Baby Delivery Lesson ကလေး ဖွားခြင်း အကျဉ်း

ဆရာရှင့် မင်္ဂလာပါ။ ကျွန်မက ဒီလထဲမှာ ကလေးမွေးဖို့ ဂျူးဒိတ်ရထားပါတယ်။ ဒါပေမဲ့ ရိုးရိုးမွေးမှာဆိုတော့ အတိအကျ တွက်ထားလို့မရတော့ဘူးပေါ့နော်။ ၁၇ ရက်နေ့ ဝန်းကျင်လို့ ပြောထားပါတယ်ရှင်။ အခုက သားဦးဆိုတော့ အတွေ့အကြုံလည်းမရှိလို့ ဆရာ့ကိုအားကိုးပြီး မေးချင်လို့ပါ။ ကလေးမွေးတော့မှာမို့ ဗိုက်နာတယ်ဆိုတာ ဘယ်လိုမျိုး နာတာလဲရှင်။ ဘယ်လိုနာရင် ဆေးရုံ သွားသင့်ပြီလဲရှင်။ ပြီးတော့ ကလေးက သူထွက်လာရမဲ့ အချိန်မှာ ဗိုက်မနာပဲဖြစ်နေတတ်တာမျိုးရော ရှိပါသလားဆရာ၊ ဖြေပေးပါအုန်းနော်ဆရာ။

ကလေးမွေးဘို့ ဗိုက်နာတာက ထူးခြားတယ်။ တခြားနာတာတွေနဲ့ မတူပါ။ နာလိုက် ပျောက်လိုက်ဖြစ်တယ်။ အစမှာ နာချိန် တိုပြီး မနာချိန် ရှည်တယ်။ ကြာလာလေလေ ပြောင်းပြန်ဖြစ်မယ်။ အနာကိုတိုင်းတာမှုလုပ်ရင် အစမှာ နာတာက နည်းပြီး၊ ရယ်မောစရာစကားတွေ ပြောနိုင်တယ်။ ကြာလာလေလေ ပိုပိုနာလေလေ။ အော်ဟစ်မယ်။ ဆောရီး။ တယောက်နဲ့ တယောက် အတော်မတူပါ။ တချို့က ကဲတယ်။ ဆဲတယ်။ တကယ်နာ မနာကို ဗိုက်ပေါ်မှာ လက်ဝါးတင်ပြီး စမ်းလို့ရတယ်။ သားအိမ်ကြွက်သားတွေက ညှစ်လို့နာတာ။ လက်မှာ တင်းအားဖြစ်လာတာကို သိတယ်။ ယမုန်နာဆေးခန်းလေးမှာ ၃၄၉ ယောက်ကိုမွေးပေးခဲ့စဉ်က လေ့လာဆန်းစစ်မှုလုပ်ထားတယ်။ ကြုံမှ ရေးမယ်။ ဆေးခန်းဆရာတွေကို သင်ပေးဘို့ ရေးထားလို့ ဒီစာမှာ စကားပြောဟန်နဲ့ မရေးခဲ့ပါ။

မွေးဖွားပုံအဆင့် (၃) ဆင့်
ပဌမအဆင့်
အမွေးသင်ခြင်း။ သားဦးမိခင်များသည် အမှန်တကယ် မမွေးမီ မွေးချင်သလို ဗိုက်နာတတ်သည်။ ဗိုက်ပေါ်တွင် လက်တင်ထားလျက် သားအိမ်ညှစ်လာလျင် တင်းလာမှ တကယ် ဗိုက်နာခြင်းဖြစ်သည်။ ဗိုက်စတင်နာသည်မှ သားအိမ်အဝ လုံးဝကျယ်သည်အထိ ပဌမအဆင့်ဖြစ်သည်။ ဗိုက်သည် စနာလျင် နာလိုက် ရပ်လိုက်ဖြစ်သည်။ ထို့နောက် တိုး၍တိုး၍ နာလာမည်။ နာချိန်ကြာ၍ နားချိန်တိုလာမည်။ ပိုနာလာရမည်။ ဝမ်းခြူပေးပါ။ သားအိမ် နှုတ်ခမ်းသည် ပျော့လာမည်၊ ပါးလာမည်။ တိုလာမည်၊ ကျယ်လာမည်။ ဦးခေါင်း အောက်ဆင်းလာမည်။ မိခင်က ညှစ်ချင်လာမည်။ သားဦးမှာ ၁၂-၁၆ နာရီ၊ နောက်ကလေး ၆-၈ နာရီ ကြာတတ်သည်။ ကလေးခေါင်းက မိခင်၏အ စာဟောင်းအိမ်ကို ဖိတိုးသောကြောင့် ဝမ်းသွားချင်စိတ် ဖြစ်လာမည်။ ရေမြွှာပေါက်မည်။ (ရှိုး) ခေါ် အကျိအချွဲ နှင့် သွေးရော၍ဆင်းမည်။ လိုအပ်လျင် ဆီးခြူပေးပါ။

အချိန်စော၍ ရေမြွှာပေါက်ခြင်း ၁ဝ%သော မွေးလူနာများတွင် ဖြစ်တတ်သည်။ ရေမြွှာရည်များ ဆင်းလာမည်။ တစိမ့်စိမ့် ဆင်းနိုင်သည်။ အများအပြား ဆင်းနိုင်သည်။ ပန်းထွက်သလိုလည်း ထွက်နိုင်သည်။ ရေမြွှာပေါက်ပြီးတော်တော်နှင့် ကလေးမမွေးပါက ရောဂါပိုးဝင်မည်။ ပဋိဇီဝဆေး ပေးရမည်။

ဒုတိယအဆင့်
သားအိမ်အဝ (၁ဝ စင်တီမီတာ) အပြည့်ကျယ်လာပြီးနောက် ကလေးမွေးပြီးသည်အထိ။ မိခင်က ညှစ်ချင်လာမှသာ ဒုတိယ အဆင့်ကို စနိုင်သည်။ သားအိမ် ကြွက်သားများက ညှစ်ခြင်းကြောင့် ကလေးသည် မွေးလမ်းကြောင်းထဲ ဆင်းလာသည်။ ခေါင်းသည် မေးနှင့်ရင်ဘတ် ထိနေအောင် ငိုက်လာရ မည်။ တဖက်ဖက် စောင်းနေခဲ့ရာမှ တည့်လာမည်။ မွေးကာနီး ရေမြွှာ ပေါက်မည်။ ရေမြွှာ မပေါက်သေးဘဲ၊ ကလေးခေါင်းထွက်မှ ပေါက်တတ် သည်လည်းရှိသည်။ ရေမြွှာရည်ကို စစ်ပါ။ ကလေးဦးခေါင်းသည် မိခင်၏ မွေးလမ်းအပေါက်မှ စထွက်ပြူလာသည်ကို သရဖူဆောင်းသည်ဟု ခေါ်သည်။ မွေးလမ်းအဝတဝှိုက် ရေနွေးဝတ်ဖြင့်ကပ်ပေးပါ။ ဝမ်းထွက်လာလျင် သန့်ရှင်းပေးပါ။

မိခင်ကို အားပေးပါ။ ဗိုက်မနာချိန်မှာ ရေ-အရည် အသောက်ခိုင်းပါ။ Labourade recipe မိခင်လောင်းအား ပေးသင့်သည့် ဖျော်ရည် = ပျားရည် ၁/၄ ခွက်၊ ဆား ၁/၂ ဇွန်း။ သံပုရာရည် ၁/၃ ခွက်၊ (ကယ်လ်စီယံ) နှင့် (မဂ္ဂနီဆီယန်) ၁ ပြားစီ။ ရေအေး ၁ လီတာ။ အသက်ကောင်းကောင်း ရှူရန်ပြောပါ။

ခေါင်းပြူလာလျင် ဆရာမလက်က ထွက်လာနေသည့် ကလေး၏ ဦးခေါင်းထိပ်ကို အောက်ဖက်ဆီသို့ ဖိပေးပြီး၊ နောက်တဖက်က မိခင်၏မွေးလမ်းအဝ အောက်ပိုင်းနေရာကို ကလေးဦးခေါင်းအား နောက်-အထက်ဆီသို့ တွန်းတင်ပေးပါ။ ခေါင်းစွပ်ချွတ်ပေးသလို ဖြစ်စေရမည်။ ကလေးဦးခေါင်းသည် မိခင်၏ မွေးလမ်းအဝမှ ရေပြင်ညီ တန်းတန်းထွက်လာသည် မဟုတ်။ အောက်ဆီသို့ ဦးတည်ပြီး မွေးလာသည်။ မွေးလမ်းကြောင်းမှ ထွက်လျင်ထွက်ချင်း ကလေးဦးခေါင်းသည် အပေါ်သို့ ကော့တက်လာမည်။

ကလေး၏ နှာခေါင်းနှင့် ပါးစပ်တို့ကို သန့်ရှင်းပေးပါ။ ချက်ကြိုးက လည်ပင်းမှ ပတ်နေ-မနေ စစ်ပါ။ ပတ်နေလျင် ဖြည်ပေးပါ။ ကလေး၏ မျက်နှာ သည် တဖက်ဖက်သို့ လည်လာသဖြင့် မိခင်၏ပေါင် တဖက်သို့ မျက်နှာမူလာမည်။ ခေါင်းထွက်ပြီးလျင် ကလေး၏ပခုံးတို့သည် အထက်-အောက် အနေအထားအဖြစ် ပြင်လာမည်။ ရှေ့ပခုံးကစမွေးမည်။ မိခင်က နောက်တကြိမ် ညှစ်သည်နှင့် ကလေး၏ခေါင်းအား အောက်ဖက်ဆီသို့ အနည်းငယ် ဆွဲယူပေးပါ။ ပြီးလျင် နောက်ပခုံးမွေးရန် ကလေးအား အထက်ဆီသို့ ပင့်တင်ပေးရမည်။ ကိုယ်ပိုင်းနှင့် ခြေထောက်များ မွေးလာမည်။

ကလေး ခေါင်းစ-ခြေဆုံး၊ ခြေစ-ခေါင်းဆုံး၊ ထွက်ပြီးပြီးချင်း၊ ချက်ကြိုးကို (စပန့်ခ်ျ-ဖေါ့ဆက်ပ်) ၂ ချောင်းဖြင့် 3 cm ခြာ၍ ညှပ်ပါ။ ကလေးဖက်တွင် ချက်ကြိုးကို ရှည်နိုင်သမျှ ရှည်ပါစေ။ (ဖေါ့ဆက်ပ်) ၂ ချောင်းအကြားမှာ ကပ်ကြေးဖြင့် ဖြတ်ပါ။ ကလေးခြေထောက်နှစ်ချောင်းပူးလျက် ဆရာမ၏ လက်တဖက်တည်းဖြင့် ကလေးကို ဇောက်ထိုးမြှောက်၍ ကိုင်ပါ။ ကလေးမငိုသေးလျင် ကျောကို ပုတ်ပေးပါ။ ကလေးငိုလာမှ ချက်ကြိုး ဖြတ်က ပိုကောင်းသည်။ သားဦးမိခင်သည် ၄၅ မိနစ်မှ ၁ နာရီ ကြာ တတ်ပြီး၊ မွေးဖူးသည့် မိခင်များသည် ၁၅-၃ဝ မိနစ် ကြာတတ်သည်။ ကလေးကောင်းနေပါက ထိုထက်မက ကြာလည်း ကိစ္စမရှိ။ နှလုံးခုန်သံ ကောင်းခြင်း၊ ရေမြွှာရည် ကောင်းခြင်းတို့ဖြင့် ခန့်မှန်းရသည်။

ဒုတိယအဆင့်၌ ကလေးခေါင်းသည် အချိန်တော်တော်ကြာမှထွက်လျင် ဦးခေါင်း၏ ဦးရေခွံသည် ရောင်လာသောကြောင့် Caput succedaneum ခေါ် ဗောင်းထုပ်ကဲ့သို့ ဖေါင်းလျက် မွေးလာမည်။ ၁ ပတ်အတွင်း အလိုအလို လျှော့သွားမည်။

တတိယအဆင့်
ကလေးထွက်ပြီးနောက် အချင်းအားထုတ်ပေးခြင်းအဆင့်။ သားဦးနှင့် မွေးဖူးသူများအကြား အချိန်ကွာခြားခြင်း မရှိ။ ၅-၃ဝ မိနစ်အထိ ကြာနိုင်သည်။ ကြာလေလေ သွေးထွက် များလေလေဖြစ်သည်။ အချင်းချပေးနေစဉ် အကူတယောက်က လက်တဖက်ဖြင့် မိခင်၏ ဝမ်းဗိုက်အောက်နား ဆီးစပ်မှ ထိန်းထားလျက် ကျန်လက်တဖက်က သားအိမ်၏ ထိပ်အား အောက်ဆီသို့ ပွတ်ခြေပေးပါ။ ချက်ကြိုးကို ခပ်တင်းတင်းလေး ဆွဲထားနေပါ။ အားသုံးပြီး မဆွဲရ။ လိုအပ်လျင် လက်ထည့်၍ ဆွဲထုတ်ရတတ်သည်။ မွေးပြီးလျင် ၁ မိနစ်အတွင်း Oxytocin 10 units IM ပေးပါ။

အချင်းသည် ကလေးနှင့် ချက်ကြိုးကတဆင့် သားအိမ်သို့ဆက်နေသော ကြီးမားသည့် အင်္ဂါဖြစ်သည်။ ၉ လက္မကျယ်၍၊ ၁ လက္မထူကာ၊ ၁ ပေါင်လေးသည်။ ချောမွေ့ပြီး၊ ပြာသည့် မျက်နှာပြင်က ကလေးဘက်တွင် ရှိပြီး။ ကြမ်း၍ နီသည့် မျက်နှာပြင်က သားအိမ်ဘက်မှာ ရှိသည်။ ပါးလွှာ သော်လည်း တောင့်တင်းပြီး၊ ထုတ်ချင်းပေါက် မြင်နိုင်သည်။ အတွင်းလွှာ၊ အပြင်လွှာ အချင်း၊ ရှိသည်။ အရည်သည် ကြည်လင်ပြီး၊ ရေသာသာ အရောင်ရှိသည်။ ချက်ကြိုးသည် ၂ ပေခန့်ရှိသည်။ ၂၅% သည် ၁-၂ ပတ် ပတ်နေနိုင်သည်။ အသာအယာနှင့် မြန်မြန် လျှော့-ဖြေပေးပါ။ မရပါက (စပန့်ခ်ျ-ဖေါ့ဆက်ပ်) နှစ်ခုကို 3 cm ခြား ညှပ်ပြီး၊ ချက်ကြိုးကို ဖြတ်ပါ။ ဖြတ်သည်နှင့် ကလေး အချင်း၊ အတွက် အောက်စီဂျင် မရတော့။ ထိုသို့ ဖြစ်လျင် မွေးပြီးပြီးချင်း အသက်ရှူ ကူပေးခြင်း လုပ်ပေးရမည်။ ကလေး ငိုမှသာ ချက်ကြိုးဖြတ်တာ ကောင်းသည်။ ချက်ကြိုးတွင် သွေးလွှတ်ကြော ၂ ခုနှင့် သွေးပြန်ကြော ၁ ခုတို့ ပါဝင်သည်။ ၎င်းသွေးကြောများမှတဆင့် ကလေးသည် မိခင်ထံမှအာဟာရကို ရပြီး၊ အညစ်အကြေး စွန့်ပြစ်သည်။ ချက်ကြိုးသည် ဖြတ်ပြီးသည့်နောက် ၅-၁၅ မိနစ်ကြာ ခုန်နေနိုင်သည်။ ကလေး၏ ချက်မှ ချက်ကြိုး မဖြတ်မီ ချက်ကြိုးထဲက သွေးများ ကလေးဆီ ရောက်အောင် ဆွဲသွင်းပြီးမှ ဖြတ်ပါ။ ကြီးလာလျင် ချက်ကြိုးသည် ဗိုက်အတွင်း အရွတ်အဖြစ် အသုံးမကျသည့်အရာ ဖြစ်သွားသည်။

ကပ်ကြေး၊ ညှပ်အားလုံးသည် ပိုးသန့်ပြီး ဖြစ်ရမည်။ အရက်ပြန်၊ Iodine အိုင်အိုဒင်း ၁-၂% ထည့်ပေးရည်။ ခြောက်အောင်ထားလျင် ချက်မြန်မြန် ကြွေမည်။ ၁-၃ ပတ်အတွင်း ချက်ကြွေမည်။ ချက်မကြွေမချင်း ကလေးကို ရေပတ်တိုက်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။ Betadine, Povidone iodine 9-12% လိမ်းဆေးသုံးပါ။ အချင်း ထွက်ပြီးပါက Ergometrine IM ထိုးပေးလျင် ၆-၇ မိနစ် အတွင်း သက်ရောက်သည်။ Oxytocin 10 Units IM ထိုးပါက ၂့၅ မိနစ်အတွင်း သက်ရောက်သည်။ မွေးဖွားပြီး သွေးသွန်ခြင်းကို ကာကွယ်သည်။

Episiotomy မွေးလမ်းကြောင်းချဲ့မွေးပေးခြင်း
သားဦးတွင် လုပ်ပေးရတတ်သည်။ ထွက်လာတော့မည့် ကလေး ဦးခေါင်းသည် မိခင်၏ မွေးလမ်းအဝနှင့် တင်းကြပ် နေသည်ဟု စမ်းသပ်တွေ့ရှိပါက လုပ်ပေးရမည်။ သားအိမ်အဝ လုံးဝပွင့်၍ ကလေး၏ ဦးခေါင်း ထွက်ခါနီးမှ လုပ်ပေးရမည်။ ပိုးသန့်ဆေးများ လိမ်းပြီးနောက် ထုံဆေး ထိုးပေးပြီး၊ မွေးလမ်း အဝ၏ အောက်ပိုင်း အလယ်နေရာမှနေ၌ ဘေးတဖက်သို့ ၄၅ ဒီဂရီ စောင်းကာ ၂ လက္မခန့် ကပ်ကြေးဖြင့် ကိုက်ပေးရသည်။ (၁) အတွင်းဆုံးက မွေးလမ်းကြောင်း အရေပြား၊ (၂) အထဲက ကြွက်သားနှင့် (၃) အပြင်အရေပြား၊ သုံးမျိုးတို့ ပါဝင်သည်။ ပြန်ချုပ်လျင်လည်း ယင်းအလွှာ သုံးမျိုးကို အစီအစဉ်အတိုင်း (၁) မွေးလမ်းကြောင်း အရေပြားအား Catgut 3/0 ဖြင့်၎င်း၊ (၂) အထဲက ကြွက်သားအား Catgut 2/0 ဖြင့်၎င်း၊ (၃) အပြင် အရေပြားအား အပ်ချည် သို့မဟုတ် ပိုးကြိုး သို့မဟုတ် နိုင်လွန်ကြိုးဖြင့်၎င်း ချုပ်ပေးရသည်။ အချင်းထွက်ပြီးလျင် ပြီးချင်း ချုပ်ပေးရသည်။ ချုပ်ရိုးကို (အင်တီ-ဆက်ပတစ်) ဆေးရည်ဖြင့် နေ့စဉ်နှင့် ဝမ်းသွား-ဆီးသွားပြီးတိုင်း ဆေးပေးရမည်။ အနာမရင်းစေရန် ပဋိဇီဝဆေးပေးရမည်။ အနာသက်သာစေရန် ဆေးလည်းပေးရမည်။ ၅-၇ ရက်ကြာလျင် အပြင်ဆုံး အရေပြားချုပ်သည့် ချုပ်ရိုးကို ဖြေပေးရမည်။

မွေးဖွားခြင်းအကျဉ်းချုပ်
ခန့်မှန်းမွေးမည့်ရက် EDD ၏ ရှေ့ ၁-၂ ပတ်၊ နောက် ၁-၂ ပတ်အတွင်း မွေးမည်။ First Para သားဦးသည် ၁၂-၂၄ နာရီ ကြာတတ်ပြီး၊ မွေးဖူးသူများ ၆-၁၂ နာရီကြာတတ်သည်။ ပိုးသန့်ပြီးသော ပစ္စည်း ကရိယာများ အဆင်သင့် လုပ်ထားပါ။ ချက်ကြိုး ညှပ်ရန် (ဖေါ့ဆက်ပ်) ၂ ချောင်း၊ ကပ်ကြေး၊ ချက်ကြိုးညှပ်ကလစ်၊ ချွဲစုတ်စက်၊ အိုင်အိုဒင်း ၂% ဆေးရည်၊ Betadine, Povidone iodine 9-12% အကောင်းဆုံး ဖြစ်သည်။ ဝါဂွမ်း၊ မွေးလမ်းကြောင်းချဲ့မွေးပေးရန် ပစ္စည်များ၊ ထုံဆေး၊ ဆေးထိုးအပ်၊ ချုပ်ကြိုးများ၊ (ဒက်တော) ဆေးရည်၊ ကလေးမွေး (ဖေါ့ဆက်ပ်) ၊ ရေနွေး၊ ဆီးခြူပိုက်၊ ကျောက်ကပ်ပုံခွက်၊ ကလေးအနှီး။

ဗိုက်နာခြင်းသည် အစပိုင်းက နာချိန်တို၍ နားချိန်ကြာမည်။ ထို့နောက် နားချိန်တို၍ နာချိန် ပိုကြာလာရမည်။ ယင်းဖြစ်စဉ်အား မှတ်သားနေရမည်။ ဗိုက်တကယ် နာ-မနာကို မိခင်၏ဝမ်းဗိုက်ပေါ် ဆရာမ၏ လက်ဝါး တင်ထားကာ သားအိမ်တင်းလာမှ သားအိမ်ညှစ်သည်ဟု မှတ်ပါ။ အနာခံစားမှု လူတယောက်နှင့် တယောက် မတူပါ။
အဆင့်တိုင်း၌ မွေးလမ်းကြောင်းကို မကြာမကြာ စမ်းသပ်နေရမည်။ သို့သော် သွေးဆင်းပါက မစမ်းပါနှင့်။ APH အချင်းရှေ့ရောက်ဖြစ်ပါက သွေးပိုထွက်စေမည်။

အဆင့်တိုင်း၌ မိခင်နှင့် ကလေးတို့၏ နှလုံးခုန်သည်ကို မပြတ်စစ်ဆေးပါ။ နှေးခြင်း-မြန်ခြင်းသည် မကောင်း။ မိခင်၏ သွေးဖိအားကိုလည်း စစ်ဆေးနေပါ။ မွေးနေစဉ် သွေးကြောထဲ ဆေးသွင်းထားပေးနိုင်သည်။ ရေဓါတ်၊ ဆားဓါတ် ဖြည့်ရန်နှင့် အကြောဆေး သွင်းပေးနိုင်သည်။ အစာ မစားစေပါက အန်ခြင်းကို သက်သာမည်။ သို့သော် အက်စစ်ပျယ်ဆေး ပေးရမည်။ မမွေးမီ သွေးအနည်းငယ်နှင့် အကျိအချွဲရော၍ ဆင်းသည်ကို Show (ရှိုး) ဟု ခေါ်သည်။ ရေမြွှာပေါက်မည်။ တချို့က ရေမြွှာစော၍ ပေါက်ပြီး။ အချို့က ရေမြွှာပေါက်သည်နှင့် ကလေးထွက်မည်။ ရေမြွှာပေါက်ပြီး၊ မမွေးသေးပါက အမြန်မွေးစေသည့် နည်းလမ်းများ သုံးရမည်။ Oxytocin (Syntocinon) drip သွင်းပေးရသည်။ ပိုးသေဆေးပေးရမည်။ ရေမြွှာရေကို ကြည့်ပါ။ ကြည်လင်နေရမည်။ မကောင်းသည့် အနံ့မရှိရ။ အရောင်စိမ်း၊ ညစ်ပြီးအနံ့မကောင်းပါက ကလေး နစ်မွန်းနေသည်ဟု မှတ်ပါ။ အထဲတွင် ကလေးဝမ်းသွားခြင်း Meconium ကြောင့် ဖြစ်သည်။ ကလေးထွက်ထွက်ချင်း ချွဲစုတ်ပေးခြင်း၊ လေမှုတ်ပေးခြင်း၊ အောက်စီဂျင်ပေးရန် လိုနိုင်သည်။

တကယ်မွေးတော့မယ်
ဗိုက်နာမယ်။ ရှိုးခေါ် သွေး + အကျိအချွဲ ဆင်းမယ်။ သားအိမ်ဝအပြည့် (လက် ၅ ချောင်း၊ ၁ဝ စင်တီမီတာ) ကျယ်ရမယ်။ နှုတ်ခမ်းသား ပါးရမယ်။ တိုရမယ်။ မခိုင်းပဲ ညှစ်ချင်လာမယ်။ ဆီးဝမ်း သွားချင်လာမယ်။ ရေမြွာပေါက်မယ်။ မွေးလမ်းဝန်းကျင်နေရာမှာ ညှစ်တဲ့အခါတိုင်းမှာ စူတိုးလာကို မြင်ရမယ်။ အဲဒီအချက်တွေ ပြည့်စုံရင် ကလေးအောင်မြင်စွာ မွေးဖွားလာပါမယ်။ Welcome to the World!

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး