မြန်မာနိုင်ငံ ကလေးများနေ့

ကွန်မင့်တခု = ဖေဖော်ဝါရီ ၁၃ ကို ကလေးများနေ့လို့ သတ်မှတ်တာ ရှင်းပြပေးပါလား။ ပို့စ်မှာ သိပ်မရှင်းလို့ပါ။

ဖေဖေါ်ဝါရီ (၁၃) ရက်ဟာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တယ်။ အဲဒီနေ့ကို ကမ္ဘာ့ကလေးများနေ့လို့ သတ်မှတ် ကျင်းပခဲ့တာဟာ ၁၉၅၆ ခုနှစ်ကတည်းကဖြစ်တယ်။ အာဏာသိမ်းတော်လှန်ရေးကောင်စီအစိုးရနဲ့ တပါတီ မဆလ ခေတ်မှာရော နဝတ-နအဖ စစ်အစိုးရလက်ထက်မှာ အသိအမှတ်ပြုကျင်းပနိုင်ခြင်း မရှိသလောက်ဖြစ်ခဲ့ရတယ်။

ကမ္ဘာ့ကလေးများနေ့ကို ကုလသမဂ္ဂကနေ နှစ်စဉ်အောက်တိုဘာလ ပဌမတနင်္လာနေ့လို့သတ်မှတ်ထားတယ်။ အဖွဲ့ဝင် နိုင်ငံတွေမှာလည်း ကိုယ်ပိုင်သတ်မှတ်ခွင့်ရှိတယ်။ မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုသတ်မှတ်ဘို့ ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ဆော်သြခဲ့ကြပြီး၊ ကလေးသူငယ်အကျိုးဆောင်အဖွဲ့ချုပ်နဲ့ ပြည်ထောင်စု လူမှုဝန်ထမ်း ကောင်စီတို့က ဆုံးဖြတ်ခဲ့ကြတာဖြစ်သည်။ ၁-၂-၁၉၅၆ နေ့ထုတ် ဟံသာဝတီသတင်းစာမှာ ကမ္ဘာ့ကလေးများနေ့ကို အောက်တိုဘာလ ပဌမတနင်္လာနေ့ကနေ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ပြောင်းလဲလိုက်ကြောင်း အသိပေးခဲ့တယ်။

မေတ္တာရပ်ခံချက်မှာ အဲဒီနေ့မှာ ၁၆ နှစ်အောက် ကလေးသူငယ် ကျားမ မရွေး၊ ဘာသာမရွေးပဲ၊ အခမ်းအနားကျင်းပပေးပြီး သူတို့အခွင့်အရေးကို အသိအမှတ်ပြုဖို့တိုက်တွန်းကြောင်းပါရှိတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မိခင်နှင့်ကလေးများအဖွဲ့ချုပ် အဖွဲ့ဝင်တွေအနေနဲ့လည်း ကူညီဆောင်ရွက်ကြဖို့လည်း မေတ္တာရပ်ခံစာတစောင်ကိုပါ ထုတ်ပြန်တယ်။

ပထမဆုံး ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့ ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ ကျင်းပခဲ့တယ်။ လူမှုဝန်ထမ်းဝန်ကြီး ဦးဘစော၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်မှူးအောင်၊ လူမျိုးစုလွှတ်တော်နာယက စဝ်ရွှေသိုက်၊ မြို့တော်ဝန်ဦးစိန်ဖေ၊ ဝန်ကြီးမန်းဘဆိုင်၊ မြူနီစီပယ်မင်းကြီးဦးထွန်းအုံ၊ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်၊ လူမှုဝန်ထမ်းဌာနအကြီးအကဲတွေနဲ့ ကလေးသူငယ်အဖွဲ့အကြီးအကဲတွေ တက်ရောက်ခဲ့ကြတယ်။

စဝ်ရွှေသိုက်က သဘာပတိမိန့်ခွန်းပြောကြားတယ်။ နိုင်ငံတော်သမတကြီး ဒေါက်တာဘဦးရဲ့သဝဏ်လွှာကို ဝန်ကြီးမန်းဘဆိုင်၊ နိုင်ငံတော်ဝန်ကြီးချုပ်သဝဏ်လွှာကို ဒေါ်ခင်ကြည်တို့က ဖတ်ကြားခဲ့တယ်။ မြို့တော်ဝန် ဦးစိန်ဖေက အမှာစကားပြောတယ်။ ကမ္ဘာ့ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကလေးများ၏အခွင့်အရေးကြေညာစာတမ်းကို ရန်ကုန်မြို့ မြူနီစီပယ် ဉာဏဗလ ကျောင်းက စတုတ္ထတန်းကျောင်းသား မောင်ဗေဒါကဖတ်တယ်။ စာစီစာကုံးရေးပြိုင်ပွဲမှာ ဆုရသူတွေကို ဆုချီးမြှင့်တယ်။ ပျော်ပွဲရွှင်ပွဲတွေလည်း ကျင်းပတယ်။

နှစ်စဉ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံကလေးများနေ့လို့ အများစုကနားလည်လက်ခံနေကြပါတယ်။ ကလေးတိုင်းမှာ အာဇာနည်ဗိုလ်ချုပ်အောင်းဆန်းအိပ်မက် ကိုယ်စီမက်နိုင်ကြစေတဲ့နေ့ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး