Wellwoman ဝဲလ်ဝူးမင်းဆေး

မင်္ဂလာပါဆရာ ကျွန်မ အသက်က ၄ဝ၊ အိမ်ထောင်သက်က ၄ နှစ်ရှိပါပြီ။ ကလေးမရသေးပါဘူး။ ကလေးယူဖို့ ကြိုးစားနေပါတယ်ဆရာ။ OG က well women ဆေးပေးလို့သောက်နေပါတယ်။ သွေးလည်းတခါတခါ 80/140 ထိ ရှိပါတယ်။ ကလေးလိုချင်တဲ့သူတွေ သောက်ရတဲ့အားဆေးလို့ သိထားပါတယ်ဆရာ။ ကျွန်မသူငယ်ချင်းတစ်ယောက် Single လည်း OG က Well Women ပေးလို့သောက်နေတာ ရာသီလာချိန် ကိုက်ခဲတာ မရှိတော့ဘူးတဲ့။ အရင်ကဆို သွေးပ်ါချိန်ဆို Dofanal ဆေးသောက်နေခဲ့ရတာ။ သူကသားအိမ်မှာ အကျိတ်လည်းရှိတယ်ဆရာ။ သွေးတိုးရှိတဲ့သူကော သောက်လို့ရပါသလားဆရာ။ သားအိမ်မှာ အကျိတ်ရှိသူတွေအတွက်ကော ကောင်းပါသလားဆရာ။ အမျိုးသမီးတွေ အားဆေးအနေနဲ့ကော သောက်လို့ရပါသလားဆရာ။ ကျွန်မသိချင်တာက အဲဒီဆေးက ဘာတွေအတွက်ကောင်းလဲဆိုတာ ကျေးဇူးပြုပြီး ရှင်းပြပေးပါအုန်းဆရာ။ အထူးကျေးဇူးတင် လေးစာလျက်။ ဆရာ ကျန်းမာပါစေ။

ဝဲလ်ဝူးမင်းဆေးမေးတတ်ကြတယ်။ အခုမှ အသစ်ရေးပါတယ်။ ဆရာဝန်ညွှန်တာလို့လည်း သိရတယ်။ ဆေးရောင်းတဲ့ ဝဘ်ဆိုက်တွေကို လိုက်ရှာရတယ်။ အကောင်းတွေသာတွေ့တယ်။ ကျွန်တော်က နိုင်ငံရေးနဲ့ ကျန်းမာရေးမှာ သိပ်အားနာတတ်သူ မဟုတ်ပါ။ ဘာကောင်းတာလဲ၊ ဘာကြောင့်လဲ။ ဟုတ်ပါရဲ့လား ဆန်းစစ်ပါမယ်။ ယေဘုယျ ဆန်လွန်းတယ်။ မကောင်းဘူးတော့ ပြောမရ။ လူတွေစာတာတွေထဲကနေ ထုတ်လုပ်ထားတယ်။ လူတွေစားတာ မကောင်းတာမှ မရှိတာ။

ဆေးကြော်ငြာမှာတော့ အမျိုးသမီးတွေအတွက် အောလ်ရောင်း ကောင်းပါတယ်တဲ့။ အောလ်ရောင်းဆိုတာ ၉၆ ပါး။ အာဟာရဓါတ်တွေ အစုံပါတယ်တဲ့။ အရေပြား၊ ဆံပင်၊ ခြေသည်းလက်သည်း၊ အင်နာဂျီ၊ ခုခံအား၊ လစဉ်လာရာသီသွေး၊ ကလေးရဘို့ စတာတွေ ဖတ်ရတယ်။ နောက်ဆိုက်သွားရင် တိုးဦးမယ်။

ဆေးထဲမှာ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ အင်တီအောက်ဆီးဒင့် ခေါ် ကင်ဆာမဖြစ်စေတဲ့ဓါတ်၊ သဘာဝ ကရိုတီနွိုက်တွေ ပါတယ်တဲ့။ Evening Primrose Oil ပန်းနှမ်းဆီနဲ့ Starflower Oil ကြယ်ပန်းဆီတွေကနေ ထုတ်လုပ်ထားသတဲ့။

တချို့ဝဘ်ဆိုက်မှာတော့ သတိပေးချက်ပါထည့်ထားတယ်။ အဲလိုရေးတာတော့ သင့်မြတ်တယ်။ ဆေးရောင်းသူကနေ ရေးထားတာလို့လည်း သိထားရမယ်။ အဲလိုဖြည့်စွက်စာဆိုတာ တကယ်နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေအစား သောက်ရတာမဟုတ်ပါတဲ့။ အဲတာမှန်တယ်။ လူတွေနေ့စဉ်စားနေတာတွေထက်တော့ ဘယ်ဖြည့်စွက်စာဆေးတွေကမှ ပိုမကောင်းပါ။ ဘယ်အရာမဆို လူတွေစားနေတာ သုံးစွဲနေတာ သဘာဝဖြစ်တည် ပေါက်ရောက်နေတာတိုင်းကနေ မတည့်သူတွေမှာ အလာဂျီရစေနိုင်တယ်။ ဒီဆေးကိုလည်း မတည့်သူရှိမယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်မှာ ပိုသတိထားပါတဲ့။ ဆီးချိုရှိနေသူတွေနဲ့ အပီလက်ပစီ ခေါ် အတက်ရောဂါရှိသူတွေလည်း သတိထားပါတဲ့။ သောက်နေတဲ့ တခြားဆေးတွေရှိရင်လည်း သတိပြုပါတဲ့။ ဗီတာမင်တွေနဲ့ ဖြည့်စွက်စာဆေးတွေဆိုတာ ရောဂါတွေကို ကာကွယ်ဘို့လည်း မဟုတ်။ ကုသပေးဘို့လည်း မဟုတ်ပါတဲ့။

ကျန်းမာရေးမေးတာတွေအရ တချို့က ဒါလေးသောက်တာ ဒါတွေပျောက်တယ်လို့ပြောကြတယ်။ သူ့ပျောက်တော့ ကိုယ်လည်းပျောက်မယ် ထင်ကြတယ်။ ဆေးသုတေသနသဘောက အဲလိုကောက်ချက်ချလို့ မရပါ။ ရှည်ရှည်ဝေးဝေး မရေးတော့ပါ။

ကလေးမရသေးသူတွေ ဘာကြောင့် မရသေးသလဲမသိပဲတော့ ဒီဆေးကနေ ရစေမှာမဟုတ်ပါ။ ဟော်မုန်းမူမမှန်လို့၊ သားအိမ်မှာအကျိတ်ရှိလို့၊ မျိုးဥအိမ်မှာရေအိတ်ရှိလို့ကြောင့် ရာသီမမှန်သူတွေ ရှိနေတဲ့ရောဂါကို စနစ်တကျမကုသဘဲတော့ ဒီဆေးကနေ ရောဂါတွေ ပျောက်စေမှာမဟုတ်ပါ။

အချုပ်ပြောရရင် အဲလိုဆေးတွေဟာ ဘေးထွက်ဆိုးကျိုး နည်းပါတယ်။ ပြောတိုင်းတော့ မကောင်းပါ။ လက်ဆောင်ပေးလို့ ကောင်းတယ်။ ရောင်းလို့လည်း ကောင်းတယ်။ အောက်ကဆေးအားလုံးက ဒီသဘောတွေဖြစ်ပါတယ်။ ကန်တော့ပါ။ ကြီးဆေး၊ ရှည်ဆေး၊ ဖြူဆေး၊ ကျဉ်းဆေး၊ နုပျိုဆေးဆိုတာတွေထက်တော့ သာပါတယ်။

Bee pollen ပန်းဝတ်မှုန် အာဟာရ https://doctortintswe.blogspot.com/2014/11/bee-pollen_19.html
Evening primrose oil ညနေခင်း နှင်းဆီ http://doctortintswe.blogspot.com/2015/06/evening-primrose-oil.html
Flaxseed နှမ်းနက် https://doctortintswe.blogspot.com/2017/08/flaxseed.html

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ