Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း

၁။ ဆရာ သမီးအသက်က ၃၁ ပါ။ အိမ်ထောင်ကျတာ ၅ နှစ်ရှိပြီ။ သားသမီးလိုချင်လို့ပါ။ ဆေးလည်းစစ်ပြီးပါပြီ။ အမျိုးသားက ခရီးသွားတာ ပြန်လာခါနီးပါပြီ။ သားအိမ် အားကောင်းဆေး သောက်ချင်လို့ ဘာဆေးသောက်ရမလဲ လမ်းညွှန်ပေးပါ။ ကျေးဇူးတင်ပါတယ် ဆရာ။

၂။ သမီးတနေ့က စာစောင်တခုမှာ ဖတ်လိုက်ရတာက ညံဖျင်းတဲ့ အစားအစာရယ် အရက်ရယ် အဝလွန်ခြင်းရယ်က အမျိုးသား-အမျိုးသမီးတွေကို ကလေးမရစေဘူးလို့ သိရပါတယ်။ အဲဒီ ညံဖျင်းတဲ့ အစားအစာဆိုတာ ဘယ်လိုဟာကို ပြောတာပါလဲ မသိလို့ပါဆရာ။

အမေရိကားမှာ ကလေးမရသေးတဲ့ စုံတွဲ ၆ သန်းလောက်ရှိနေတယ်။ ကျွန်တော်တို့နိုင်ငံမှာ စာရင်းမရှိသေးပါ။ ကလေးမရနိုင်သေးတဲ့အကြောင်း စာတွေရေးပြီးပါပြီ။ အစားအစာနဲ့ ကလေးမရသေးတာဘာဆိုင်သလဲ။ အဆီ-ကာဗွန်ဟိုက်ဒရိတ်နဲ့ သိပ္ပံနည်းကျ ကိုယ်ဝန်ရခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ လေ့လာချက်တခု ၂ဝဝ၇ ဒီဇင်္ဘာမှာ ထွက်ထားပါတယ်။

အသက် ၃ဝ အောက် မိန်းကလေးတွေထဲက ကလေးမရနိုင်သေးတဲ့ပြဿနာဟာ ၁ဝ% ထက်နည်းတယ်။ အသက် ၃ဝ ကျော်ရင် ဒီလိုဖြစ်တာ ၃ဝ% အထိရှိလာတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေ အထူးသဖြင့် ကနေ့ကာလမှာ အဖြစ်ပိုလာတဲ့ (ကလာမိုင်ဒီယား) နဲ့ (ဂနိုရီးယား) ရောဂါတွေကြောင့် ကလေးမရမှာ ဖြစ်စေနိုင်တယ်။ ကပ်ရောဂါလိုဖြစ်လာနေတဲ့ လူအဝလွန်တာနဲ့ ဆီးချိုရောဂါတွေကလဲ အကြောင်းတရားတွေထဲမှာ ပါတယ်။ သဘာဝပတ်ဝန်းကျင် အချက်အလက်တွေထဲက တချို့ ပိုးသတ်ဆေးတွေဟာ ဟော်မုန်းထွက်မှာကို သက်ရောက်စေတယ်။ ပလပ်စတ မီးရှို့လို့ ထွက်တဲ့ အနံ့အသက် တွေကနေလဲ ယောက်ျားကိုရော မိန်မကိုသာ ကလေးမရစေတာ ဖြစ်နိုင်သေးတယ်။ စိတ်ဖိအား များတာနဲ့ စိုးရိမ်စိတ်ကဲတာတွေကလဲ ဖြစ်စေနိုင်သေးပြန်ပါတယ်။ အာဟာရ၊ လေ့ကျင့်ခန်း နဲ့ လူနေမှုပုံစံတွေဟာ အသဲ၊ နှလုံး၊ ကင်ဆာ၊ စတာတွေကို ဖြစ်စေနိုင်တာတွေထဲမှာ ပါတယ်။

အစားအစာကို ဒီစာရင်းထဲမှာ ထည့်မလားမေးရင် ဖြစ်နိုင်စရာရှိပါမယ်လို့ဖြေပါမယ်။ ဒီအဖြေက ဆရာဝန်ဆီက မဟုတ်ဘဲ အတွေ့အကြုံရ မိန်းမကြေီးတွေကနေပြောလို့ သတ်မှတ်နိုင်ပါတယ်။ သုတေသနတွေ မများသေးပါ။ ဒါ့ကြောင့် အမျိုးသမီးပေါင်း ၁၈ဝဝဝ ကို လေ့လာမှုပြုပါတယ်။ အစားအစာနဲ့ နှလုံးရောဂါ၊ ကင်ဆာနဲ့ တခြား နာတာရှည်ရောဂါတွေ ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်းက ကျမ ကလေးရချင်နေတယ်လို့လဲ ပြောကြတယ်။ ၆ ယောက်မှာ ၁ ယောက်မှာ ကလေးမရတာ ဖြစ်တယ်။ ၈ နှစ်အကြာမှာ သူတို့ထဲက အတော်များများ ကလေးရသွားကြတယ်။ အဲဒီထဲမှာ ရာပေါင်းများစွာဟာ Ovulatory infertility မ-မျိုးဥထွက်ပေမဲ့ ကလေးမရကြဘူး။ ကလေးမရသေးသူတွေနဲ့ ရသွားသူတွေ အကြား ခြားနားတာတွေကတော့ အစားအသောက်၊ လေ့ကျင့်ခန်း နဲ့ လူနေမှုပုံစံတွေ ဖြစ်နေတယ်။

ဒါတွေကနေ ကောက်ချက်တွေဆွဲပြီး ကလေးရနည်းဗျူဟာဆိုတာ ထွက်လာတယ်။ ဒါက မ-မျိုးဥ ထွက်ပေမဲ့ ကလေး မရသေးသူတွေအတွက်သာ အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီအားနည်းချက်ကြောင့်ကလေးမရတာက လေးပုံတပုံ မက ရှိပါတယ်။ တခြားအကြောင်းတွေ ဥပမာ သားအိမ်ပြွန်ပိတ်နေသူတွေကိုတော့ အထောက်အကူ မရစေနိုင်ပါ။ နောက်ပြီး အခုလေ့လာမှုကနေ အမျိုးသမီးတွေရဲ့ အဖေါ်-ခင်ပွန်းတွေကိုတော့ ဆန်းစစ်မှု မလုပ်ခဲ့ပါ။

ကာဗွန်ဟိုက်ဒရိတ်ကို လျှော့စားပါ
လူတိုင်း နေ့တိုင်း မစားဘဲမနေတဲ့ အစားအစာအမျိုးအစားဖြစ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်းတွေကနေ ချက်တဲ့-လုပ်တဲ့ ထမင်း၊ ပေါင်မုံ့၊ ရိုတီး၊ ခေါက်ဆွဲ ဆိုတာမျိုးတွေကို (ကာဗွန်ဟိုက်ဒရိတ်) အစာလို့ခေါ်တယ်။ ဒါမျိုးစားရင် (ကလိုရီ) ရစေမယ်။ အား (အင်နာဂျီ) ဖြစ်စေမယ်။ သွားနိုင်လာနိုင်၊ ခုန်နိုင်ပြေးနိုင်စတာတွေ လုပ်စေနိုင်တယ်။ လူတယောက်တနေ့တာ လိုအပ်တဲ့ (ကလိုရီ) တဝက်မကဟာ ဒါကနေရတယ်။ (ကာဗွန်ဟိုက်ဒရိတ်) ဆိုတိုင်း အတူတူမဟုတ်ပါ။ ပေါင်မုံ့ဖြူ၊ အာလူး၊ ဆိုဒါပါ အချိုရည်တွေက သိပ်မြန်မြန် ကလိုရီရစေလို့ ပိုဆိုးစေမယ်။ (ကယ်လိုရီ) ကို ဖြေးဖြေးလေးသာ ရစေတဲ့ အစာတွေမှာ (ဖိုင်ဘာ) ပါတယ်။ ပိုကောင်းတယ်။ တခြား အစာအမျိုးအစားတွေထက် (ကာဗွန်ဟိုက်ဒရိတ်) ကနေ သွေးထဲက သကြားဓါတ်နဲ့ (အင်စူလင်) အခြေအနေကို သက်ရောက်စေတယ်။ (အင်စူလင်) ဆိုတာ သွေးထဲက သကြားဓါတ်ကို ထိန်းပေးတဲ့ ဟော်မုန်းဖြစ်တယ်။ ဒါတွေသိပ်များနေရင် မျိုးပွါးကိစ္စတွေအတွက်လိုအပ်တဲ့ ဟော်မုန်းတွေကို ထိခိုက်စေတယ်။ မ-မျိုးဥ ထွက်မှာကို တားမယ်။

ဒါပေမဲ့ (ကာဗွန်ဟိုက်ဒရိတ်) ပမာဏနဲ့ မ-မျိုးဥထွက်ပေမဲ့ ကလေးမရနိုင်တာ တိုက်ရိုက်ဆက်စပ်မှု မရှိပါ။ ဆိုလိုတာက စားတဲ့ (ကာဗွန်ဟိုက်ဒရိတ်) အမျိုးအစားသည်သာ ကလေးမရမှာကို သက်ရောက်စေနိုင်ပါတယ်။ တိတိကျကျ ပြောရရင် (ကာဗွန်ဟိုက်ဒရိတ်) များတယ် နည်းတယ် ဆိုတာထက် သွေးထဲမှာသကြားဓါတ်များအောင် ဘယ်ဟာကနေ မြန်မြန် လုပ်ပေးသလဲ။ Glycemic load လို့ခေါ်တယ်။ သူများနေရင် သကြားဓါတ် တက်မယ်။ အဲလိုများနေသူ အမျိုးသမီးတွေ ထဲက ၉၂% မှာ မ-မျိုးဥထွက်ပေမဲ့ ကလေးမရတာ ဖြစ်စေနိုင်တယ်။

မျိုးပွါးလမ်းလဲ ပိတ်မနေ၊ မ-မျိုးဥလဲထွက်ပြီး ကလေးရဘို့ဟာ အသက်၊ ဆေးလိပ်၊ တိရစ္ဆာန်ကရတဲ့အဆီ၊ အပင်တွေကရတဲ့ (ပရိုတင်း)၊ စတဲ့ အချက်တွေအပေါ် မူတည်တယ်။ လေ့လာမှုအရ ကောက်ချက်ချလို့ရတာကတော့ မနက်စာစာတဲ့ အစေ့အဆံတွေ၊ ဆန်ဖြူ နဲ့ အာလူးတွေက (ကာဗွန်ဟိုက်ဒရိတ်) အမြန်စားတွေ ဖြစ်လို့ မ-မျိုးဥ ထွက်ပါလျှက်နဲ့ ကလေးမရစေတာကို သက်ရောက်စေတယ်။ မတူတဲ့ (ကာဗွန်ဟိုက်ဒရိတ်) အနှေးစားတွေ ဖြစ်တဲ့ ဆန်လုံးညို၊ (ပါစတာ) အီတလီခေါက်ဆွဲလိုအစာတွေနဲ့ ပေါင်မုံ့ညိုတွေစားသူတွေက ကလေးရဘို့ အခွင့်အလမ်း သာကြတယ်။ အရောင်သိပ်ချွတ်မထားတဲ့ အနှံ၊ ပဲသီး၊ ဟင်းသီးဟင်ရွက်၊ အသီးတွေက ကောင်းစေတယ်။

မျှတတဲ့အစာ
Trans fats ခေါ်တဲ့ အဆီအတုဟာ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အချက်ထဲမှာ မ-မျိုးဥ ထွက်စေတာနဲ့ သန္ဓေ တည်နိုင်တာကိုလဲ သက်ရောက်မှုရှိတယ်။ မပြည့်ဝဆီဆိုတာက ကောင်းတယ်။ ကိုယ်ထဲမှာ (အနာဂျီ) အတွက် အဆီပိုတွေ သိုလှောင်ထားတာဟာ မျိုးပွါးမှုကို သက်ရောက်စေတယ်။ နည်းလွန်းရင် ရာသီလာဘို့၊ မျိုးဥထွက်ဘို့နဲ့ ကိုယ်ဝန် ဆက်တည်ဘို့ကိုပါ အခွင့်နည်းစေတယ်။ ဒါ့အပြင် သိုလှောင်ထားတာ သိပ်များနေပြန်ရင်လဲ သန္ဓေရဘို့ ခက်တယ်။ (ထရန့်ဆီ) အကြောင်း ရေးထားပါတယ်။ အသေအခြာ မပြောနိုင်တာက အစာအာဟာရနဲ့ ကလေးရလမ်း ဆက်စပ်မှုကို သုတေသနလုပ်တာ အလွန်မတန် နည်းသေးတယ်။ အခုလေ့လာမှုမှာ အမျိုးသမီးပေါင်း ၁၈၅၅၅ ယောက်ကိုလေ့လာတော့ (ကိုလက်စထော)၊ Saturated fat, Monounsaturated fat အဆီတွေ များတာနဲ့ ကလေးမရတာ ဆက်စပ်မှုမရှိတာတွေ့ရတယ်။ (ထရန့်ဆီ) ကတော့ ပြောင်းပြန်အကျိုးသက်ရောက်တာ မှန်တယ်။

ပရိုတင်း
အသားတွေ ငါးတွေကနေရတဲ့ ပရိုတင်းထက် ပဲသီးကနေရတာက ပိုကောင်းတယ်။ လေ့လာမှုပြုတဲ့ အမျိုးသမီးတွေမှာ တနေ့တာ ပရိုတင်း အများဆုံးစားတာက ၁၁၅ ဂရမ်၊ အနည်းဆုံးက ၇၇ ဂရမ်။ များများစားသူတွေမှာ နည်းနည်း စားသူတွေထက် ကလေးရလမ်း ၄၁% ပိုတယ်။ တိရစ္ဆာန်ပရိုတင်းနဲ့ အသီအနှံ-ပရိုတင်းကိုခွဲခြားလေ့လာတဲ့အခါ ၃၉% သာ ပိုတော့တာ တွေ့ရတယ်။ (ကလိုရီ) အရေအတွက်ကို မပိုစေဘဲ၊ ပရိုတင်းထပ်ထည့်ပေးရင် ကလေးရစရာလမ်း ၃ ပုံ ၁ ပုံ တက်လာတယ်။ သတိထားဘို့က တမျိုးပိုစားချင်ရင် စားနေကျထဲက တမျိုးကို လျှော့ရလိမ့်မယ်။ နောက်ပြီး တိရစ္ဆာန်က ရတဲ့ (ပရိုတင်း) ဟာ (ကာဗွန်ဟိုက်ဒရိတ်) ထက် ဆိုးတယ်။ အသီးအနှံကနေရတဲ့ (ပရိုတင်း) က (ကာဗွန်ဟိုက်ဒရိတ်) ထက် ကောင်းစေတယ်။

နို့နဲ့ နို့ထွက်အစာတွေ
အထွေထွေ ကျန်းမာရေး အတိအကျဆိုရရင် နှလုံးေ-သွးကြော ကျန်းမာရေးအတွက် မစားသင့်တဲ့ အစာအမျိုးအစားက ကလေးရဘို့အတွက်မှာ အထောက်အကူပြုစေတယ်။ ပြုပြင်မထားတဲ့ နွားနို့ အဆီ ထုတ်မထားတဲ့ (ရောဂတ်) ဒိန်ချဉ်၊ ထောပန်၊ ဒိန်ခဲ၊ (အိုက်စ်-ခရင်မ်) တွေကို ပြောတာဖြစ်ပါတယ်။ သတိမလွတ်ဘို့ကတော့ တနေ့တာ (ကလိုရီ) လိုအပ်ချက် ထက် မပိုစေဘို့ပါဘဲ။

ကိုယ်အလေးချိန်
သိပ်ဝတာလဲ မကောင်း၊ သိပ်ပိန်တာလဲ မကောင်းပါ။ လူတဖက်သားကို ဆွဲဆောင်ဘို့သမက မ-မျိုးဥထွက်မျာကို တားဆီး နိုင်သေးပါတယ်။ ကလေးပျက်ကျမှာလဲ ပိုဖြစ်တတ်တယ်။ ကိုယ်ဝန်ရပြန်ရင်လဲ ဆက်ဖြစ်နိုင်တာတွေ များမယ်။ လူအဝ-အပိန်ကို Body Mass Indexes (BMI) နဲ့တိုင်းတာတယ်။ ၂ဝ ကနေ ၂၄ ဆိုရင် ကလေးရဘို့ကောင်းတယ်။ စံပြ ဆိုတာ ၂၁ ဖြစ်တယ်။ ၂ဝဝ၆ ခုနှစ်မှာ အမေရိကန်လယ်သမားလင်မယား ၂ဝဝဝ ကိုလေ့လာတဲ့အခါ BMI များသူတွေမှာ ကလေး ရလမ်း နည်းကြတာတွေ့ရတယ်။

ဘယ်လိုစားသောက်မလဲ
အစာအာဟာရ အလွန်အရေးပါတယ်။ ကျန်းမာရေးကောင်းဘို့အထဲမှာ ကလေးရစေဘို့လဲ ပါတယ်။ Antioxidants တွေကနေ မ-မျိုးဥ နဲ့ သုက်ပိုးကို အကာကွယ်ပေးမယ်။ သဘာဝကနေ ရတာကို ပြောတာ ဖြစ်တယ်။ သဘာဝကရတဲ့ မျိုးပွါးအားပေး အစာတွေကနေ ကိုယ်ခန္ဓာက လုပ်ရမှာမှန်သမျှ ကောင်းကောင်း လုပ်စေမယ်။ ဟော်မုန်းတွေ မျှတစေမယ်။ ကိုယ်ဝန်ရစေမယ်။ ကိုယ်ဝန်ပျက်မကျစေဘဲ၊ ရနေတဲ့ကိုယ်ဝန် ကျန်းမာစေမယ်။ (အော်ဂဲနစ်) အစားအသောက်တွေကိုစားပါ။ (အော်ဂဲနစ်) စားကျက်မြေမှာမွေးတဲ့ အကောင်တွေကနေရတဲ့ နို့ နဲ့ နို့ထွက်အစာတွေစားပါ။ ရေအေးမှာမွေးတဲ့ငါးစားပါ။ (အော်ဂဲနစ်) စားကျက်မြေမှာမွေးတဲ့ အကောင်တွေကနေရတဲ့ အသားစားပါ။ အရောင်ချွတ်မထားတဲ့ အစေ့အဆံတွေကို သဘာဝအတိုင်း စားပါ။ အနပ်တိုင်းမှာ (ဖိုင်ဘာ) ပါတာစားပါ။ ပဲပုတ်ကို အစိုသာစားပါ။ သကြားဖြူရှောင်ပါ။ အချိုရည်တွေပိုရှောင်ပါ။ ရေများများသောက်ပါ။

လေ့ကျင့်ခန်း
မွေးကတည်းက ပြေးနေရတယ်ဆိုတဲ့စကား တခြားနိုင်ငံတွေမှာ ရှိတယ်။ ဆေးပညာအရ ပြောရရင်လဲ မှန်နေတယ်။ ပြေးလွှားနေရင် (အင်စူလင်) ကို တုံ့ပြန်မှု ကောင်းမယ်။ သကြားဓါတ် နည်းစေမယ်။ မျိုးဥထွက်မှာ နဲ့ သန္ဓေတည်မှာကို ကောင်းစေမယ်။ လူကောင်ကြီးရင် (BMI 25 ကျော်ရင်) ပိုလုပ်ပါ။ လူကောင်သေးရင် (BMI 19 အောက်) ဆိုရင် အသင့်အတင့်သာ လုပ်ပါ။ မလုပ်ဘဲတော့ မနေပါနဲ့။ လုပ်တိုင်းလဲ ကလေးရမယ်ဆော့ ဆရာဝန်က မပြောချင်ပါ။ ဒေါ်ဝတွေရော မပိန်တွေပါ လာမွေးနေကြလို့။

Dr. တင့်ဆွေ
၂၂-၂-၂ဝ၁၄
၂၂-၂-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)