Hypothesis အော်ဂဲနစ် သနပ်ခါး

ကျွန်တော် မြန်မာပြည်အပြင်မှာ နှစ်ပေါင်းများစွာနေရပေမယ့် ပြည်တွင်းက အရေးအရောတွေနဲ့ တရက်မှ ကင်းကွာခဲ့ခြင်း မရှိပါ။ ထဲထဲဝင်ဝင်လုပ်တဲ့ ဘာသာရပ်တွေမှာဆို အတော်လေးနှံ့စပ်အောင်လည်း သိပါတယ်။ ကြွားဝါလိုချင်လို့ စကားပလ္လင်ခံနေတာ မဟုတ်ပါ။ အသစ်အဆန်းတခုကို တင်ပြချင်တာမှာ အခြေအမြစ်မကင်းဘူးလို့ သိစေချင်လို့ပါ။

ခုတလော မြန်မာပြည်က ပြည်ပထုတ်ကုန်တချို့ထဲမှာ ကျန်းမာရေးအရ အန္တရာယ်ရှိနိုင်တယ်လို့ အမေရိကန်နိုင်ငံ ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေက တားမြစ်ချက်ထုတ်တဲ့သတင်းတွေကို ရေးခဲ့ပါတယ်။ အာဆင်းနစ်နဲ့ ခဲဆိပ် ပါနေတာတွေဖြစ်ပါတယ်။ အာဆဲနစ်နဲ့ ခဲဆိပ်တွေ ဘယ်ကနေလာနိုင်သလဲကို စာသပ်သပ်ရေးထားပြီးဖြစ်ပါတယ်။ အဲတာက သီအိုရီခေါ် ဆေးသိပ္ပံပညာအလိုအရ ရေးတာတွေပါ။ လက်တွေ့မှာ မြန်မာ့ထုတ်ကုန်တွေထဲကို အဲတာတွေ  ဘယ်ကနေ လာနိုင်သလဲ။

ကနေ့ ဘုန်းကြီးကျောင်းရောက်တယ်။ ဒီပဲယင်းအရေးအခင်းမှာ ဒီမိုကရေစီရေးဖက်ကနေခဲ့လို့ ထောင်ကျတဲ့ဘုန်းကြီးနဲ့ စကားပြောဖြစ်တယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ ကျန်းမာရေးအချက်အလက်တချို့ရလာပါတယ်။ အံသြတုန်လှုပ်စရာပါပဲ။

ထောင်ကျနေသူတွေက အလုပ်လုပ်ကြရတယ်။ အဲတာက အံသြစရာမဟုတ်ပါ။ အစားအသောက်နဲ့ရေ မကောင်းပါ။ အဲတာလည်း တုန်လှုပ်စရာမဟုတ်သေးပါ။ ဘာတွေလုပ်ကြရသလဲ။ မြန်မာ့ထွက်ကုန်တချို့ဟာ ထောင်ထဲမှာ အရင်းခံနေပါတယ်။ အမွှေးတိုင်၊ သနပ်ခါး၊ စသည်။ အသေးစိတ် မရေးလိုပါ။ ကျွန်တော့်ထက်သိသူတွေ အများကြီးရှိမှာပါ။ ကျွန်တော်က မန္တလေးနန်းတွင်းထောင်ထဲမှာ တနေ့ခင်းသာ နေရဘူးတယ်။

နေရာတိုင်းမှာ သနပ်ခါးအစစ် မတတ်နိုင်ပါ။ သီးပင်၊ အုံနှဲပင်တွေကို သုံးရတယ်။ အုံနှဲပင်ဆိုတာ တောရွာတွေမှာ ဓါးနဲ့စင်း၊ ဆေးရွက်ကြီးနဲရောပြီး ပြောင်းဖူးဖက်ဆေးလိပ်ထဲထည့်တယ်။ ထောင်ထဲမှာ အပင်တွေကို လှီးဖြတ်ကျိတ်ပြီး ရေနဲ့စိမ်တယ်။ အနံ့ကတော့ အလွန်တရာမခံနိုင်လောက်အောင် ဆိုးပါသတဲ့။ ဆရာတော်ပြောတာ နားထောင်နေရင်း သစ်သားတွေကို ပုပ်သိုးအောင်စိမ်တဲ့ရေ ဘယ်ကနေလာသလဲ ကျွန်တော်စဉ်းစားနေမိတယ်။ ပိုက်ကနေလာမယ်။ ရေတွင်းကနေလာမယ်။ ရေထဲမှာ ဘာပါသလဲ။ အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကို မပြောပါ။ ခဲဆိပ်နဲ့ အာဆင်းနစ်လို့ တွက်ယူနေမိတယ်။

ထောင်ကျသူတွေက အဲလိုအဆိပ်သင့်ခံပြီး လုပ်ကိုင်ထားတာတွေကို ထောင်အာဏာပိုင်တွေကနေ လုပ်ငန်းရှင်တွေဆီ သွင်းမယ်။ မွှေးတာနဲ့ အပေါ်ကနေ ဖုံးပေးမယ်။ လှပေ့ဆိုတဲ့ ဗူးခွံလေးတွ၊ ဒီဇိုင်းလေးတွေနဲ့အတူ ဈေးကွက်ထဲရောက်မယ်။ ချောပေ့လှပေ့ဆိုတဲ့ မော်ဒယ်လေးတွေက အရမ်းအရမ်းကောင်းတာပဲရှင်လို့ ပြောပြပေးမယ်။ အမေရိကား၊ ဥရောပါး၊ သြစတေးလျားပို့မယ်။ စစ်လိုက်တော့ အာဆဲနစ်နဲ့ ခဲဆိပ်တွေတွေ့မယ်။ ကျွန်တော့် ဟိုက်ပိုသီးဆစ်ကို စစ်ဆေးပေးကြပါ။

မြန်မာပြည်က ထောင်တွေထဲမှာ ရေသန့်အောင်လုပ်ပေးပါ။ မြေသန့်အောင်လုပ်ပေးပါ။ ထောင်အပြင်မှာ လူသန့်အောင် လုပ်ပေးပါ။ ကျွန်တော်တောင်းဆိုတာ ကျန်းမာရေးအတွက်ပါ။ အော်ဂဲနစ်သနပ်ခါး သုံးကြပါ။ ကိုယ်တွင်းမှာ မွှေးနေအောင် ကြိုးစားကြပါ။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)