Daylight Saving Time နေ့အလင်းရောင်ချွေတာရေး နာရီပြောင်းစနစ်
ဆရာရှင့် ဆရာ့ဘက်မှာ ရာသီဥတုအေးနေသလို ကျွန်မတို့ဆီမှာလည်း အေးနေပါပြီရှင့်။ ၂၈ ရက်နေ့ဆိုလျှင် နာရီကို နောက်တနာရီဆုတ်ရပါမယ်။ အဲ့ဒါဆို ဆောင်းတွင်းရောက်ပါပြီ။ ဒီလိုဆောင်းတွင်းရောက်လာတိုင်း အောက်တိုဘာလ နောက်ဆုံးပတ် တနင်္ဂနွေနေ့ဆို နာရီကိုနောက်တနာရီဆုတ်ရပြီး နွေရောက်ရင် နောက်တနာရီတိုးရပါတယ်။ Asia တွေကလွဲရင် တကမ္ဘာလုံးက တိုင်းပြည်တွေက ဒီလိုဘဲ ဒီလိုရွှေ့ရတာလား၊ ဒါမှမဟုတ် ဆရာတို့နဲ့ Europe ဘက်တွေဘဲလားဆိုတာ ကျွန်မသိချင်ပါတယ်ဆရာရှင့်။
အမေရိကမှာ နေရင်းထိုင်ရင်း နာရီပြောင်းပေးရတာ တနှစ်မှာ ၂ ခါ။ နာရီပြောင်းရတဲ့ အလေ့အထကနေ အင်နာဂျီ ချွေတာစေတယ်။ နေ့အချိန် နေအလင်းရောင်ကို ပိုပြီးကောင်းကောင်း အသုံးချစေမယ်။ သုံးစွဲလာတာ နှစ် ၁ဝဝ လောက် ရှိနေပြီ။ အမေရိကန်သမတ ဘင်ဂျမင်ဖရင့်ကလင်က An Economical Project for Diminishing the Cost of Light ဆောင်းပါးကို ၁၇၈၄ တုံးကရေးခဲ့တယ်။
ဒီစနစ်ရဲ့ အဓိကပညာရှင်ကတော့ နယူးဇီလန်သား ဂျော့ခ်ျ ဗာမွန် ဟဒ်ဆန် ဖြစ်တယ်။ ၁၈၉၅ မှာ သူက Wellington Philosophical Society ထဲမှာ အောက်တိုဘာလနဲ့ မတ်လတွေမှာ ၂ နာရီစီပြောင်းဖို့ အကြံပြုလိုက်တယ်။ ဗြိတိသျှလူမျိုး ယီလီယန် ဝေးလက်က ၁၉ဝ၅ မှာ ဧပြီလမှာ တနင်္ဂနွေ ၄ ရက်တိုင်းမှာ မိနစ် ၂ဝ ကျ ရွေ့ဖို့ အဆိုပြုခဲ့တယ်။ အလားတူ စက်တင်္ဘဘာမှာလည်း အဲလိုပဲပြန်ရွေ့ဖို့ဖြစ်တယ်။ ၁၉ဝ၉ မှာ ပထမဆုံး ဥပဒေတင်ပေမဲ့ တော်တော်နဲ့မကျနိုင်ဘူး။ ဂျာမဏီဟာ ၃ဝ-၄-၁၉၁၆ ကစပြီး ပဌမဆုံးသုံးခဲ့တဲ့တိုင်းပြည်ဖြစ်လာတယ်။ ၃ဝ-၄-၁၉၁၆ နေ့ ည ၁၁ နာရီမှာ ရှေ့ကို တနာရီ ရွေ့စေတယ်။
ကနေ့ နေ့အလင်းရောင် ချွေတာရေး နာရီပြောင်းစနစ်ကိုသုံးနေတာ နိုင်ငံပေါင်း ၈၅ နိုင်ငံရှိတယ်။ ဒီလိုလုပ်တဲ့စနစ်ကို ထားသင့်မသင့် ငြင်းကြပါတယ်။ အမေရိကန်တွေကို ဆန်းစစ်မှုလုပ်တော့ ဆက်ထားသင့်သူက ၃၇% ရှိပြီး၊ ၄၅% က မထားပါနဲ့တဲ့။ လုံခြုံရေး စိုးရိမ်ချက်။ အိပ်ရာဝင်ချိန်ထချိန် အပြောင်းအလဲလုပ်ရမယ်။ ယာဉ်အန္တရာယ်ရှိနိုင်တယ်။ ကျန်းမာရေးအန္တရာယ်။ လေ့လာမှုလုပ်တော့ ကျန်းမာရေးကို သက်ရောက်တာ တွေ့ရပါတယ်။ နှလုံးအတက်ခ်ပိုရတယ်။ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းများတယ်။ စိတ်ဓါတ်ကျတာ ပိုတယ်။ အိပ်ချိန် ကသိကအောင့်ဖြစ်မယ်။ တောင်သူတွေအမြင်က ဘာလုပ်လုပ် မထူးပါဘူးတဲ့။
ကွန်ပြူတာနဲ့ဆက်ထားတဲ့အချိန်တွေကတော့ အလိုလိုပြောင်းပေးထားလို့ တော်သေးတယ်။ နံရံကပ်နာရီ၊ နိုးစက်နာရီနဲ့ မီးဖိုသုံးစရာတွေကနာရီတွေကိုတော့ ချိန်ကိုက်လုပ်ယူရတယ်။
အမေရိကမှာ ဒုတိယကမ္ဘာစစ်အတွင်း ၉-၂-၁၉၄၂ ကနေ ၃ဝ-၉-၁၉၄၅ အထိ War Time ကိုလုပ်ခဲ့တယ်။ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရအပြီး ရက် ၄ဝ မှာဖြစ်တယ်။ Eastern War Time, Central War Time, Pacific War Time လို့ခေါ်တယ်။ ၁၉၄၅ သြဂတ်စ်လလယ်မှာ ဂျပန်က လက်နက်ချတော့ Peace Time လို့ ခေါ်တယ်။
၂ဝ၁၈ ခုနှစ်အတွင်း မတ်လ ၁၁ ရက်နေ့က တနာရီရှေ့တိုးခဲ့ရပြီး နိုဝင်္ဘာ ၄ ရက်နေ့မှာ တနာရီနောက်ဆုတ်ရပါမယ်။ မှတ်ရတာလွယ်အောင် စပရင်း ဖေါဝဒ်၊ ဖေါလ် ဘက်။
ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၁ဝ၁၈

Comments
Post a Comment