓါတ်ရောင်ခြည်ပေး၍ ကုသခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

ကင်ဆာရှိမရှိစစ်ဆေးခြင်း Pap smear လုပ်ပြီးစစ်ခြင်းဟာလည်း သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်တွေနဲ့ တစ်ရှူးတွေမှာ ကင်ဆာအဆင့်မရောက်ခင်အခြေအနေနဲ့ ပြောင်းလဲမှုတွေကို ကြိုပြီးသိနိုင်ပါတယ်။ တိုးတက်ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်တွေမှာ Cervical screening ကို ကျယ်ပြန့်စွာအသုံးပြုနေကြပြီး ဒီလိုစစ်ဆေးခြင်းအားဖြင့် အလွန်ဆိုးရွားတဲ့အဆင့် ဖြစ်ပွားမှုနှုန်းကို ၅ဝ % မကလျော့ချပေးနိုင်ပြီဖြစ်ပါတယ်။

ရာခိုင်နှုန်း ကိုးဆယ်ကျော်လောက်အောင် Human Papillomavirus (HPV) ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ယူအက်စ်၊ ကနေဒါနဲ့ ယူကေ မှာဆိုရင် ဒီ HPV ကာကွယ်ဆေးဟာ သားအိမ်ခေါင်းကင်ဆာကို ၇ဝ% လောက်အထိဖြစ် ပွားစေနိုင်တဲ့ ဗိုင်းရပ်အမျိုးအစား မျိုးကွဲ ၂ မျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဖြစ်များတဲ့ အမျိုးအစား HPV နဲ့ကင်ဆာကို သာကာကွယ် ပေးနိုင် တာဖြစ်တဲ့အတွက် အမျိုးသမီးအားလုံးဟာ ကာကွယ်ဆေးထိုးပြီးတာတောင်မှပဲ ဒီလို Pap Smear Screening ကို ပုံမှန်ပြုလုပ်နေသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေ
အစောပိုင်းအဆင့်တွေမှာတော့ ဘာလက္ခဏာမှ မပြပဲနဲ့ရှိ နေနိုင်ပါတယ်။ ဒါ့အပြင် မူမမှန်သွေး ဆင်းမှု၊ အမျိုးသားနဲ့ အတူနေတဲ့အခါ သွေးဆင်းခြင်း၊ တခါတရံ သွေးခဲဆင်းခြင်း၊ ရှားတော့ရှားတယ် ဒါပေမယ့် ကင်ဆာအဆင့် ဖြစ်တယ်ဆိုတာ ပြသနေခြင်း၊ စတာတွေ့ဖစ်တတ်တယ်။ ဒါ့အပြင် အမျိုးသားနဲ့ အတူနေတဲ့အခါ နာကျင်ခြင်းနဲ့ သွေးဆင်းခြင်းတွေဟာလည်း သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပိုမိုးဆိုးရွားတဲ့အဆင့် ရောက်နေပြီဆိုရင်တော့ ဝမ်းဗိုက်၊ အဆုတ်နဲ့နေရာတော်တော် များများမှာပျံ့နှံ့ခြင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။

ပိုမိုးဆိုးရွားတဲ့ သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာတွေကတော့ အစားအသောက်ပျက်ခြင်း၊ ပိန်ချုံးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ တင်ပဆုံရိုး အမှားကိုက်ခဲခြင်း၊ ခါးနာခြင်း၊ ခြေထောက် များနာခြင်း၊ ခြေထောက်များ ရောင်လာခြင်း၊ သွေးအလွန် အမင်းဆင်းခြင်း၊ အရိုးကျိုး ခြင်းများ၊ တခါတရံ မိန်းမကိုယ်မှ ဆီး သို့မဟုတ် မစင်များ ထွက်ကျခြင်းစတဲ့လက္ခဏာတွေ ကြုံတွေ့ ရနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်ပွားရတာလဲ
Human Papilloma Virus ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအချက်ဖြစ်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံဖက်များခြင်း၊ ဆေးလိပ်သောက်ခြင်း၊ HIV ပိုး စတာတွေဟာလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်စေရခြင်းရဲ့ risk factor တွေဖြစ်ပါတယ်။ ဒါ့အပြင် အခြားအကြောင်းအရာတွေကတော့ Chlamydia ပိုးဝင်ခြင်း၊ စိတ်ဖိစီးမှုနဲ့ ဆက်နွယ် နေတဲ့အခြေအနေများ၊ အစားအသောက်၊ ဟော်မုန်းပါသော သားဆက်ခြားဆေးများ၊ ကိုယ်ဝန်ပေါင်းများစွာယူခြင်း၊ မျိုးရိုးထဲမှာ သားအိမ်ခေါင်းကင်ဆာရှိခြင်း စတဲ့အချက်တွေဟာလည်း သားအိမ်ခေါင်းကင်ဆာဖြစ်စေခြင်းရဲ့ တွဲဖက်အနေနဲ့ ပါဝင်နေပြန်ပါတယ်။ အသက်ငယ်ရွယ်စဉ်မှာ လိင်ဆက်ဆံခြင်းနဲ့ အသက်ငယ်ရွယ်စဉ်မှာ ကိုယ်ဝန်ဆောင်ခြင်း၊ အသက်ငယ်ရွယ်စဉ်မှာ သားဆက်ခြားဆေးများ သောက်သုံးခြင်းဟာလည်း အန္တရာယ်တွေထဲမှာပါဝင်နေတာကိုတွေ့ ရပါတယ်။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်နိုင်သလဲ
၁။ Screening ပြုလုပ်ခြင်း
Pap smear သားအိမ်ခေါင်းကင်ဆာကိုစစ်ဆေးခြင်းဖြစ်ပါတယ်။ ၃ နှစ်တကြိမ် ငါးနှစ်တကြိမ် စစ်ဆေးပေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းကို ၈ဝ% အထိလျော့ချပေးတာတွေ့ရပါတယ် အကယ်၍ မူမမှန်သော အဖြေတွေ တွေ့ခဲ့ရင်လည်း Precancerous change ကိုကြိုတင်သိရှိနိုင်ပြီးတော့ လိုအပ်တဲ့ ကာကွယ်ကုသမှုတွေပေးနိုင်မှာ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကို စောစောစီးစီးသိရင် မျိုးပွားနိုင်မှု စွမ်းရည်ကို နည်းနည်းထိခိုက်နိုင်ယုံကလွဲလို့ မခွဲမစိတ်ရပဲ ကုသမှုတွေပေးနိုင်ပါတယ်။

၂။ Vaccine ကာကွယ်ဆေးထိုးခြင်း
HPV vaccine နှစ်မျိုးရှိပါတယ်။ Gardasil နဲ့ Cervarix ဇြစ်ပြီး ဒီကာကွယ်ဆေးတွေက သားအိမ်ခေါင်းနဲ့ စအိုဝတဂှိုက်မှာ ကင်ဆာဖြစ်ပွားနိုင်မှုကို ၉၃% အထိ လျော့ချပေးနိုင်တာတွေ့ရပါတယ်။ အသက် ၉ နှစ်က ၂၆ နှစ်အတွင်း အမျိုးသမီးတွေကို ပိုးမဝင်မှာ ကြိုတင်ထိုးထားနိုင်တယ်။ ဒါကလည်း ရောဂါပိုးမရှိမှသာ ထိရောက်မှုရှိတာဖြစ်ပါတယ်။ လေးနှစ်ကခြောက်နှစ်အထိ စွမ်းဆောင်နိုင်မှုရှိပြီး ဒီထက်ပို စွမ်းသလားထပ်ထိုးဖို့ လိုအပ်သလား ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဈေးနှုန်းကြီးမားမှုက ပြဿနာတခုဖြစ်နေပြီး နိုင်ငံပေါင်းများစွာကတော့ HPV Vacinnation Fund တွေ တည်ထောင်ဖို့ ကြိုးစားနေကြပါပြီ။

၃။ ကွန်ဒွမ်အသုံးပြုခြင်း
ကွန်ဒွမ်အသုံးပြုခြင်းဟာ တချို့သားအိမ်ခေါင်းကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ HPV ကိုသာမက အနည်းဆုံးတော့ လိင်အဂါင်္ကြွက်နို့နဲ့ တခြားရောဂါပိုးတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ STD, Chlamydia ပိုးတွေ။ သုတ်ရည်ဟာ Precancerous changes (CIN 3) ကို ပြောင်းလဲစေနိုင်တဲ့ risk ရှိတဲ့အတွက် ကွန်ဒွမ် အသုံးပြုခြင်းအားဖြင့် ကာကွယ်ပေးရာရောက်ပါတယ်။

၎။ အာဟာရ
ဗီတာမင်အေ၊ ဗီတာမင် ဘီ ၁၂၊ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ ဘီတာကာရိုတင်းတွေဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို လျော့ကျစေတဲ့ အာဟာရဓါတ်တွေဖြစ်ပါတယ်။

ဖြစ်ပြီးမှ ကုသတာထက်စာရင် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာ လွန်စွာထိရောက်လှပါတယ်။ တတ်နိုင်သမျှ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကိုလျော့ချပြီး Pap smear ပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ်။ ကာကွယ်ဆေးထိုးထားကြဖို့လည်း တိုက်တွန်းပါတယ်။

Dr. တင့်ဆွေ
၁ဝ-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး