မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, February 5, 2017

Hemangioma ဟီမင်ဂျီယိုးမား

ဆရာရှင့် ကျွန်မသမီးလေးက ၃၀-၁၂-၂၀၁၆ နေ့က မွေးထားတာပါ။ မွေးပြီးပြီးချင်း အောက်ဆီဂျင်သွင်းထားရတာ ၁ လပိုင်း ၃၀ ရက်နေ့မှ ဆေးရုံကဆင်းခဲ့ရတယ်။ အဲ့ဒါ ကလေးရဲ့ဂျိုင်းမှာ ဒီလိုအနာဖြစ်နေတယ်ဆရာ။ မွေးရာပါမဟုတ်ဘူး။ ဆေးရုံရောက်ပြီး ၆ ရက်လောက်မှတွေ့တယ်လို့ ဆရာဝန်ကပြောတယ်။ လိမ်းဆေးပဲပေးလိုက်တယ်ဆရာ။ ခုထိ မသက်သာသေးလို့ ဘာဆေးလိမ်းပေးရမလဲ သိချင်လို့ ကျေးဇူးပြု ပြီး ဖြေပေးစေချင်ပါတယ်ဆရာ။ သမီးလေးအနာ ဆေးလိမ်းထားတာပါ။ အစက အမှတ်လိုမျိုးအကွက်ကြီးပါ နောက်မှ အနာဖြစ်သွားတာ။

ဆောရီး။ ဆေးလိမ်းမထားတဲ့ အနာပုံရချင်ပါတယ်။

ရေချိုးပြီးခါစ ဆေးမလိမ်းခင် ရိုက်ထားတဲ့အနာပုံပါဆရာ။

ဆရာ့အထင် Hemangioma ဟီမင်ဂျီယိုးမား ခေါ် မွေးရာပါ အမှတ်တမျိုးဖြစ်မယ်။ ကိုင်ကြည့်ရင် ရာဘာလိုနေတယ်။ ချောမွေ့နေတယ်။ ကြည့်ရင် နီရဲနေတယ်။ စထောဘယ်ရီ အမှတ်လို့လည်းခေါ်တယ်။

ခန္ဓာကိုယ် နေရာအမျိုးမျိုးမှာဖြစ်နိုင်တယ်။ မျက်နှာ၊ ဦးခေါင်းခွံအရေပြား၊ ရင်ပတ်၊ နောက်ကျောတွေမှာ အဖြစ်များတယ်။

အရေပြားမှာ သွေးကြောသေးသေးလေးတွေ အပိုဖြစ်တာ။ ကင်ဆာ မဟုတ်ပါ။ စိုးရိမ်စရာ မဟုတ်ပါ။ အဲတာမျိုးက မွေးမွေးချင်း မမြင်ရတာလည်းရှိတယ်။ မွေးစတနှစ်မှာ ဖြစ်တယ်။ ကြာလေ သက်သာလေ။ နောက် ပျောက်သွားမယ်။ သုတေသနတွေအရ အသက် ၂ နှစ်ကနေ ၁ဝ နှစ်၊ ပျမ်းမျှ ၅ နှစ်မှာ ပျောက်တယ်။ ပျောက်တဲ့နေရာမှာ မဆိုးတဲ့ အမှတ်အသား ကျန်ရစ်သူလည်းရှိတယ်။

မွေးမွေးချင်းမပေါ်တာလည်းရှိတယ်။ ရက်-လ အနည်းငယ်မှာပေါ်လာတယ်။ ပေါ်စမှာ ပြားလိုက်နေသေးတယ်။ နောက် တချို့မှာ အပေါ်ကိုခုံးတင်လာတယ်။ ပျေားစိစိ၊ ပွစိစိနေတယ်။

ဘာလို့ဖြစ်သလဲ သေချာမသိပါ။ မိန်းကလေးတွေက ပိုဖြစ်တာတွေ့ရတယ်။ လမစေ့ပဲမွေးသူတွေမှာပိုဖြစ်တယ်။

နောက်ဆက်တွဲဖြစ်နိုင်တာတွေက အနာဖြစ်တတ်တယ်။ နာမယ်။ သွေးထွက်မယ်။ ပိုးဝင်မယ်။ သွေးထွက်ရင် တခြား အနာဒဏ်ရာတွေနဲ့မတူပါ။ ကြာကြာဖိပေးထားရတယ်။ ရေခဲကပ်နိုင်တယ်။ မရသေးရင်တော့ ဆရာဝန်ပြပါ။ ပို့ပေးတဲ့ပုံထဲမှာ အမည်းရောင်ဖြစ်နေတာက သွေးထွက်ထားတာလို့ထင်ပါတယ်။ ဒဏ်ရာရလို့ အနာဖြစ်ရင် ရှေးဦးသူနာပြု ပိုးသေဆေးနဲ့ ဆေးထည့်ပါ။ ပိုးဝင်ရင် တချို့မှာ ပိုးသေဆေးလိုမယ်။

ဆေးကုသဘို့ မလိုအပ်ပါ။ မျက်စိအနာမှာလို ကြည့်ရတာအခက်အခဲရှိတာမျိုးသာ ကုသဘို့လိုတယ်။

Beta blocker drug ဘီတာဘလော့ကာဆေးပေးနိုင်တယ်။ Propranolol ဆေးသုံးတာများတယ်။ ဘေးထွက်သက်ရောက်မှု သတိထားရမယ်။ သကြားဝါတ်များနိုင်တယ်။ သွေးတိုးနိုင်တယ်။ ပန်းနာလိုရင်ကျပ်နိုင်တယ်။

Timolol gel လိမ်းနိုင်တယ်။

Corticosteroid ကော်တီကိုစတီရွိုက်ဆေးလည်းသုံးကြတယ်။ ဖြစ်တဲ့နေရာမှာ ထိုးဆေးသုံးနိုင်တယ်။ စားဆေးနဲ့ လိမ်းဆေးလည်းရှိတယ်။ ဘေးထွက်သက်ရောက်မှု သတိထားရမယ်။ ဖွံ့ဖြိုးမှုကို နှေးစေမယ်။

Laser surgery လေဆာနည်းလည်းလုပ်နိုင်တယ်။

Interferon alfa ဆေးနဲ့ topical immune suppressants ခုခံအားနှိမ်ဆေးတွေက စမ်းသပ်သုံးနေတာသာဖြစ်တယ်။

ဆရာ့အမြင် သည်အတိုင်းသာထားသင့်တယ်။ အရပ်ဆေးနည်းတွေ ရှောင်သင့်တယ်။ တချို့က သွေးစုပ်တဲ့အကောင်တွေ ကပ်ကြတယ်။ မသင့်ပါ။ အနာဖြစ်မယ်။ ရောဂါပိုးဝင်နိုင်တယ်။ သွေးထွက်မယ်။ အမာရွတ်ဖြစ်စဉ်ဝင်လာပြီး ရုပ်ဆိုးစေမယ်။

ဒေါက်တာတင့်ဆွေ
၅-၂-၂ဝ၁၇
http://www.mayoclinic.org/diseases-conditions/hemangioma/diagnosis-treatment/treatment/txc-20202405

No comments:

Post a Comment

Note: Only a member of this blog may post a comment.