Monday, October 29, 2018

Trafficking for Organ Trade ကိုယ်အင်္ဂါအစိတ်အပိုင်း မှောင်ခိုရောင်းဝယ်ရေး

ဒေါက်တာ ဦးတင့်ဆွေရှင့် အာအက်အေက ကိုယ်တွင်းအင်္ဂါ မှောင်ခိုဈေးကွက်နှင့် မြန်မာနိုင်ငံအကြောင်း ဆရာ့ရဲ့ ဆွေးနွေးချက်ကို နားဆင်လိုက်ရပါတယ်။ ဆရာက ဆရာဝန်လဲဖြစ် ၁၉၉ဝ အနိုင်ရအမတ်၊ နိုင်ငံရေးသမားလဲဖြစ်လို့ ဒိကိစ္စကိုစဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာပေးပါရန် အထူးမေတ္တာရပ်ခံပါတယ်။ ဒီကိစ္စဟာ မြန်မာပြည်အတွက် issue အသစ်တခုဖြစ်လာနိုင်တာသေချာပါတယ်။ ဆွေးနွေးချက်များကို ကျွန်မတို့လဲ သဘောတူပါတယ်။ စိတ်ဝင်စားပါတယ်။ ကျေးဇူးပါဆရာ။ လေးစားစွာဖြင့်

ကျေးဇူး။ RFA ကနေမေးလို့ လက်တန်းဖြေလိုက်ရပါတယ်။ ထိုင်းနယ်စပ်မှာ ကိုယ်အင်္ဂါအစိတ်အပိုင်း မှောင်ခိုရောင်းဝယ်ရေးဂိုဏ်းတခု ဖမ်းမိတဲ့သတင်းနဲ့ ဆက်မေးတာဖြစ်ပါတယ်။

အဓမ္မခိုင်းစေမှု၊ လူမှောင်ခိုမှု၊ ကလေးသူငယ်ရောင်းဝယ်မှု၊ မိန်းကလေးတွေနဲ့ ကလေးသူငယ်တွေကို လိင်အတွက် ရောင်းဝယ်မှု စတာတွေနဲ့အတူ အသစ်ဖြစ်လာတဲ့ နယ်စပ်ဖြတ်ကျော်မှောင်ခိုရောင်းဝယ်ရေးဖြစ်လာပါတယ်။
ကိုယ်အင်္ဂါအစိတ်အပိုင်း မှောင်ခိုရောင်းဝယ်တာဟာ ရာဇဝတ်မှုဖြစ်ပါတယ်။ ခံရသူဆိုတာ အသက်အရွယ်မရွေးပါ။ ကျောက်ကပ်၊ အသည်းတွေကိုအများဆုံးဖြစ်တယ်။

(၃) မျိုးရှိတယ်။ ပဌမအမျိုးအစားမှာ အတင်းအကြပ် ဒါမှမဟုတ် လိမ်လည်လှည့်ဖျားပြီးလုပ်တာ။ နောက် လှူမဲ့၊ ရောင်းမဲ့သူကနေ ဘောင်ဝင်အောင်ဖြစ်စေ၊ ဘောင်မဲ့ဖြစ်စေပေးတာ။ တန်ရာတန်ကြေးရချင်ရမယ်၊ နည်းချင်လဲ နည်းမယ်။ နောက် ကာယကံရှင်က မသိလိုက်ပဲနဲ့ အင်္ဂါအစိတ်အပိုင်းကို ထုတ်ယူတာခံရတာဖြစ်တယ်။

ရာဇဝတ်မှုကို အုပ်စုလိုက်လုပ်ကြပါတယ်။ တချို့က သားကောင်းလိုက်ရှာကြတယ်။ ဆေးရုံတွေမှာ အလုပ်လုပ်နေသူတွေ၊ ဆရာဝန်၊ ဆရာမတွေလဲပါမယ်။ ကြားပွဲစားတွေရှိမယ်။ ငွေကြေးရင်းနှီးသူတွေရှိမယ်။ ကန်ထရိုက်သမားလဲရှိတယ်။ အင်္ဂါအစိတ်အပိုင်းထားသိုတဲ့ဘဏ်တွေလဲရှိသေးတယ်။

ဒီလိုကုသမှုဟာ လူနာအတွက် အသက်ကို ကယ်နိုင်လို့ အလွန်မတန်အကျိုးရှိလှပါတယ်။ လှူတဲ့သူမှာလဲ မွန်မြတ်တဲ့ ပြုနိုင်ခဲလှတဲ့ ဇီဝိတဒါနမှုကို ပြုရာရောက်တယ်။ ဒါပေမဲ့ဘာလို့ ဥပဒေကနေတားရသလဲ။ အင်္ဂါအစိတ်အပိုင်း ပေးလှူသူတွေထဲမှာ အမျိုးမျိုးရှိနေလို့ပါ။ စေတနာသုံးတန်ပြဌာန်းလို့လှူသူတွေအတွက် သာဓုခေါ်ရတယ်။ ဆင်းရဲလို့ ငွေကြေးလိုချင်လို့လှူရသူကိုလဲ အပြစ်ဆိုဘို့ရာမသင့်ပါ။ ဒါပေမဲ့ အဲလိုလူတွေအပေါ်ကနေ ဖြတ်စားသူတွေရှိတယ်။ အဆုံးဆုံးတခုက ကိုယ့်အင်္ဂါအစိတ်အပိုင်းကို ထုတ်ယူလိုက်တာကို မသိလိုက်ရတာဖြစ်ပါတယ်။

လှူသူတွေနဲ့ ရောင်းသူတွေအပြင် အဲလို မသမာနည်းနဲ့လုပ်တာတွေက ဆင်းရဲတဲ့တိုင်ပြည်တွေက အများဆုံးဖြစ်နေတယ်။
ဆင်းရဲတဲ့အထဲ ဆိုးတာက မသမာမှုနဲ့ အကတိလိုက်စားမှုပါတာ၊ တရားဥပဒေစိုးမိုးမှုအားနည်းတာတွေ ဖြစ်ပါတယ်။

ဒီလိုအတွက် ကုလသမဂ္ဂကနေပြဌာန်းချက်တွေ ထုတ်ထားတာရှိတယ်။
၁။ UN Protocol to Prevent, Suppress and Punish Trafficking in Persons
၂။ Optional Protocol on the sale of children, child prostitution and child pornography (2000) to the UN Convention on the Rights of the Child (1989)
၃။ Guiding Principles on Human Organ Transplantation (1991) of WHO
၎။ Additional Protocol to the European Convention on Human Rights and Biomedicine Concerning Transplantation of Organs and Tissues of Human Origin (2002)

ချမ်းသာတဲ့တိုင်းပြည်တွေမှာ ဥပဒေတင်းကြပ်လို့ အလှူရှင်မရနိုင်လို့ အချိန်အကြာကြီးစောင့်ကြရတယ်။ တချို့က အိန္ဒိယနဲ့ ထိုင်းကိုလာပြီး ဆေးကုကြတယ်။ လှူတဲ့သူရှာရခက်လို့ ဝယ်ကြတယ်။ မှောင်ခိုလုပ်ငန်းကို အားပေးရာကျနေပြန်တယ်။
ဥပဒေကြောင့် လူနာမှာ နစ်နာစေနိုင်တယ်။ သူများနိုင်ငံတွေမှာ မြန်မာနိုင်ငံနဲ့မတူပါ။ ဥပဒေဆိုတာ လိုရင်ပြင်နိုင်တယ်။ အပြန်အလှန်တင်ပြ၊ ငြင်းခုန်၊ မဲပေးသူကို တကယ်ကိုယ်စားပြုတဲ့ပါလီမန်မှာ အခြေတင်ဆွေးနွေးကြတယ်။ ကင့်ပိန်း လုပ်သူတွေကလုပ်ကြ၊ မီဒီယာကနေလဲဝင်ကူကြနဲ့ ပိုကောင်းတဲ့ဥပဒေကိုဖြစ်စေနိုင်တယ်။

အမေရိကမှာ ကျောက်ကပ်လဲဘို့ ပျမ်းမျှ ၃ နှစ်ကနေ ၅ နှစ်စောင့်ရတယ်။ ဂျာမနီမှာ ၆ နှစ်။ သူတို့ဆီမှာ
United Network for Organ Sharing ဆိုတဲ့ အမြတ်မယူအဖွဲ့အစည်းမျိုးက စောင့်ကြည့်နေတယ်။ ၂ဝ၁ဝ တုံးက WHO ဖေါ်ပြချက်တခုအရ ကျောက်ကပ်ပေါင်း ၁ဝဝဝဝ မှောင်ခိုရောင်းဝယ်မှုရှိခဲ့တယ်။ တနာရီမှာ ကျောက်ကပ်တခုနှုန်းနဲ့ညီတယ်။

ဥရောပနိုင်ငံတွေအတွက် မှောင်ခိုလုပ်ငန်းကို အီဂျစ်၊ ကိုဆိုဗိုနဲ့ တရုတ်နိုင်ငံတွေကနေလာတယ်။ ဥပမာ ကိုဆိုဗိုက ကျောက်ကပ်လှူသူဟာ ဒေါ်လာ ၁ဝဝဝဝ ရပြီး လူနာပေးရတာက ဒေါ်လာ ၁၃ဝဝဝဝ ဖြစ်တယ်။ တရုတ်ပြည်မှာ ကျောက်ကပ်လိုနေသူပေါင်း ၁့၅ သန်းရှိတယ်။

မြန်မာပြည်ကလူနာတွေ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုခံယူဘို့ရာ အများစုသွားကြရတာက အိန္ဒိယ၊ ထိုင်းနဲ့ စင်္ကာပူနိုင်ငံတွေကိုဖြစ်တယ်။ မြန်မာပြည်မှာ အဲလိုအရာတွေမှန်သမျှ အားနည်းတာနဲ့ မဖြစ်နိုင်တာတွေသာများတယ်။ လူနာအတွက် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အလွယ်တကူမလဲနိုင်ကြပါ။

ဒါကြောင့် တရားဥပဒေစိုးမိုးရေး မလုပ်တဲ့၊ အဂတိလိုက်စားမှု လွန်ကဲတဲ့၊ အာဏာယူထားသူတွေကို အစားထိုးလဲလှယ်ရေး လုပ်နိုင်မှသာ မြန်မာပြည်ကလူနာတွေ ချမ်းသာရာရမယ် ထင်ပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၄
၂၉-၁ဝ-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...