Monsieur မွန်စီယာ
ချစ်စနိုးခေါ်တာတွေ၊ ရင်းနှီးလို့ခေါ်တာတွေ၊ တလေးတစားခေါ်တာတွေ၊ ရာထူးအရခေါ်တာတွေ ပြောင်းကုန်ပြီလား။ ယဉ်ယဉ်ကျေးကျေးနဲ့ စံကိုက်အသုံးတွေကို ပြောတာပါ။
ခေတ်ကာလအရ ပြောင်းတာတွေရှိပါတယ်။ ကျွန်တော်တို့ငယ်စဉ်က လူကြီးသူမတွေခေါ်ခဲ့ကြတာတွေ တချို့ကို မသုံးတော့ပါ။ ကျေးတော်မျိုး၊ ကျွန်တော်မျိုး၊ သခင်မ၊ အရှင်မ၊ ဘုရား၊ အကျွန်၊ အကျွန်မ၊ သွေးသောက်၊ ကိုရင်၊့
ခုလူတွေ ပြောဆိုကြတာထက် ရေးတာတွေတော့ ဖတ်လို့သိရပါတယ်။ ဖရင်းတဲ့။ ကျန်တာတွေကိုတော့ စာထဲ တည့်မရေးချင်ပါ။ သူဌေးစာလုံးက ပျောက်နေပြီးသား တခါပြန်ကြော့လာတာပါ။
အခု လူတွေ့ရင် ဘယ်သူ့ကိုဖြစ်ဖြစ် အမျိုးစပ်ခေါ်နေကြတယ်။ အရင်က ကျောင်းဆရာဆရာမနဲ့ ဆရာဝန်တွေကို အမျိုးစပ်မခေါ်ကြပါ။ ဆရာဝန်ဆီစာရေးတာ ဟိုင်းတဲ့။
ကိုယ့်ကိုယ်ကို ဖေါ်ပြကြတာတွေကလည်း ကျွန်တော့်အဖို့တော့ တမျိုးဖြစ်နေတယ်။ ဘယ်လိုလူကိုပြောပြော သားတဲ့ သမီးတဲ့။ အကို အမကတော့ အရင်ကလည်းခေါ်ပါတယ်။
အဘရောဂါတော့ ပြောလွန်းလို့ထင်တယ်၊ နည်းလာပြီ။ အဘအကျင့်တွေပါ ပျောက်ပါစေသတည်း။ ကျွန်စနစ်မကြိုက်လို့ ကျွန်တော်မသုံးဘူး ဆိုတာတွေ ဖတ်ရတယ်။ သခင်စိတ်ကော မွေးရဲ့လား။ အဘခေါ်နေသူတွေ ကြီးလာရင် အဘဖြစ်ချင်ကြမှာ စိုးရိမ်တယ်။
ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၈

Comments
Post a Comment