စာခြောက်ရုပ်

ရွှေရောင် မှည့်ဝင်း စပါးခင်း၏
ကန်သင်းဘေးစပ် မတ်တပ်ရပ်သည်
ရိုးပြတ်စည်ထုပ် စာခြောက်ရုပ်။

နံနက်စောစော နှင်းသောသောတွင်
အကြောစိမ့်မျှ ချမ်းတုန်လှသည်
တစတထွာ ခြုံစရာလျှင်
ပုဝါမရှိ အားမရှိ။

နေ့လယ်ခင်းချိန် နေပူချိန်တွင်
လိမ်ပိန်၍သာ နေရပါသည်
ရင်ဆာမပျောက် အာခြောက်ခြောက်။

နေ့ရောညပါ ဆက်၍သာလျှင်
ငါ့မှာစောင့်ကြပ် မလစ်လပ်စွ
မတ်တတ်နှင့်သာ ညောင်းညာလာခဲ့
သာသာကွေးကွေး ကန်သင်းဘေးတွင်
တရေးတမော မှေးလိုသည်။

စပါးခင်းသို့
ချင်းနင်းဝင်ရောက် စပါးကောက်၍
စားသောက်လိုအား ငှက်ငယ်များက
ငါ့အား မျက်စောင်းထိုးကြသေး။

တခါတုန်းက
ဘုန်းကြီးကျောင်းသား နွားကျောင်းသားတို့
လေးအားပြိုင်ခန်း လက်တည့်စမ်း၍
နှုတ်ခမ်းပဲ့ကျိုး ခေါင်းကအိုးသည်
သက်ဆိုးမရှေ ကွဲခဲ့လေ၏။

အို့ ဘဝတခို
မစိုမပြေ ရှိပါလေသည်
ရွှေရည်မှည့်ဝင်း စပါးခင်းမှ
တေးချင်းဟစ်အော် တကြော်ကြော်နှင့်
ပျော်ပျော်ရွှင်ရွှင် တေးသံလွင်ကို
ငါလျှင်ကြားရ ထိုခဏဝယ်
ဒုက္ခအားလုံး မေ့နိုင်၏။

အလယ်တန်း ကဗျာလက်ရွေးစင်စာအုပ်ပါ သင်းအောင်ရဲ့ကဗျာဖြစ်ပါတယ်။ ပုံကဝါးနေလို့ အားနာတယ်။ အွန်လိုင်းမှာ တင်ထားသူတွေက တတွေကို တစ်လုပ်ထားကြတယ်။ မလုပ်ကောင်းပါ။

မျက်စောင်းထိုးသူ နေပူကလူမကြောက်။ လေးအားပြိုင်သူ မထိုင်အားသူမကြောက်။

ရွှေရည်မှည့်ဝင်း မြန်မာစာစပါးခင်းမှ တေးချင်းဟစ်အော်သံ ကြားရပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁-၁၁-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ