The Citadel ဆရာဝန် စာရေးခြင်း

ဆရာဝန်ဖြစ်ပြီး ဆေးစာမဟုတ်တာတွေရေးလို့ အပြစ်တော်တင်သူတွေ တခါတခါပေါ်လာတယ်။ အစောပိုင်းကတော့ နိုင်ငံရေးအခြေခံမတူတဲ့ တခြားဘက်ကပိုက်ဆံရနေသူတွေ။ နောက်တော့ တစ်ပေါ်လစီသတ်ပုံဘက်ကနေ ရှေ့နေလိုက်သူတွေ။ တချို့ကတော့ တမင်ကို အမြင်ကပ်နေလို့ဖြစ်မယ်။

ကျွန်တော်ကျောင်းသားကတည်းက အေဂျေ ခရော်နင်ရဲ့ The Citadel ဘာသာပြန်စာအုပ်ကို ဖတ်ဖူးခဲ့တယ်။ A J Cronin ဟာ နာမည်အလွန်ကြီးတဲ့ ဆရာဝန်စာရေးဆရာတဦးပါ။ စကော့လူမျိုးဖြစ်တယ်။ ၁၉၈၁ ကတည်းက ကွယ်လွန်သွားပါပြီ။ သူ့စာတွေကနေ့အထိ အလေးထားဖတ်နေကြ၊ ဘာသာပြန်နေကြဆဲပါ။ အူသိမ်အနာဖြစ်လို့ (၆) လအနားယူရတုန်း ၁၉၃ဝ မှာ နွားနို့သောက်ပြီး စာတွေ စရေးပါတယ်။ သူရေးတဲ့စာအုပ် အတော်များများဟာ ရောင်းရအကောင်းဆုံးတွေ ဖြစ်ခဲ့ပါတယ်။

၁၉၃၇ မှာ သူရေးခဲ့တဲ့ အဲဒီစာအုပ်ထဲမှာ ဝေလနယ်က မိုင်းတွင်းကို နောက်ခံထားရေးပါတယ်။ သူကျန်းမာရေး စစ်ဆေးသူအရာရှိဘဝမှာ တွေ့တာကို အခြေခံပါတယ်။ ဒီစာအုပ်ကြောင့်သာ ကနေ့ အင်္ဂလန်မှာ သြဇာအာဏာရှိတဲ့ အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုများဌာန ဖြစ်လာတာဖြစ်ပါတယ်။

ရဲတိုက်ကို အင်္ဂလိပ်လို ကက်စတယ်လ်လို့သာသိတယ်။ ဘာသာပြန်စာအုပ်ကိုဖတ်မှ စီတာဒယ်လ်ကိုလည်း ခံတပ်လို့ ထပ်သိလာပါတယ်။ အဲဒီစာအုပ်ကို ၁၉၃၇ ကတည်းကရေးခဲ့စဉ်က စိတ်ကူးယဉ်ထက်သာတယ်။ သူဆရာဝန်ဖြစ်စက လုပ်ငန်းခွင်အတွေ့အကြုံကို အခြေခံရေးတဲ့ဝတ္ထုဖြစ်ပါတယ်။ ဝေလနယ်မှာ မိုင်းဆရာဝန်လုပ်ရတယ်။ ဇာတ်လိုက်ဆရာဝန်က စံပြဆရာဝန်ဖြစ်ချင်တယ်။ အဲတော့ စနစ်ဟောင်းနဲ့ ဝိရောဓိဖြစ်လာရော။ လူနာတွေက သူ့ကို ကြည်ညိုကိုးစားလာကြပေမယ့် ရှိနေတဲ့လူမှုရေးစံနဲ့ သူသဘောကျတဲ့ ဆေးပညာစံကြားမှာ ပဋိပက္ခဖြစ်ပွါးတယ်။

သူက လူနာတွေကို ငါးစာချသလိုလုပ်တာ၊ မရှုတ်ရှုတ်အောင်လုပ်တာတွေကို ဆန့်ကျင်တယ်။ အခမဲ့ဆေးကုသမှု ပေးစေချင်တယ်။ ကျန်းမာရေးလောကထဲက အဂတိလိုက်စားမှုကို ဖေါ်ထုတ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုတယ်။ အသက်မွေးမှုအတူ ဆရာဝန်လောကထဲမှာ ရန်သူတွေပေါ်လာတယ်။ အထူးကုဆရာဝန်တချို့က သူ့စာအုပ်ကို ထုတ်ဝေခွင့်ပိတ်ဘို့ တောင်းဆိုကြတယ်။ သူနိုင်တယ်။

ဒီစာအုပ်ကြောင့်ပဲ ဗြိတိန်မှာ ကနေ့ရှိတဲ့ အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုဌာနကြီးက ဖြစ်လာရတာပါ။ ကျန်းမာရေး စောင့်ရှောက်မှုမှာ မလျှော်တာတွေကို စုံစမ်းစစ်ဆေးမှုလုပ်ပါတယ်။ သူ့စာအုပ်က ရောင်းကောင်းလွန်းတာနဲ့ ၁၉၄၅ မှာ လေဘာပါတီအနိုင်ရလာတာ စာအုပ်သြဇာကြောင့်လို့ သမိုင်းပညာရှင် ရေဖဲလ် ဆယ်မြူရယ်လ်ကရေးပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ရဲတိုက်ကြီးလိုခိုင်မြဲနေတဲ့ စနစ်ဟောင်းခံတပ်ကြီးကို ဖြိုဖျက်ချရပါလိမ့်မယ်။ အကျင့်တွေကိုလည်း ပြင်ကြရပါမယ်။ လူတဦးချင်းစီကပြင်မှသာ ရမယ်။ လူအကုန်တော့ မရတာသိတယ်။ အကောင်းစိတ်ထားသူတွေ များလေလေ တိုင်းပြည်ရော လူ့အသိုင်းရောပါ တိုးတက်လေလေ။

ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး