Top 20 Poorest Countries in Asia အာရှ အဆင်းရဲဆုံးတိုင်းပြည် နှစ်ဆယ်

သတင်းတွေမှာတော့ အာရှအဆင်းရဲဆုံးနိုင်ငံ (၁၅) ခုလို့ဖတ်ရတာ ၃-၄ ရက်ရှိပြီ။ အဲဒီစာရင်းထဲမှာ အာရှကမဟုတ်တဲ့ နိုင်ငံတွေလည်းပါနေလို့ သတင်းမူရင်းကိုလိုက်ရှာရပါတယ်။ အာရှတိုက်ဟာ ဧရိယာစတုရန်းမိုင် ၁၇ သန်းကျယ်တယ်။ လူဦးရေ ၃့၇ ဘီလီယန်နေထိုင်ကြတယ်။ နိုင်ငံပေါင်း ၄၈ ခု ရှိတယ်။ တရုပ်၊ အိန္ဒိယ၊ ရုရှားနဲ့ တောင်ကိုရီးယားလို အင်အားကြီးတိုင်ပြည်တွေလည်းပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးနဲ့ အဆင်းရဲဆုံးတိုင်းပြည်တွေကလည်း အာရှကပဲ ဖြစ်ကြတယ်။ ဆင်းရဲတဲ့နိုင်ငံအများစုဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ကုန်သွယ်မှု အနည်းအကျဉ်းကိုသာ အားထားကြရတယ်။ တရုပ်နဲ့ အိန္ဒိယကတော့ ခေတ်မီနည်းပညာအားပြုဖက်ကို ရောက်လာနေကြပြီဖြစ်တယ်။

အဆင့် တိုင်းပြည် GDP Per Capita လူဦးရေ
၁။ အာဖကန်နစ္စတန် Afghanistan $1,000 29,835,392
၂။ နီပေါ Nepal $1,300 29,391,883
၃။ မြန်မာ Burma $1,300 53,999,804
၎။ ဘင်္ဂလားဒက်ရှ် Bangladesh $1,700 158,570,535
၅။ မြောက်ကိုရီးယား North Korea $1,800 24,457,492
၆။ တာဂျီကစ္စတန် Tajikistan $2,000 7,627,200
၇။ ကမ္ဘောဒီးယား Cambodia $2,300 14,701,717
၈။ ခါဂျစ္စတန် Kyrgyzstan $2,400 5,587,443
၉။ လာအို Laos $2,700 6,477,211
၁ဝ။ ပါကစ္စတန် Pakistan $2,800 187,342,721
၁၁။ တီမော-လက်ဆီ Timor-Leste $3,100 1,066,582
၁၂။ အူဇဗက်ကစ္စတန် Uzbekistan $3,300 29,559,100
၁၃။ ဗီယက်နမ် Vietnam $3,300 91,519,289
၁၄။ အိန္ဒိယ India $3,700 1,210,193,422
၁၅။ ဖိလစ်ပိုင် Philippines $4,100 92,337,852
၁၆။ မွန်ဂိုးလီယား Mongolia $4,500 2,754,685
၁၇။ အင်ဒိုနီးရှား Indonesia $4,700 237,424,363
၁၈။ ဂျော်ဂျီယာ Georgia $5,400 4,469,200
၁၉။ သီရိလင်္ကာ Sri Lanka $5,600 20,277,597
၂ဝ။ ဘူတန် Bhutan $6,000 708,427

ပြည်ပနိုင်ငံရေးကာလအတွင်း နိုင်ငံပေါင်း (၃ဝ) ကိုခရီးသွားခဲ့ရတယ်။ စာရင်းထဲကနိုင်ငံအတော်များများကို ရောက်ခဲ့ပါတယ်။

အဆင်းရဲဆုံး (၁) အာဖကန်နစ္စတန် အရင်သမတ (ဟာမစ် ခါဇိုင်) ကို ဒီဇိုင်နာဝတ်စုံနဲ့ချည်းသာတွေ့ရတာ သတိရမိတယ်။ နံပါတ် (၂) နီပေါကို ၅-၆ ခေါက်ရောက်တယ်။ ဆင်းရဲတာ မြန်မာပြည်နဲ့ အတော်တူပါတယ်။ နံပါတ် (၅) မြောက်ကိုရီးယား မရောက်ဖူးပါ။ မရောက်ချင်ပါ။ သူ့နိုင်ငံသားတွေ မွဲတေနေပေမယ့် (ကင် ဂျုံ-အန်) ပုံကို တွေ့လိုက်တိုင်းလည်း ကြွားဝါဝတ်စားထားချည်းပဲ။ နံပါတ် (၇) ကမ္ဘောဒီးယားကို ၄-၅ ခေါက်ရောက်တယ်။ တောပိုင်းအထိရောက်ပါတယ်။ မြန်မာပြည်ထက် ပိုချမ်းသာတယ်လို့ မထင်ခဲ့ပါ။ နံပါတ် (၁ဝ) ပါကစ္စတန်ကိုတော့ တခေါက်သာရောက်ပါတယ်။ အကြမ်းဖက်မှုတွေ များလွန်းလို့ နေဘို့မကောင်းပါ။ နံပါတ် (၁၁) တီမော-လက်ဆီ ခေါ် အရှေ့တီမောကို တလတိတိ တာဝန်နဲ့ သွားနေခဲ့ရဘူးတယ်။ ဆင်းရဲကြတယ်။ ဆရာဝန်ရှားလို့ ကျူးဘားကနေ ခေါ်ယူရတယ်။ သုံးတဲ့ပိုက်ဆံက အမေရိကန်ဒေါ်လာသာဖြစ်တယ်။

နံပါတ် (၁၅) ဖိလစ်ပိုင်ကို ၄-၅ ခေါက်ရောက်တယ်။ မြန်မာပြည်ထက် ပိုချမ်းသာတယ်လို့ မထင်ခဲ့ပါ။ နံပါတ် (၁၆) မွန်ဂိုးလီယားကို တခေါက်သာရောက်ဖူးတယ်။ ပြောင်ပြောင်ရောင်ရောင်ရှိပါတယ်။ ဆွေမျိုးတော်သလိုထင်တယ်။ နံပါတ် (၁၇) အင်ဒိုနီးရှားကို ခဏခဏရောက်တယ်။ တောပိုင်းအထိရောက်ပါတယ်။ အစားအသောက်မှာ အသားတမျိုးကလွဲရင် နီးစပ်တယ်။ သူတို့ပိုက်ဆံကိုလဲရင် (ယူအက်စ် ၁ ဒေါ်လာ =၁၃,၃၉ဝ ရူးပီးယား) လက်ထဲမှာ တပွေ့တိုက်ကြီးရတာ မှတ်မိတယ်။ နံပါတ် (၁၉။) သီရိလင်္ကာလည်း ၃-၄ ခေါက်ရောက်တယ်။ မြန်မာပြည်ထက် ပိုချမ်းသာတယ်လို့ မထင်ခဲ့ပါ။

နံပတ် (၃) မြန်မာပြည်ကို ပြန်မရောက်တာ (၂၆) နှစ်နဲ့ (၁ဝ) လရှိပြီ။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆
၂၆-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး