ဆောင်းအမီ

ဆောင်းအမီကို ဆောင်းအမှီလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြန်ဆိုသီချင်း တင်ထားတာတွေ့တယ်။ မီ နဲ့ မှီ အတော်မှားကြတယ်။

တေးရေး သောတမောင်၊ အဆို မေလှမြိုင်သီချင်းတင်ထားတာကတော့ ဆောင်းအမီ မှန်တယ်။

- အချိန်မတိုင်မှီ ကြွေလွင့်ခဲ့ရတဲ့ မြန်မာ့အနုပညာကြယ်ပွင့်များ (မမှန်)

- ခေတ်မှီ နေဆဲ တကွက် ကာတွန်း (မမှန်)

- ကိုယ်ဉာဏ်မမှီ မသိတဲ့ အရာတွေကို စဉ်းစားပြီးမှ ပြောကြပါ။ (မမှန်)

၁။ ကျွန်တော် မြန်မာစာအသုံးမှာ မီနဲ့မှီ အသုံးကို သိချင်လို့ပါဆရာ ဖြေပေးနိုင်မလားဗျ

၂။ ဆရာခဗျား ခါတော်မှီ နှင့် ခါတော်မီ မှာဘယ်ဟာကစာလုံးပေါင်းအမှန်လဲခဗျား။ လေးစားစွာဖြင့်။

၃။ အပမီ၊ အပမှီ။ ဘယ်ဟာ အမှန်လဲဆရာ။

၎။ ဆရာရှင့် မီ/မှီ သုံးတာအရမ်းမှားနေလို့ ရှင်းပြပေးပါရှင့်။ မမီမကမ်း၊ လှတာလိုက်လို့မမီ၊ သူ့အလှမမီ၊ တိုင်မှီ။ မှီခိုဆိုတာ မှန်လားရှင့်။ ဘယ်ပန်းချီရေးလို့မမီ၊ မကြာမီတွေမှာ ဟထိုးလိုလားရှင့်။ လူတွေ အရမ်းရေးကြတာ လှတာလိုက်လို့မမှီဘူးလို့ ဒါလဲဟထိုးပါရင် မှန်လားရှင့်။

မီ ဆိုတာ မတိုင်ခင်ကသဘောမှာ သုံးတယ်။ မ နဲ့တွဲပြီးသုံးတယ်။
မတိုင်မီ၊
မကြာမီ၊
မလာမီ၊
မသွားမီ၊
မပြောမီ၊
အချိန်မစေ့မီ။

နိုင်သည်သဘောလည်းသုံးတယ်။ လှမ်းယူလို့ရနိုင်သည်၊ လိုက်လို့ရနိုင်သည်။
မီအောင်လိုက်ပါ၊
မီအောင်ဆိုပါ။

မှီ ကို အားကိုးအားထားပြုသည်မှာသုံးတယ်။
တိုင်ကိုမှီနေသည်၊
မှီကပ်နေသည်၊
မှီတင်းနေထိုင်ကြသည်၊
မှီငြမ်းပြုသည်၊
မှီဝဲပါ၊
မှီအုံး၊
မှီခိုသူ။

လှတာလိုက်လို့မမှီဘူးလို့ရေးတာ မမှန်ပါ။ လှတာလိုက်လို့မမီဘူးဆိုတာ သူတပါးလှတာကို လိုက်လို့မမီဘူးလို့ ရေးချင်တာ ထင်တယ်။ လှတာက နာမဝိသေသန (သို့) နာမ်။ မမီဘူးဆိုတာက ကြိယာဝိသေသန။ သဒ္ဒါအရ မှားတယ်။ လှတာကို မှီခိုတာဆိုရင် အဓိပ္ပါယ်တမျိုးဖြစ်တယ်။ သူ့အလှကို လိုက်မမီဆိုရင် မှန်တယ်။

အပမှီအသုံးက သတ်ပုံစာအုပ်တွေမှာမပါ။ အပ ပယောဂဝင်တာကိုဆိုချင်တာဆိုရင် အပမှီသာသုံးသင့်တယ်ထင်ပါတယ်။ သတ်ပုံကိုသာပြောတာ၊ တကယ်တော့ အဲလိုဖြစ်တာ မရှိပါ။ စိတ်အခြေအနေတခုကိုပြောကြတာဖြစ်တယ်။

တုပ်ကွေးကာကွယ်ရေး ပညာပေးစာတခုမှာ သတ်ပုံတွေမှားနေလို့။ တုပ်ကွေးရောဂါလက္ခဏာပြပြီး ပုံမှန်ဆေးကုသကြည့်၍ ၂ ရက်အထက်နေလို့မှ မသက်သာလျှင် နီးစပ်ရာဆေးရုံများသို့ အချိန်မီ သွားရောက်ရမည်ဖြစ်ပါသည်။ ရေးထားတာ တုတ်ကွေးဖြစ်နေတယ်။ တုပ်ကွေးဖြစ်တယ်။ လျင်ဖြစ်နေတယ်။ လျှင်ဖြစ်ရမယ်။ မလိုအပ်ပဲသွားလာခြင်းလို့ရေးထားတယ်။

မကြာမီလာမည် မျှော်။ ကြီးရင် ချီ ငယ်ရင်မှီ။

မောင်ပန်းမွှေး ယုန်လိုက်တယ်။ တောကျောင်းဘုန်းကြီး မြင်လိုက်တယ်။ လိုက်ကြပါလား တပည့်များ။ လိုက်လို့မမီ ပြေးပြန်ပြီ။ (အမည်မသိစာဆို)

ခေတ်မီမီ ကမ္ဘာကြီးရှုမြင့့် ခေတ်ရော ရှေးမီ သမားကျော်များပင့့်
ကိုအံ့ကြီး - လူချွှန်လူကောင်း https://www.youtube.com/watch?v=SSc8clgK3oE

ဘယ်ပန်းချီရေးလို့  မမီ (ဇော်ဝမ်း) https://www.youtube.com/watch?v=SnbTOvfewq0

ဆောင်းအမီ - စောင်းလှိုင်ဝင်းမောင် နှင့် အဖွဲ့ https://www.youtube.com/watch?v=bebmS0ScU8Y

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး