My Parents အမေအဖေ့ ဓါတ်ပုံ

ကျွန်တော့်အမေက မင်းတိုင်ပင်တိုက်နယ်သူကြီးသမီး။ သူပုန်တွေနဲ့ အမျိုးတော်တဲ့ အဖေနဲ့အိမ်ထောင်ကျပြီး၊ သားသမီးတွေ တယောက်ပြီး တယောက် ထွန်းပေါက်တယ်။ ကျွန်တော်မိဘတွေဟာ အသက်ရလေလေ စီးပွါးရေး ကြပ်တည်းလေလေ။ သူတို့က သားသမီးတွေကို ပညာအမွေပေးနိုင်ဘို့ထက် ဘာတခုမှမတွက်ခဲ့ကြပါ။ ကျွန်တော် ဆရာဝန်ဖြစ်လာဘို့ရာ ညီတွေ နှမတွေက အနစ်နာခံပေးကြရတယ်။

မိဘတွေ အိုကံမကောင်းကြတာမှာ သားနှစ်ယောက်က နိုင်ငံရေးထဲဝင်ပါခဲ့လို့။ အမေဆုံးပြီး နှစ်ပါတ်ကြာမှသာ ညီက မုံရွာထောင်ကလွတ်တယ်။ ကျွန်တော်က တိုင်းပြည်ထဲမှာမရှိပါ။ သူရေးတဲ့ ကျေးဇူးဂုဏ်စိုင် မကုန်နိုင်ဘူး (သို့) အမေ့ မုသားစကားရှစ်ခွန်း တင်ထားတာကို ဖတ်ရတယ်။ ကျွန်တော်ကတော့ အမေဆုံးတဲ့သတင်းရော ညီထောင်က ထွက်တဲ့သတင်းပါ လေးလကြာမှသာ သိခွင့်ရခဲ့တယ်။

ဆရာဝန်ဖြစ်အောင်သင်ပေးထားတဲ့သူ့သားဟာ အမေခြေကျိုးတာကို ကုသပေးခွင့် မရလိုက်ပါ။ သူငယ်ချင်းက ကြည့်ပေးတယ်။ သူလည်း ဆုံးသွားပြီ။

အဖေဆုံးတဲ့ရက်ကိုတော့ နေ့ချင်းဆိုသလို သိခွင့်ရတယ်။ သူတို့ကျန်းမာရေးနဲ့ အသုဘအတွက် ဝါယမစိုက်ကြတဲ့ သွေးသားဆွေမျိုးတွေနဲ့ နိုင်ငံရေးဆွေမျိုးတွေကို ကျေးဇူးတင်ဆဲ။ အဲဒီဆွေမျိုးတွေ ကျန်းမာချမ်းသာကြပါစေ။

အမေနဲ့ အဖေ့ဓါတ်ပုံတွေကို ၅-၁၂-၂ဝ၁၄ ကနေ့မနက်မှာ ရပါတယ်။ တိုင်းပြည်ကထွက်ရပြီးနောက် (၂၄) နှစ် ကြာမှသာ ရတာ။ အဖေဆုံးမခဲ့တာတွေ အခုထိကြားနေဆဲ။ အမေချက်ကျွေးခဲ့တာတွေ အခုထိ အရသာရှိဆဲ။

ကျွန်တော်တို့မိဘတွေ နောက်ဘဝတွေမှာ မင်းဆိုးဒဏ်သင့်သူတွေနဲ့ ကင်းပါစေ။ မြန်မာပြည်သူတွေ မင်းဆိုးဘေးက ဝေးပါစေ။ သီတင်းကျွတ်မှာ မိဘကျေးဇူးဆပ်နိုင်သူတွေ များပြားပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅
၂၈-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ