ကြိယာဝိသေသန

ကြိယာကို ထူးခြားစေသောပုဒ်ကို ကြိယာဝိသေသနဟုခေါ်သည်။
၁။ နောက်ဆက်မဲ့ ကြိယာဝိသေသနသက်သက်
နက်ဖြန် ငါလာမည်။
ချက်ခြင်း သွားပါ။
ယခု ငါ မပြောနိုင်သေး။
အလကား အိပ်မနေပါနှင့်။
ဤမိန်းကလေး အလွန်ချောသည်။
အမှန် ငါ သိသည်။
ဘုရား ဧကန် ဖြစ်လိမ့်မည်။

၂။ ကြိယာနောက်က စွာ နောက်ဆက်တွဲသော ကြိယာဝိသေသန
သားသည် မိခင်အား ကောင်းမွန်စွာ လုပ်ကျွေး၏။
သူတို့ ညီညွတ်စွာ နေထိုင်ကြ၏။

၃။ နှစ်လုံးထပ် ကြိယာဝိသေသန
မြန်မြန် လာပါ။
တိုးတိုး ပြောပါ။
အမျက် ချောင်းချောင်းထွက်၏။
ငါ့စာအုပ်ကို လျင်လျင်ပေးလိုက်ပါ။

၎။ နှစ်လုံးထပ်ရှေ့က အ တွဲသော ကြိယာဝိသေသန
လူကလေးတို့သည် အချင်းချင်း ရိုက်ပုတ်ကြသည်။
ဤသို့ အကြိမ်ကြိမ်မပြုပါနှင့်။
သစ်ပင်တို့သည် အပိုင်းပိုင်းပြတ်ကုန်၏။

၅။ နှစ်လုံးထပ်ရှေ့က တ ကိုလည်း တွဲနိုင်သည်။
သူသည် သူခိုးကို တစိမ့်စိမ့်ကြည့်၏။
လျှပ်စစ်တို့သည် တညီးညီးပြက်ကုန်၏။
စစ်သားတို့သည် တဖြည်းဖြည်းချီတက်ကြ၏။

၆။ များသောအားဖြင့် စကားထပ်သော လေးလုံးစပ် ကြိယာဝိသေသန
သူသည် အိမ်မှ အဆောတလျင် ထွက်သွား၏။
တမြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။
လူအပေါင်းတို့သည် သောင်းသောင်းအုတ်အုတ် ငိုကြွေးကြ၏။
မေ့မေ့လျော့လျော့  မနေပါနှင့်။
သူတို့ ကတိုက်ကရိုက်သွားကြ၏။

၇။ အ တွဲ ကြိယာနာမ်ကို ကြိယာဝိသေသနကဲ့သို့ သုံးနိုင်သည်။
အကြည်အနူး ခွင့်တောင်း၏။
အသာအကြည် ခွင့်လွှတ်တော်မူပါ။
သူတို့သည် အမေ့အကျန်နေကြသည်။

မြန်မာ့စွယ်စုံကျမ်းပါ မြန်မာသဒ္ဒါထဲက ကောက်နှုတ်ချက်ဖြစ်ပါတယ်။
သူသည် သူခိုးကို တစ်စိမ့်စိမ့်ကြည့်၏ မဟုတ်ပါ။
လျှပ်စစ်တို့သည် တစ်ညီးညီးပြက်ကုန်၏ မဟုတ်ပါ။
စစ်သားတို့သည် တစ်ဖြည်းဖြည်းချီတက်ကြ၏ မဟုတ်ပါ။
သူသည် အိမ်မှ အဆောတစ်လျင် ထွက်သွား၏ မဟုတ်ပါ။
တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏ မဟုတ်ပါ။

နောက်ပေါက် မြန်မာစာဆရာ စာရေးဆရာ ကဗျာဆရာတို့သည် မြန်မာစာသတ်ပုံမှန်ကို အမေ့အကျန်နေကြသည်။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး