Gaya ဂါယာ



ဂယာလား၊ ဂါယာလားဆရာ။

ပါဠိမှာ ဂယာ နဲ့ ဂါယာလို့ မပါ။ ဂါမ ခေါ် ရွာသာပါတယ်။ အိန္ဒိယကနေလာတဲ့ စာလုံးသာဖြစ်ပါတယ်။ အရင်ကတော့ မဇ္ဈိမဒေသလို့သာရေးကြတယ်။ ဘုရားပွင့်ရာနေရာကိုလည်း မဂဓတိုင်းလို့သာရေးသားကြတယ်။ နောက်မှာ သာသနာပြုနဲ့ ဘုရားဖူးခရီးစဉ်တွေအရ နိုင်ငံတကာအသုံးတွေကို သုံးလာကြရာကနေ ဂယာ သို့မဟုတ် ဂါယာကို သုံးလာတယ်။

ပထဝီဘာသာနဲ့ စွယ်စုံကျမ်းအရ ရေးပါမယ်။ အင်္ဂလိပ်လို Gaya လို့ရေးတယ်။ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ရှိတယ်။ ပတ္တနားမြို့နဲ့ ကီလိုမီတာ ၁ဝဝ အကွာမှာ။ ဗုဒ္ဓဘာသာ၊ ဟင်ဒူဘာသာနဲ့ ဂျိန်းဘာသာတို့အတွက် အမွန်အမြတ်နေရာတခု ဖြစ်တယ်။ မဟာယာနနဲ့ မဟာဘာရတ္ထလို စိတ်ကူးယဉ် အီပစ် ခေါ် ကဗျာရှည် စာရှည်တွေထဲမှာ ဇာတ်လမ်းတွေ ဆင်ထားတယ်။ ရာမ၊ လက္ခဏနဲ့ သီတာတို့ဇာတ်လမ်းက အဲဒီမှာတဲ့။

ဗုဒ္ဓဘာသာမှာတော့ တကယ်ဖြစ်စဉ်တော် နေရာဖြစ်တယ်။ မြတ်စွာဘုရား သစ္စာလေးပါး ထိုးထွင်း သိမြင်တော်မူခဲ့တဲ့နေရာ ဗုဒ္ခဂါယာကို Bodh Gaya လို့ရေးတယ်။ မဟာဗောဓိစေတီနေရာကို Mahabodhi Temple complex လို့ရေးတယ်။

Gaya အမည်ရဲ့ ဇစ်မြစ်က Gayasur ခေါ် မကောင်းဆိုးဝါးကနေလာပါသတဲ့။ Asura လို့လည်းခေါ်ပါသတဲ့။ ဟင်ဒူဘာသာ စာထဲမှာ ပါတာပါ။

ဂါယာဒေသဟာ မောရိယဧကရာဇ်လက်ထက် (321–187 BC) မှာ စည်ပင်ထွန်းကားခဲ့ပါတယ်။ Pataliputra ပါဋလိပုတ် ကိုပါ သိမ်းတယ်။ ကနေ့ ပတ္တနားဝန်းကျင်ဒေသဖြစ်တယ်။ Magadha မဂဓဒေသလို့လည်းခေါ်ပါတယ်။ ဂါယာဒေသ ရာဇဝင်မှာ မင်းဆက်တွေက တက်လိုက်ကျလိုက်။ ဘီစီ ၆ ရာစကတည်းက အေဒီ ၁၈ ရာစုအထိ ကြာတယ်။ မောရိယ ဧကရာဇ် Ashoka (272–232 BC) အာသောကမင်းကြီးကနေ ဗုဒ္ဓဘာသာကို ပြန်လည်ထွန်းကားအောင် ဆောင်ရွက်တော်မူခဲ့တယ်။

အေဒီ ၄ နဲ့ ၅ ကြား Gupta ဂုပတားဘုရင်က ဟင်ဒူဘာသာကို ထွန်းကားအောင်လုပ်တယ်။ အေဒီ ၁၂ ရာစုထဲမှာတော့ Muhammad Bakhtiyar Khilji မိုဟာမက်ဘုရင်က သိမ်းယူတယ်။ ၁၇၆၄ မှာ အင်္ဂလိပ်ကသိမ်းတယ်။ ၁၉၄၇ မှာ အိန္ဒိယ လွတ်လပ်ရေးရတယ်။

Bodh Gaya ဗုဒ္ခဂါယာအသံထွက်နည်း https://www.pronounceitright.com/pronunciation/bodh-gaya-7404
ဗုဒ်ဂါးယာလို့ သံထွက်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်