Friday, February 24, 2017

Civics ပေါ်လက်တအစ စစ်ဗစ်က

အင်္ဂလိပ်စာလုံးလေးတွေ ထည့်ရေးပါတယ်။ ဆောရီး။ ဒီစာရေးဖြစ်တာ လေးနှစ်ရှိပြီ။

အိန္ဒိယမှာ နိုင်ငံရေးကို စာသင်ကျောင်းကနေစတယ်။ Politics ပေါ်လက်တစ်လို့ မခေါ်သေးဘဲ၊ Civics စစ်ဗစ်ကို သင်ပေးတယ်။ စစ်ဗစ်ဆိုတာ ပညာရှင်တွေက အဓိပ္ပါယ် ဖွင့်ထားတာတွေတော့ရှိတယ်။ ပညာရှင်တွေ၊ ပညာစကားတွေ ပါလာတိုင်းတော့ နေရာတကာမှာ ကောင်းတာမဟုတ်ပါ။ စာမတတ်လဲ နိုင်ငံရေးလုပ်လို့ရတယ် မဟုတ်လား။ ပညာ မတတ်တတတ်တွေလဲ လွှတ်တော်ထဲရောက်နိုင်တယ်။ ဒါက နိုင်ငံအတော်များများမှာ ရှိတာပါ။ မြန်မာပြည်မှာတော့ ပညာတန်ဘိုး မသိသူတွေက အာဏာယူထားစဉ်ကာလ ပညာဆိုတာကို ရစရာမရှိအောင်နှိမ်တယ်။ လက်ဝအြယူအဆကို ကိုယ်လိုသလိုဘာသာပြန်ရာကနေ လွတ်လပ်ရေးမရခင်က ပစ္စည်းမဲ့ဆိုမှ နိုင်ငံရေးလို့ ထင်မှတ်စေခဲ့ရာကနေ (မဆလ) ခေတ်ကြတော့ ပညာမဲ့မှဆိုရှယ်လစ်ဖြစ်ခဲ့ရပြန်တယ်။ ဒိနောက်မှာတော့ ပညာရပ်တခုတည်းသာ တတ်မှတဲ့။ စစ်ပညာတဲ့။ ကျွန်တော်တို့နိုင်ငံမှာ ပညာနဲ့ ဒုက္ခရောက်နေခဲ့တာ ကြာပါပကော။

စစ်ဗစ်ဆိုတာ နိုင်ငံသားတိုင်းအတွက် ရပိုင်ခွင့်တွေနဲ့ ဝတ္တရားတွေအကြောင်း သင်တဲ့ဘာသာရပ်ဖြစ်တယ်။ Rights and Duties လို့လဲရေးပါတယ်။ ပိုသင့်တော်တာက Privileges and Obligations ဖြစ်ပါတယ်။ အခွင့်အရေးမဟုတ်ပါ။ (ပရစ်ဗလေ့ခ်ျ) ရပိုင်ခွင့်များကိုဆိုလိုတယ်။ (ရိုက်) လို့ဆိုလိုက်ရင် ခေတ်ရှေ့ သိပ်ရောက်နေတဲ့ တိုင်းပြည်တွေဆီက အခွင့်အရေးတွေရော၊ ယဉ်ကျေးမှုတွေကိုပါ ကူးချချင်နေကြတာတွေ တွေ့ရတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ၂ဝ၁၃ ကာလ အနေအထားနဲ့ဆိုရင် မအပ်စပ်တာတွေ အများကြီးရှိနေသေးပါတယ်။ အပြင်ကနေ ရတိုင်းမယူကြဘို့ သတိပေးပါရစေ။ ဂျူတီ ဆိုတဲ့တာဝန်လဲမဟုတ်ဘဲ၊ (အော်ဘလီဂေးရှင်း) ဝတ္တရား ဖြစ်ပါတယ်။ (ဂျူတီ) သဘောက လုပ်ကိုလုပ်ရမယ်လို့ အမိန့်စည်းမျဉ်းနဲ့တူပြန်သေးလို့ မအပ်စပ်ပါ။

ဒီပညာရပ်သမိုင်းကို ပြန်လှန်သူတွေက ဂရိက ပလေတိုနဲ့ တရုတ်က ကွန်ဖြူးရှပ်စ်လို့ မှတ်ယူကြတယ်။ စစ်ဗစ်ထဲမှာ နိုင်ငံသားတွေအတွက်တင်မကဘူး နိုင်ငံရေးအသင်းအဖွဲ့တွေနဲ့ အစိုးရအတွက်လဲ ပါတယ်။ တရားမဥပဒေနဲ့ ကိုဓဥပဒေတွေလည်း မိတ်ဆက်ပေးပါတယ်။ အစိုးရလို့ဆိုတာမှာ အစိုးရနဲ့ လူထုကြားဆက်ဆံရေးနဲ့ အုပ်ချုပ်ရေးသာပါပြီး၊ နိုင်ငံတကာအရေး မပါသေးဘူး။ အသေးစားနိုင်ငံရေး ခေါင်းစဉ်အောက်မှာ မြို့ပြစီးပွါးရေး၊ ကျေးလက်စီးပွါးရေး ဆိုတာတွေ၊ လူသူမနေတဲ့ ဒေသသဘာဝ၊ သက်ရှိသက်မဲ့လောကဆိုတာတွေလဲ ထည့်တွက်ရတယ်။ ဒါပေမဲ့ အစွန်းတဖက်ရောက် အာဏာဖြန့်ကျက်ခြင်းအထိတော့ ထောက်ခံတဲ့သူ အင်မတန်နည်းတာ တွေ့ရတယ်။

အစိုးရပိုင်းကို သင်ပေးတဲ့အခါ ရွေးကောက်ပွဲစနစ်၊ ရွေးချယ်နည်းတွေပါမယ်။ မဲပေးစနစ်တွေကို နှိုင်းယှဉ်လေ့လာမှုအပြင် ဓနဥစ္စာဖြန့်ဝေမှုလဲပါတယ်။ နိုင်ငံရေးအာဏာနဲ့ တရားဥပဒေအာဏာတွေကို ခွဲဝေသုံးစွဲနည်းလဲပါတယ်။ ဒီလိုလုပ်ရတာက လူမှုရေးကြုံလှီမှု ဖြစ်မလာစေဘို့ ရည်ရွယ်တာဖြစ်တယ်။ တနည်းပြောရရင် လူထုကလုပ်နိုင်ကိုင်နိုင် စွမ်းတွေ နည်းပါးပြီး၊ အစိုးရက ဒစ်တေတာ နဲ့ သီယိုကရေစီ ဖြစ်လာမှာကိုတားဘို့ဖြစ်ပါတယ်။

စစ်ဗစ်ရဲ့အချုပ်က အစိုးရ၊ နိုင်ငံရေးနဲ့ စီးပွါးရေးတွေကို ဘယ်လိုဘယ်ပုံစီမံမလဲဆိုတာ ဖြစ်ပါတယ်။ ဒီပညာ သင်ထားသူတွေဟာ ကြီမားပြီး တွန်းတွန်းတိုက်တိုက်လုပ်တဲ့ အစိုးရမျိုးနဲ့ ခပ်သေးသေးနဲ့ ကန့်သတ်မှုရှိတဲ့ အစိုးရမျိုးမှာ ဘယ်ဟာနဲ့ သင့်တော်သလဲဆိုတာကို ကောင်းကောင်းအကဲဖြတ်နိုင်ကြပါမယ်။ နောက်ပြီး နိုင်ငံကိုထူထောင်ခဲ့သူ တိုင်းပြည်ဖခင်လို ခေါင်းဆောင်တွေက ဘာဖြစ်စေချင်ခဲ့သလဲဆိုတာကိုပါ မမေ့စေဘူး။ ပေါ်ပေါက်လာမဲ့ (အစ်ရှူး) တိုင်းမှာလည်း အကောင်းဆုံးကို ရွေးချယ်တတ်စေမယ်။

သတိမူဘို့ကောင်းတဲ့တချက်က ဒီလိုစနစ်တကျလုပ်ခြင်းဟာ ပဋိညာဉ်နဲ့အညီ၊ စည်းမျဉ်းနဲ့အညီ၊ နိုင်ငံရေးစနစ်နဲ့အညီ၊ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရမင်းအတွက် အာဏာပါဝါအာဏာဆိုတာ ရလာစေဘို့ မဟုတ်ပါ။ ဘယ်နည်း ဘယ်ပုံ ရွေးချယ်မှုပြုသလဲ၊ ဘာတွေကိုလိုက်နာရမလဲ၊ ဘယ်လိုကျင့်သုံးရမလဲဆိုတဲ့ ပြဋ္ဌာန်းချက်တွေသာဖြစ်ပါတယ်။ ဒီမိုကရေစီမှာ အာဏာရတိုင်း လက်မ မထောင်ရသလို မရသေးသူကလဲ ဝမ်းနည်းပက်လက်မဖြစ်ရပါ။ အဲလို ဖြစ်နေရသေးရင် ဒီမိုကရေစီမဟုတ်ဘူး။ ကနေ့ကာလက ဒီအဆင့်မှာသာရှိပါသေးတယ်။

အိန္ဒိယစာသင်ကျောင်းတွေမှာ အလယ်တန်းကတည်းက စစ်ဗစ်သင်ရပြီ။ နိုင်ငံရေးပါတီတခုကို ဘယ်လိုထောင်မလဲ။ ရွေးကောက်ပွဲ (ကင့်ပိန်း) ဘယ်လိုလုပ်မလည်းစတာတွေဟာ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေရဲ့ (အဆိုင်းမင့်) ခေါ်တဲ့ ကိုယ်ပိုင်အိမ်စာ ဖြစ်ပါတယ်။

၂၁ ရာစုထဲမှာ အယူအဆတခု တင်လာတာရှိတယ်။ တကမ္ဘာလုံးအတွက် စစ်ဗစ်တဲ့။ ဘယ်အရာမှာမဆို အမြင်မတူတာ ရှိစမြဲပါ။ စစ်ဗစ်ကို သင်စရာမလိုဆိုသူတွေလဲ ရှိတာဘဲ။ အရစ္စတိုတယ်ကလည်း ဘာမဆိုလုပ်ကြည့်ပြီးမှ သင်္ခန်းစာယူရမယ်တဲ့။

ဒါပေမဲ့ဗျာ မြန်မာပြည်မှာ တပါတီစနစ်လုပ်ကြည့်တာ ၂၆ နှစ်ကြာ နာခဲ့ပြီးပြီ။ စစ်အုပ်ချုပ်ရေးလုပ်ခဲ့တာလဲ အနှစ်နှစ်ဆယ် ကျော်ကြာတော့ အတော်ကိုနာခဲ့တယ်။ အခုလဲ တဝက်တပျက် ဒီမိုကရေစီ စမ်းနေပြန်ပြီ။ ကျွန်တော်အမြင်ကတော့ စစ်ဗစ်ကိုသင်ပါ။ ဖတ်ပါ။ လုပ်ပါ။ ဒါမှ လူတိုင်း ပေါ်လက်တလုပ်တတ်လာကြမယ်။ သမိုင်းကို မအအောင်သင်ရတယ် ဆိုသလို၊ စစ်ဗစ်မတတ်ရင် လည်မျိုညှစ်ခံရမယ်လို့ ပြောပါရစေ။ စစ်ကျွန်ဖြစ်နေကြရတယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...