Mucous cyst လျှာအောက်ကအိတ်

မင်္ဂလာပါဆရာရှင့်။ ကျွန်မ ရန်ကုန်ကပါ။ သမီးလေးက ၆ နှစ် ၇ လပါ။ သမီးလေး လျှာအောက်မှာ အသီးတခု ဖြစ်လာပါတယ်။ တလကျော်ပါပြီ။ နီပြီးကြီးလာလိုက် ဖြူပြီးသေးသွားလိုက်နဲ့ နာတယ်လို့လဲပြောပါတယ်ဆရာ။ ကျွန်မ စိတ်ပူသောကဖြစ်နေရပါတယ်။ အမေတို့က အပူထင်တယ်ပြောလို့ စီဗစ်နဲ့ ဘီတူး တိုက်ပါတယ်။ မသက်သာပါဘူး ဆရာရှင့်။ ဘာလုပ်သင့်သလဲ ဘာဖြစ်နိုင်မလဲဆရာ။ အကြံပေးရှင်းပြပေးနိုင်မလားရှင့်။

ပုံက သိပ်မရှင်းပါ။ ဖြစ်တာက နီတဲ့ရောလား ပြာတဲ့နေရာလား မသိပါ။ နာရင် ပါရာစီတမောက် တခြမ်း၊ တနေ့ ၂-၃ ကြိမ်သောက်နိုင်။ ဆား + ရေနွေးနဲ့ ပါးစပ်ဆေးပါ။ လိုသေးရင် ပိုးသေဆေး Ampicillin 250 mg တနေ့ ၂ ကြိမ်၊ ၅ ရက်တိုက်ရင် ဗက်တီးရီးယား သေးမယ်။

ဆရာရှင့် နီတဲ့အပိုင်းလို့ ယူဆမိပါတယ် ဂျွိုင်းဆက် အတန်းလေးရဲ့အထက်ပါ။ ကျေးဇူးအထူးတင်ပါတယ်။

ပါးစပ်ထဲ လျှာအောက်မှာ အရည်အိတ် အသီးလေးဖြစ်တာကို Mucous cyst လို့ခေါ်တယ်။ Mucocele လို့လည်းခေါ်တယ်။ အိတ်ကလေးဖြစ်တယ်။ အထဲမှာ အရည်ပါတယ်။ နှုတ်ခမ်းမှာလည်း ဖြစ်နိုင်တယ်။ တံတွေးထွက်အိတ်ကနေ ဖြစ်တာပါ။ ထွက်လမ်းပိတ်ရာကနေ အိတ်ဖြစ်လာတာ။  အများအားဖြင့် ယာယီသာဖြစ်ပြီး မနာပါ။ အသက် ၁ဝ-၂၅ ကြား အဖြစ်များတယ်။ ယောက်ျားလေး မိန်းကလေး ဆတူဖြစ်တယ်။

ထိခိုက်မိရာကနေ ဆက်ဖြစ်တတ်တယ်။ နှုတ်ခမ်းကိုတဲ့အကျင့်နေဖြစ်နိုင်တယ်။ အလှအပကွင်း တပ်ရာကနေလည်း ဖြစ်နိုင်တယ်။ သွားမကောင်းရာကနေလည်းဖြစ်နိုင်တယ်။ ခံတွင်းသန့်ရှင်းရေး အားနည်းလို့လည်းဖြစ်တယ်။ သွားတိုက်ဆေး အဆင်မပြေလို့လည်း ဖြစ်နိုင်တယ်။ ဖြစ်စေတတ်တာတွေမှာ ပါနေရင် ပြင်ပါ။

ဘာမှမခံစားရတာရှိတယ်။ နီရဲလာနိုင်တယ်။ ပြာနိုင်တယ်။ ခပ်ဝိုင်းဝိုင်းအိတ်ကလေးဖြစ်တယ်။ ၁ စင်တီမီတာကနေ ၃ စင်တီမီတာခွဲရှိတယ်။ ပျော့တယ်။ နူးညံ့တယ်။ တခါတလေ နာမယ်။

တချို့ကို ဆေးကုသဘို့မလိုပါ။ ဖြစ်လိုက်ပျောက်လိုက်ဆိုရင် ဆေးကုရမယ်။
Laser therapy လေဆာနည်း၊
Cryotherapy အေးခဲနည်း၊
Corticosteroid injection အိတ်ထဲကို စတီရွိုက်ထိုးဆေးထိုးနည်း၊
Surgical removal ခွဲစိတ်နည်းတွေရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး