Diane 35 ဝက်ခြံဆေး သို့မဟုတ် တားဆေးတမျိုး

၁။ ကျမအသက် ၃၁ နှစ်၊ single ပါ ဝက်ခြံအတွက် Diane 35 ကိုသောက်နေတာ တနှစ်လောက်ရှိပါပြီ၊ အဆင်ပြေပါတယ်၊ သိချင်တာက ဒီဆေးကိုရှေည်စွဲသောက်ရင် ဘာဆိုးကျိုးတွေရှိလာနိုင်ပါသလဲ ဆရာ ၊ ပြီးတော့ စွဲသောက်မယ်ဆိုရင် ဘယ်လောက်နှစ်အပိုင်းအခြားအထိသောက်လို့ရပါသလဲရှင့်၊ ဥပမာ ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ်။ အိမ်ထောင်ပြုရန် ကလေးယူရန် အစီအစဉ်မရှိပါဘူး။

၂။ မင်္ဂလာပါ ဆရာသမီးတခုလောက်မေးပါရစေရှင့်။ အသက်က ၂၅ပါဆရာ။ အမျိုးသမီးပါရှင့်။ အိမ်ထောင်ကျတာ ၄ လ လောက်ပဲရှိပါသေးတယ်ဆရာ။ Diane 35 ကိုသောက်ပါတယ်ရှင့်။ Diane 35 က တခြားဆေးတွေလို ၂၈ လုံး မပါပါဘူးဆရာ။ ၂၁လုံးတည်းပါပါတယ်။ အရင်ကမသိလို့ ၂၁လုံးကုန်သွားရင် ၇ ရက်မခြားပဲ နောက်တကဒ် ဆက်သောက်ပါတယ်ဆရာ။ ကန်တော့ပါနော် ရာသီက ၄လုံး အရောင်ပြရုံပဲဆင်းပါတယ်ဆရာ။ ဟိုတနေ့က ဆရာတင်ပေးတဲ့ပို့စ်တခုကိုဖက်ပြီးမှ ၇ ရက်နားရတယ်ဆိုတာသိတာပါ။ အပျိုတုန်းက ရာသီမှန်လို့သွေးဆင်းရင် တပတ်လောက်ဆင်းပါတယ်ဆရာ။ အခုဆေးသောက်တော့မှ တစက်၂စက် ပဲဖြစ်နေတယ်ဆရာ။ ပြီးတော့ ဆေးတကဒ် ၂၁ လုံးကုန်လို့ ၇ ရက်နားရင် ကိုယ်ဝန်ရနိုင်ပါသလားဆရာ။

၃။ ဆရာရှင့် သမီးအသက်က ၃၂ ပါ။ သမီး Diane 35 ဆေးကဒ်သောက်တာ ၁၅ ရက်နေ့က ဆေးကုန်သွားပါတယ်။ ဒီနေ့ဆို ၅ ရက်လွန်သွားပါပြီရှင့်။ ခုထိ ရာသီမပေါ်သေးပါ။ ဆေးကုန်ပြီး ဘယ်နှစ်ရက်နေမှ ရာသီပေါ်တတ်ပါသလဲရှင်။ ကိုယ်ဝန်ရှိသွားမှာလည်း စိုးရိမ်နေလို့ပါရှင်။ စာအရေးအသားမှားသွားရင်လည်း တောင်းပန်ပါတယ်ရှင်။

၎။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၂၁ပါ။ မျက်နှာမှာ ၀က်ခြံထွက်လို့ ဆရာဝန်က Diane-35 ကိုသောက်ခိုင်းပါတယ်။ အခုပျောက်သွားလို့ဆက်မသောက်ဖြစ်ဘူး။ ၂လလောက်ရှိပြီ။ အခုအဖုတွေထက်ထွက်လာပါတယ်။ အဲ့ဆေးကိုရပ်လိုက်လို့ ထွက်လာတာလား။ ဒါမှမဟုတ် ကျွန်မရဲ့ ဟော်မုန်းကြောင့်လားဆိုတာ ပြောပြပေးပါ။ အဲ့ဆေးက Birth control အဖြစ် သူများတွေကသုံးတယ်ကြားလို့ စိုးရိမ်လို့မေးကြည့်တာပါ။ အိမ်ထောင်ပြုတဲ့အခါအဲ့ဆေးက ထိခိုက်မှုတွေ ရှိလာနိုင်လားလဲ သိချင်ပါတယ်။

၅။ မင်္ဂလာပါဆရာ Diane 35 ဆေးအကြောင်းပြောပြပေးပါဆရာ။ ဆေးခန်းက တလစာ ကိုယ်ဝန်တားဆေး ပေးလိုက်ပါတယ်။ ဆေးကပ်မှာ အညွှန်းမပါတဲ့ အတွက် ဘယ်က စသောက်သင့်သလဲ ပြောပြပေးပါဆရာ။

၆။ သမီးအသက် ၃ဝ ပါ။ အသက် ၂၃ လောက်ကတည်းက မျက်နှာမှာ အပူလုံးလိုလို ဝက်ခြံလိုလိုတွေ ပေါက်တတ်ပါတယ်။ ဝက်ခြံလို့ပြောရအောင်လည်း အဖုတွေကကြီးပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဆရာဝန်တယောက်က Diane 35 ဆေးညွှန်လို့ သောက်ပါတယ်။ အဖုတွေလုံးဝမထွက်တော့အောင် ပျောက်သွားပါတယ်။ အသားအရည်လည်း တော်တော်ကောင်းလာတယ်ဆရာ။ ခု ၂ဝ၁၆ မှာ မင်္ဂလာဆောင်ပြီးတော့ အဲ့ဆေးကို ဖြတ်လိုက်ပါတယ်။ ကိုယ်ဝန်ရဖို့အနှောက်အယှက် ဖြစ်မယ်စိုးလို့ပါ။ ပထမ ၂-၃ လ လောက်တော့ ဘာမှမဖြစ်ပါဘူး။ ခုတလအတွင်းမှာ မျက်နှာမှာ အဲ့အဖုတွေ ပြန်ပြန်ထွက်လာတယ်ဆရာ။ ရာသီဥတုလည်း ပူတော့ ပိုဆိုးပါတယ်။ တကယ်လို့ဟော်မုန်းကြောင့်ဆို ဆေးမသောက်ပဲနဲ့ တခြားဘာနည်းလမ်းများလုပ်လို့ရပါ့မလဲဆရာ။

၇။ ဆရာရှင့် diane35 ဆေးနဲ့ ပတ်သက်တာလေး သိချင်လို့ပါရှင့်။ သမီးက ရာသီမမှန်လို့ OG ကသောက်ခိုင်းတာပါရှင့်။ အဲ့ဆေးက ကိုယ်ဝန်ဆောင်တွေမသောက်ရဘူးလို့ပြောထားပါတယ်ရှင့်။ အိမ်ထောင်သက် ၄ နှစ်မှာကလေးမရလို့ ဓမ္မတာလည်းမမှန်လို့ သောက်ရပါတယ်ရှင့်။ သမီး သိပ်နားမလည်လို့ရှင်းပြပေးပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

၈။ ဆရာရှင့် ကျွန်မ အသက်၂၄ပါ ရှင့်။ ဒီဆေးသောက်ရင် ဝက်ခြံပျောက်တယ်ပြောကြပါတယ်။ ၁ နှစ်သား ကလေးနို့တိုက်နေပါတယ်။

Diane-35 ဆေးထဲမှာ Cyproterone acetate 2 mg နဲ့ Ethinyl estradiol 0.035 mg ဆေးတွေရောပါတယ်။ Cyproterone ဆေးကို Antiandrogens ကျားဟော်မုန်းဆန့်ကျင်တဲ့ဖြစ်တယ်။ Ethinyl estradiol ဆေးက အီစထိုဂျင် ဟော်မုန်းဖြစ်တယ်။ ဒီဆေးကို ဝက်ခြံပျောက်ဆေးရယ်လို့ပေးတာသက်သက်မဟုတ်ပါ။ Androgenisation ခေါ် ဝက်ခြံများတာ၊ မျက်နှာအမွေးပေါက်တာ၊ ကိုယ်မွေးများတာစတဲ့ ယောက်ျားဆန်ဆန်ဖြစ်နေတာမျိုးအတွက် ပေးပါတယ်။ အဲလို အမျိုးသမီးတွေအတွက် တားဆေးအဖြစ်လည်းပေးတယ်။ ပုံမှန်တားဆေးအဖြစ် အမျိုးသမီးတိုင်းသုံးဘို့တော့ မဟုတ်ပါ။

အမျိုးသမီးတွေမှာ ဆိုးဝါးတဲ့ဝက်ခြံအတွက်ပေးတယ်။ တနေ့ ဆေး ၁ လုံး၊ ၂၁ ရက်ဆက်တိုက်သောက်ရမယ်။ ၇ ရက် နားထားရမယ်။ နေ့တိုင်း ဆေးသောက်ချိန်တူရမယ်။ ရာသီလတလ သွေးစဆင်းတဲ့ပဌမနေ့ကနေစသောက်ရမယ်။ ဝက်ခြံတွေသက်သာလာပြီးနောက်လည်း ၃-၄ လ ဆက် သောက်သင့်တယ်။ ထပ်ပေါက်လာပြန်ရင်ထပ်သောက်ရပါမယ်။ ကြားရက်သွေးနည်းနည်းစွန်းလည်းဆက်သောက်ပါ။

ကိုယ်ဝန်ရှိနေရင် ဆေးမသောက်ရပါ။ နို့တိုက်မိခင်အတွက် တိတိကျကျတားထားချက်တော့မရှိပါ။ အကျိုးကပိုရင် သောက်နိုင်တယ်။ Cholestatic jaundice အသားဝါရောဂါရှိဘူးသူမသောက်သင့်ပါ။ အသည်းမကောင်းသူလည်း မသင့်ပါ။ မျက်စိမှာသွေးကြောရောဂါရှိသူ၊ သွေးခဲရောဂါရှိသူ၊ ရင်သားကင်ဆာရှိသူ၊ ဆီးချိုဆိုးဆိုးဝါးဝါးရှိသူတွေကို မသောက်သင့်ပါ။ ဆေးကို တားဆေးအဖြစ်မသုံးသင့်ပါ။ မိုင်ဂရင်းရှိသူ၊ သွေးတိုးများသူလည်းသတိထားရမယ်။

ဘေးထွက်သက်ရောက်မှုများ = ရင်သားနာ၊ အရေပြားမှာ အညိုစက်ဖြစ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လိင်စိတ်ပြောင်း၊ ပျို့၊ အန်၊ ခြေထောက်ရောင်၊ မောပန်း၊ ကိုယ်အလေးချိန်ပြောင်း။

တခြားရောဂါတွေနဲ့ ဆေးတွေကိုလည်း မေးကြတယ်။ လူတဦးချင်းနဲ့ အခြေအနေတမျိုးချင်းကို ကြည့်ရပါတယ်။ ဘယ်ဟာက ဦးစားပေးသင့်လည်း ချင့်ချိန်ရတယ်။ တားဆေး တားနည်းမှန်သမျှ ရာသက်ပန် ကိုယ်ဝန်မရ မဖြစ်ပါ။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၅
၁၈-၅-၂ဝ၁၆
၁၃-၆-၂ဝ၁၆
၁ဝ-၈-၂ဝ၁၇
၁၉-၁၁-၂ဝ၁၇
၉-၁-၂ဝ၁၈
၁၃-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး