သီရိ နဲ့ သိရီ

ဆရာခင်ဗျား ကျနော်ကိုယ်တိုင် (ကျွန်တော်ကို မကြိုက်) သတ်ပုံကိုစိတ်ဝင်စားပါတယ် တ တနဲ့ပါတ်သက်လို့ ဆရာ့အမြင်တွေကိုလဲ လက်ခံပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ စာနဲ့ပါတ်သက်လုပ်ကိုင်အသက်မွေးခဲ့ရတဲ့ ကျနော့်အတွက် သိသိနဲ့မှားခဲ့ရပါတယ်။ မိသားတစုကောင်းမှုကို မိသားတစုလို့ မရေးရင်မှားတယ်ပြောတဲ့သူတွေနဲ့ လုပ်ခဲ့ရပါတယ်။ ကြာတော့အကျင့်ဖြစ်သွားရော ဒါပေမဲ့ အမကြီး အမဆိုတာတွေမှာ အစ်မဆိုတာက မှန်မယ်ထင်ပါတယ်။ အထီးအမနဲ့ ကွဲစေချင်တာလို့ ယူဆပါတယ်။ အစ်မသုံးလို့ဆိုပြီး အကိုကို အစ်ကိုလို့သုံးတာကိုတော့မကြိုက်ပါ။ ကျနော်တို့မှာ နှစ် ၅ဝ ကျော် ဖျက်စီးခံခဲ့ရတဲ့သူတွေနဲ့ အလုပ်လုပ်နေရပါတယ်။

ဟုတ့့် ကျနော် နဲ့ အစ်မ ရေးဘူးတယ်။ ဒီစာမှာထပ်မရေးတော့ပါ။ သည်လိုပဲ ဆက်ကြိုးစားကြရပါမယ်။ ဇွဲမလျှော့ပါ။

သီရိ နဲ့ သိရီ အမှားအမှန်ကို လေ့လာဖူးသမျှ သိရီ ကအမှန်လို့ဆိုတယ်။ ဒါပေမဲ့ နိုင်ငံတော်က ဘွဲ့တံဆိပ်ဆက်ကပ်တဲ့ သတင်းတွေမှာ သီရိလို့ရေးနေတုန်းပဲ။ ကိုယ့်ကိုအလုပ်အပ်တဲ့သူတွေကို ကိုယ်က အမှား ထောက်ပြတော့ ကျုပ်က ဒကာကြီးကို ငွေပေးခိုင်းတာ၊ ကျုပ်ခိုင်းတာခင်ဗျားလုပ်မှာလား၊ ခင်ဗျားခိုင်းတာ ကျုပ်က လုပ်ရမှာလားလို့ အပြောခံရဖူးတယ်။ ဒါပေမဲ့ ခုချိန်ထိမှားတာတွေ့ရင်တော့ ပြောဆဲပါ။ လက်မခံတော့လဲ မှားပေးလိုက်ရပါတယ်။ အချို့ဆိုသတ်ပုံသာမက သဒ္ဒါပါမှားကြတာ။

ဟုတ့့် ငယ်ငယ်ကတည်က သီရိ နဲ့ သိရီကို နာယူမှတ်သားခဲ့ရပါတယ်။ အကိုးအကားလက်လှမ်းမီတာလေးပေးပါရစေ။

အကိုးအကား (၁)
အမေး = အရှင်ဘုရာ့း့ ရဟန်းတော်များနှင့် သီလရှင်များဘွဲ့အမည်၌ အချို့က သိရီ၊ အချို့က သီရိ ဟု ရေးသားလျက် ရှိနေကြပါသည်။ ယင်း သိရီ နှင့် သီရိ မှာ မည်သည်က မှန်ကန်ကြောင်း ဖြေကြားပေးတော်မူပါဘုရား။ (မောင်မြင့်ကြည်၊ မိတ္ထီလာမြို့)
အဖြေ = အဘိဓာနပဒီပိကာ (အဘိဓာန်ပါဌ်) တွင် လက္ခီ-သိရိဝတ္တိယံ ဟု (ဂါထာ-၈၂) တွင် ဖော်ပြလျက် သိရိ ဟူသော ပုဒ်ကား ရတ္တိ စသော သဒ္ဒါမျိုးကဲ့သို့ ဣကာရန္တ ဣတ္ထိလိင်သာတည်း။ မြန်မာဆရာတို့ မှတ်ထင် ဆုံးဖြတ်ကြသည့်အတိုင်း နဒီ စသော သဒ္ဒါမျိုးကဲ့သို့ ဤကာရန္တ ဣတ္ထိလိင်မဟုတ်ဟု နိဿယသစ်၌ တောင်ပေါက်ဆရာတော်မှာ၏။ သို့သော် ကတပုညေဟိ သေ၀ိယတေ ၀ါ သေဝတီတိ သိရီ၊ သိ သေဝါယံ ရော၊ ဤစ။ သိ နိဿယေ ဝါ ဟု အဘိဓာန်ဋီကာ ဆိုသဖြင့် သိရီ ဟုလည်း ရေးသားနိုင်ပါသည်။ သီရိ-သိရီ နှစ်ချက်သင့်ပင် ဆိုပါ၏။ သို့သော် မြန်မာဘာသာ အနေဖြင့်ကား သီရိဟု ရေးထုံးပြုသဖြင့် သီရိမင်္ဂလာ၊ သီရိဂေဟာ စသည် ရေးသားနေကြပါသည်။

အကိုးအကား (၂)
နောက်ထုတ်မြန်မာစာသတ်ပုံစာအုပ်တွေမှာ သီရိ လို့သာရေးကြတယ်။ မပြည့်စုံပါ။
ပါဠိ-မြန်မာအဘိဓာန်မှာ သိရီ = ဘုန်းကြက်သရေ၊ ကြက်သရေမင်္ဂလာ၊ တင့်တယ်ခြင်း လို့ပါတယ်။ မှန်တယ်။
ဝီကီအဘိဓာန်မှာ Pali-သီရိ (n) လို့ရေးထားတယ်။ မှားတယ်။

ကောက်ချက်
သိရီက စစ်မှန်တဲ့စကားလုံးဖြစ်ပြီး၊ သီရိလို့အသုံးများတယ်။ မူလစာလုံးကို မှားတယ်လို့မပြောသင့်ပါ။ မိထွေး-ပထွေးနဲ့ နေရပေမယ့် အမေ-အဖေအစစ်ကို မမေ့အပ်သလို။ သီရိက လှလည်းလှလို့ လူနာမည်မှာသုံးတာ ပြောစရာမရှိပါ။ ဘာသာရေးနဲ့ဆိုင်တာ၊ ပညာရေးနဲ့ဆိုင်တာတွေမှာတော့ သိရီလို့သုံးသင့်တယ်ထင်ပါတယ်။ သိရီက မိဘအစစ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆
၂၅-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ