စာမဖတ်သူကရေးရေး ဘုရင်ကရေးရေး

ကွန်မင့်တခုရတယ်။ ကျေးဇူး။

ဆရာ့ကို ကြည့်ရတာ မြန်မာစာအဖွဲ့က မြန်မာစာပညာရှင်ကြီးတွေ ပြုစုတဲ့ စာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာအဘိဓာန်၊ မြန်မာ အင်္ဂလိပ်အဘိဓာန်၊ အင်္ဂလိပ် မြန်မာအဘိဓာန်၊ မြန်မာစာ မြန်မာစကား စာအုပ်တွေကို တလေးတစားနဲ့ နေ့စဉ်နဲ့အမျှ ကိုးကား ရေးသားသုံးစွဲနေသူတွေနဲ့ ဘာသတ်ပုံကျမ်းမှ မကြည့်၊ ဘာအဘိဓာန်မှလည်း မကိုးကားဘဲ ခေါင်းထဲ ပေါ်သလို စည်းမရှိကမ်းမရှိ ပေါက်လွှတ်ပဲစား ရေးသားသုံးစွဲနေကြသူတွေကို တအုပ်စုတည်းလို့ သတ်မှတ်ပြီး ရောထွေးယှက်တင် ဖြစ်နေပုံပါပဲ။ ဝါးလုံးကို ဟိုဒင်းသုတ်ပြီး လျှောက်ပတ်ရမ်းနေသလို ဖြစ်နေပါတယ်ဆရာ။

မြန်မာစာ ယဉ်ကျေးမှု သုတစာတွေ ပုဒ်ရေ တထောင်လောက်ရှိပြီ။ အရေအတွက် ဘယ်လောက်ကိုဖတ်မိပြီး ဆွဲထာတဲ့ ကောက်ချက်လဲ စဉ်းစားနေပါတယ်။

ကွန်မင့်ကို ထပ်ဖတ်ပါတယ်။ ကျွန်တော်က မေးခွန်းတွေနဲ့ ဖေ့စ်ဘွတ်မှာရေးတာတချို့ကိုဖတ်ပါတယ်။ တနေ့မှာ စာရေးသူ အယောက် ၅ဝ ကျော်တယ်။ စာအုပ်ကြော်ငြာတွေလည်း ဖတ်တယ်။ သီချင်း၊ တရား၊ ဆုတောင်းစာတွေလည်းဖတ်တယ်။ ဆုရတယ်ဆိုတဲ့စာအုပ်တွေလည်း သိပါတယ်။ ဘာကျန်သေးလဲ စဉ်းစားရပြန်တယ်။

မြန်မာစာပညာရှင်ကြီးတွေဆိုတာ ခုခေတ်ပေါ်သူတွေကိုသာ ခေါ်တယ်လို့ ကျွန်တော်က မထင်။ ကျွန်တော်က လက်ရှိ မြန်မာစာအဖွဲ့ကထုတ်တဲ့ထဲက တချို့သတ်ပုံတွေကို သဘောမတူကြောင်းရေးပါတယ်။ မနေ့ကပဲ မြန်မာစာအဖွဲ့က တဦးက ဘီဘီစီကိုပြောတဲ့ ပဲ နဲ့ ဘဲအယူအဆက ကျွန်တော်ရေးတာနဲ့ အတူတူပဲ။ စာအုပ်ထဲမှာက မှားနေတာ။

စာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာအဘိဓာန်၊ မြန်မာ အင်္ဂလိပ်အဘိဓာန်၊ အင်္ဂလိပ် မြန်မာအဘိဓာန်၊ မြန်မာစာ မြန်မာစကား စာအုပ်တွေထဲက မှားနေ လွဲနေတာတွေကို အဓိကပြောချင်တာ။

အကုသိုလ်ဆိုတာ ဘုန်းကြီးကျောင်းသားကလုပ်လုပ် ကျောင်းထိုင်ဆရာတော်ကလုပ်လုပ် အတူတူပဲ။ အမှားဆိုတာ စာမဖတ်သူကရေးရေး ဘုရင်ကရေးရေး အတူတူပဲ။ ရောချလို့ရတဲ့သဘော။

ဒေါက်တာတင့်ဆွေ
၂၈-၁၀-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ