Bloody power transfer သွေးနဲ့ရေးထားတဲ့ အာဏာလွှဲပြောင်းရေး

မြန်မာပြည်မှာ တာဝန်အကြီးဆုံး ခေါင်းဆောင်သုံးဦးတို့ ၂-၁၂-၂ဝ၁၅ နေ့ကတွေ့ဆုံကြအပြီးမှာ အေးချမ်းတည်ငြိမ် ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေးနှင့် နိုငံတော်အကြီးအကဲတာဝန်များ စနစ်တကျ တာဝန်လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတခု ထူထောင်နိုင်ရေးလို့ မြန်မာ့အလင်းသတင်းစာက ခေါင်းစီးပေးထားပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ တိုင်းပြည်အချုပ်အခြာအာဏာကို လွှဲပြောင်းနည်းတွေက သွေးလွှမ်းခဲ့ ကြမ်းတမ်းခဲ့တာ အမှန်ပါ။

ဘုရင်တွေလက်ထက်မှာ ခမည်းတော်နတ်ရွာစံရင် သားတော်အကြီးက ထီးနန်းဆက်ခံတဲ့အစဉ်အလာရှိခဲ့တယ်။ ဒါပေမယ့် ဖခင်ကိုလုပ်ကြံပြီးနန်တက်တဲ့သားတော်တွေက အတော်များတယ်။ ပုန်ကန်မှုနဲ့တက်လာနိုင်တာလည်းရှိတယ်။ တိုက်ယူ သိမ်းပိုက်တာလည်းရှိခဲ့ပါတယ်။ အဆိုးဆုံးတွေထဲကတခုကတော့ သီပေါမင်း အာဏာရလာခြင်းပါပဲ။ မြန်မာ့စွယ်စုံကျမ်းမှာ မင်းညီမင်းသား ၄ဝ ကျော်တို့အား ရွှေလွှတ်တော်အမိန့်မပါပဲ လက်သုံးတော်တို့က ကွပ်မျက်လေသည်လို့ရေးထားတယ်။

၁၉-၇-၁၉၄၇ နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရတော့ မြန်မာနိုင်ငံသားခေါင်းဆောင်နေရာမှာ အသက်ဝါအကြီးဆုံး ဦးနုကိုတင်တယ်။ ၄-၁-၁၉၄၈ နေ့မှာ လွတ်လပ်ရေးရတော့ ဦးနုက ပဌမဆုံးဝန်ကြီးချုပ်ဖြစ်တယ်။ ၁၉၅၆ မှာ ဖဆပလ ခေါင်းဆောင် ဦးဗဆွေကို သူ့သဘောနဲ့ ဝန်ကြီးချုပ်တာဝန်ကို လွှဲပေးခဲ့တယ်။ ၁၉၅၆ ဇွန်လကနေ ၁၉၅၇ ဇူလိုင်လအထိ ကြာတယ်။ ဦးနုက ရွေးကောက်ပွဲနဲ့ ဝန်ကြီးချုပ်ပြန်ဖြစ်တယ်။

၂၆-၉-၁၉၅၈ နေ့မှာတော့ ဦးနုကနေ ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်စောင့်အစိုးရတာဝန်လွှဲပေးလိုက်တယ်။ အဲလိုလုပ်နိုင်ဘို့ ဖွဲ့စည်းပုံကိုအရင်ပြင်တယ်။ ဗိုလ်ချုပ်နေဝင်းက ၂၇-၁ဝ-၁၉၅၈ နေ့မှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတယ်။ ၁၉၆ဝ ဖေဖေါ်ဝါရီလထဲမှာ ရွေးကောက်ပွဲကျင်းပတယ်။ ဦးနုရဲ့ သန့်ရှင်းဖဆပလက အပြတ်အသတ်အနိုင်ရပြီး ၄-၄-၁၉၆ဝ နေ့မှာ ဦးနုက ဝန်ကြီးချုပ်ပြန်ဖြစ်လာတယ်။

၂-၃-၁၉၆၂ နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်အာဏာသိမ်းလိုက်တယ်။ ၁၉၇၂ ဧပြီလထဲမှာ ဗခက နေဝင်းနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်အတော်မျာများ စစ်ယူနီဖေါင်းချွတ်ပြီ (မဆလ) ပါတီခေါင်းဆောင်တွေ လုပ်လိုက်ကြတယ်။ ၁၉၇၄ ဇန္နဝါရီလမှာ ဖွဲ့စည်းပုံအသစ်ပြဋ္ဌာန်း၊ တပါတီရွေးကောက်ပွဲတွေလုပ်တယ်။ သမတနာမည်တွေ ၄ နှစ်တခါပြောင်းပေမယ့် တကယ့်အာဏာဟာ ပါတီဥက္ကဋ္ဌ ဦးနေဝင်းလက်ထဲမှာသာကိုင်ထားတယ်။

၁၈-၉-၁၉၈၈ နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်ပြီး (နဝတ) စစ်အာဏာသိမ်းတယ်။ ၂၃-၄-၁၉၉၂ နေ့မှာ ဗခမက စောမောင်ကိုဖယ်ရှားပြီး ဗခက သန်းရွှေကအာဏာယူလိုက်တယ်။ ၂၄-၁ဝ-၂ဝဝ၇ နေ့မှာ ဗခက စိုးဝင်းသေဆုံးတော့ ဗခက သိန်းစိန်က ယာယီဝန်ကြီးချုပ်အဖြစ် ဗခမက သန်းရွှေက ခန့်တယ်။

၂၉-၄-၂ဝ၁ဝ နေ့မှာ ဗခက သိန်းစိန်နဲ့ တပ်မတော်ထိပ်တန်းအရာရှိကြီး ၂၂ ယောက် စစ်တပ်ကနေအနားယူကြတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရလို့ ၄-၂-၂ဝ၁၁ နေ့မှာ ဦးသိန်းစိန် သမတ ဖြစ်လာတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် တပ်မတော်အရာရှိကြီး ၁ဝဝ ဝန်ကျင် အနားယူပြီး ပြည်ခိုင်ဖြိုးကနေ အရွေခံကြတယ်။

၈-၁၁-၂ဝ၁၅ နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရထားတယ်။

မင်းသွေးနဲ့ စစ်သွေးတွေသာ အဏာဆက်ခံတဲ့ခေတ်ဆိုးတွေ ကုန်ဆုံးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး