Bipolar Disorder စိတ်အခြေနှစ်ခွရောဂါ

ဆရာ Bipolar Disorder ရောဂါကကုသရင် ပျောက်နိုင်လားဆရာ။ ဘယ်လိုနေထိုင်ကုသရမလဲ ပြောပြလို့ရရင် ပြောပြပေးပါရှင့်။ သမီးမောင်လေးက ဆောက်လုပ်ရေးအင်ဂျင်နီယာပါဆရာ။ အခုရောဂါဖြစ်လို့ အလုပ်က ထွက်လိုက်ရပါတယ်ဆရာ။ အင်ဂျင်နီယာအလုပ်ကော ပြန်လုပ်လို့ရလားဆရာ။ သမီးတို့အရမ်းစိုးရိမ်လို့ပါ။

ဆောရီး။ ကတ္တီပါဘိနပ်စီးရွှေထီးဆောင်း ဝတ္ထုကိုရေးခဲ့တဲ့ ဆရာမောင်သာရကွယ်လွန်တဲ့အတွက်လည်း ဆောရီး။ ဝတ္ထုကို ရုပ်ရှင်လည်းရိုက်တယ်။ သီချင်းလည်းရှိတယ်။ စန္ဒရားတင်ဝင်းလှိုင်ရေးပြီး ခင်ညွန့်ရည်သီဆိုထားပါတယ်။

Manic depression လို့လည်းခေါ်တယ်။ အစွန်းနှစ်ဖက်ကို ပြောင်းပြောင်း သွားတတ်တဲ့ စိတ်အခြေအနေတခု ဖြစ်တယ်။ ရိုလာကော်စ်တာစီးနေရသလိုမျိုး တခါတလေ ထိပ်ဖျားရောက်နေရင် ဘာမဆို သူလုပ်ရင် ဖြစ်မယ်ထင်ပြီး၊ နောက် အောက်ကျပြန်ရင် ရစရာ-နေစရာမရှိ စိတ်ဓါတ်ကျနေမယ်။ ဘယ်လောက်ကြာကြာ အတက်မှာရောက်နေမယ်လို့ အောက်မှာ ရောက်နေမယ်လို့ ပြောမရဘူး။ မတူကြဘူး။ အနောက်နိုင်ငံတွေမှာ လူကြီးပိုင်း လူဦးရေရဲ့ ၂% မယ် ခံစားနေကြရတယ်။

အကျပိုင်း လက္ခဏာတွေ
ဆေးမကုရင် စိတ်ဓါတ်အကြီးအကျယ် ကျနေမယ်။ ဝမ်းနည်း-ပူဆွေးနေမယ်။ အားအင် ကုန်ခမ်းနေမယ်။ မျှော်လင့်ချက် ကင်းမဲ့နေမယ်။ စိုးရိမ်စိတ်တွေ ကဲနေမယ်။ ဘာကိုမှ အာရုံမစိုက်နိုင်ဘူး။ တချိန်က စိတ်ဝင်တစားရှိခဲ့တာတွေလဲ အာရုံမထားချင်တော့ဘူး။ လူကလဲ ပိန်ချုံးလာမယ်။ အိပ်ရေးပျက်မယ်။ သတ်သေချင်စိတ် ဖြစ်လာမယ်။

အတက်ပိုင်းလက္ခဏာတွေ
အရာရာသာယာနေမယ်။ အကောင်းဘဲ မြင်နေထင်နေမယ်။ ဘာမဆို ငါလုပ်နိုင်တယ်လို့ သွေးနားထင်ရောက်နေမယ်။ ဘဝင်မြင့်နေမယ်။ စိတ်မြန်-ကိုယ်မြန်ဖြစ်နေမယ်။ အိပ်နေစရာမလိုသလိုဖြစ်နေမယ်။ စကားတွေ ဖေါင်နေအောင်များမယ်။ သူ့ကို တဖက်ဖက်ဆွဲယူလို့ အင်မတန်လွယ်တယ်။ ပြိုင်ဆိုင်မှု အတွေးပဲဝင်နေမယ်။ ဆောက်တည်ရာမရ၊ ဂနာမငြိမ် ဖြစ်နေမယ်။ အချိန်တွေ အရမ်းသုံးမယ်။ လိင်မှုကိစ္စ သိုသိပ်မှုမထားဘူး။ ကားမောင်တာကအစ အမြန်မောင်းမယ်။ မူးယစ်ဆေးဝါးလဲ သုံးစွဲလာမယ်။ အဲလိုလက္ခဏာတွေ တနေ့ထဲမှာ ၃-၄ မျိုးဖြစ်နေမယ်။

အမျိုအစား (၁) နဲ့ (၂) ရှိတယ်။ အမျိုအစား (၁) ရှိနေသူဟာ အတက်ပိုင်း လက္ခဏာတွေ ရှိမယ်၊ ဒါမှမဟုတ် ရောထွေးနေတာမျိုး နဲ့ အကျပိုင်းဖြစ်တာ ရောထွေးနေမယ်။ အမျိုအစား (၂) ရှိနေသူဟာ စိတ်ဓါတ် အကြီးအကျယ်ကျနေပြီး အတက်ပိုင်းဖြစ်တာ နည်းမယ်။ နောက်ပြီး Hypomania ခေါ်တဲ့ အပြော့စား တက်ကြွမှုမျိုး ရှိတတ်တယ်။ သူ့အဖို့တော့ (ပါတီ) ချိန်ဘဲ။ ပျော်စရာ ရီစရာတွေ များနေမယ်။ မိသားစုဝင်တွေ အပေါင်အသင်းတွေကတော့ သူ စိတ်မူပြောင်နေတာ သတိထားမိကြတယ်။

နှစ်မျိုးတွဲ အခြေအနေ
တပြိုင်နက်ထဲမှာ စိတ်တက်ရော စိတ်ကျပါ တွဲနေတယ်။ ခန့်မှန်းရခက်တာ ဖြစ်လာနိုင်တယ်။ ဥပမာ သူနှစ်သက်တာမျိုးကို အားတက်သရော လုပ်နေရချိန်မှာ ဝမ်းနည်းပက်လက် ဖြစ်လာမယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီ စိတ်အခြေနှစ်ခွ ရောဂါ ခံစားရသူတွေမှာ ပိုဖြစ်ကြတယ်။ တချို့တွက်ဆတာက လူနာ ၇ဝ% မှာ အဲလိုဖြစ်တယ်တဲ့။

ဘာလို့ ဒီရောဂါ ဖြစ်လာသလဲ
ဆရာဝန်တွေက အတိအကျ မသိကြပါ။ အများသဘောတူတဲ့ ဖြစ်နိုင်ချေ (သီအိုရီ) တခုကတော့ ဦးနှောက်မှာ ဓါတ်ပစ္စည်းတွေ အနည်း-အများ ပုံမှန်မဟုတ်လို့ ဖြစ်မယ်လို့ ယူဆတယ်။ ဓါတ်ပစ္စည်းတွေ များနေချိန်မယ် စိတ်တက်ကြွနေပြီး နည်းနေရင် စိတ်ကျမယ်။

ဘယ်လိုလူတွေမှာ လာဖြစ်သလဲ
ယောက်ျား-မိန်းမ အတူတူဖြစ်တယ်။ အသက် ၁၅ နဲ့ ၃ဝ ကြားမှာ စတယ်။ မိသားစုထဲမှာ တယောက်မက ရှိနေတတ်တယ်။ ဒါပေမဲ့ မျိုးဗီဇတခုထဲကြောင့်တော့ မဖြစ်နိုင်ဘူး။ စိတ်သောကရောက်စရာ၊ မူးယစ်ဆေးဒဏ်၊ စတာတွေကနေ အတက်-အကျကို စေ့ဆော်နိုင်တယ်။

အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်ခွင်မှာ နေ့တဓူဝအလုပ်တွေကို ထိခိုက်စေတယ်။ ၈၈% မှာ အလုပ်မယ် တိုးတက်လမ်းတွေ အတားအဆီး ဖြစ်ကြရတယ်။ ၆ဝ% သော လူနာတွေက ဆေးဝါး၊ အရက်သေစာ သုံးစွဲကြတယ်။ Reckless manic phase ဆောက်တည်ရာမရ အဆင့်မှာ လုပ်ကြတာ များတယ်။

တခြား ဒီရောဂါ မရှိသူတွေထက် သေကြောင်းကြံစီတာ ၁ဝ-၂ဝ ဆ ပိုဖြစ်ကြတယ်။ မကြံစီခင်မှာ သတ်သေချင်တဲ့ စကားမျိုး ပြောတတ်ကြတယ်။ သတ်သေဘို့ အစီအစဉ်တွေ တခုပြီးတခု လုပ်လာမယ်။

ဒီရောဂါဆိုတာ သေခြာအောင် လုပ်ရမယ်။ Extreme mood swings စိတ်မူပြောင်းခြင်း အပြင်စား နဲ့ ခွဲခြားရမယ်။ Neurological disorders အာရုံကြောရောဂါ၊ Substance abuse မူးယစ်ဆေးသုံးစွဲတာ၊ Thyroid problem လည်ပင်းကြီးဟော်မုန်းများရောဂါ၊ HIV (အိတ်ခ်ျအိုင်ဗွီ)၊ ADHD ပါတ်ဝန်းကျင် သတိမမူရောဂါ၊ တချို့ဆေးတွေရဲ့ Side effects ဘေးထွက်-ဆိုးကျိုး နဲ့ Psychiatric disorders တခြားစိတ်ရောဂါတွေနဲ့ ခွဲခြားရမယ်။

ဆေးပေးတာ အများကြီးသက်သာစေတယ်။ Mood stabilizers ဆေးမျိုးသုံးတယ်။ Antipsychotic drugs စိတ်ရောဂါဆေးတွေ နဲ့ Anticonvulsant drugs အတက်သက်သာဆေး တွေလဲ ပေးတယ်။ ဆေးကြာကြာ သောက်နေရတယ်။

စကားပြောနည်းနဲ့ ကုသတာလဲ လုပ်တယ်။ Cognitive behavioral therapy နည်းလဲလုပ်တယ်။ Interpersonal therapy နည်းလဲရှိတယ်။ Social rhythm therapy နည်းလဲရှိတယ်။

လူနေမှုပုံစံ ပြုပြင်ပေးတာ ကောင်းတယ်။ လုပ်ရမဲ့အလုပ်တွေကို အချိန်ဇယားချပြီး လုပ်စေတာကောင်းတယ်။ အိပ်ချိန်၊ အလုပ်ချိန်၊ စားချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်တွေ တိတိကျကျ သတ်မှတ်ထားရတယ်။ အရက်၊ ဆေးဝါး မသုံးစေအောင် လုပ်ရမယ်။ မဟုတ်ရင် ရောဂါလက္စဏာတွေကို ပိုဆိုးစေနိုင်တယ်။

Electroconvulsive Therapy (ECT) လျှပ်စစ်သုံး ကုသနည်း။ တချို့လူနာတွေအတွက် ကောင်းတယ်။ ဆိုးဝါးတဲ့ အခြေအနေအတွက် မြန်မြန် သက်သာစေတယ်။ ဆေးပေးနည်း၊ စိတ်ကုနည်းနဲ့ မရသူတွေအတွက်လဲ သုံးနိုင်တယ်။

မိတ်ဆွေ အပေါင်းအသင်နဲ့ မိသားစုဝင်တွေကို ဒီရောဂါအကြောင်း ပြောပြ-သင်ပြပေးထားသင့်တယ်။ ရောဂါ အတက်-အကျအကြောင်း၊ စိတ်မပျက်ကြဘို့လိုကြောင်း၊ မကြောက်ဘို့လိုကြောင်း၊ ထောက်ကူမှုပေးတာ အရေးပါကြောင်း။ ဝေဒနာသည်တွေဟာ သူတို့မှာ ရောဂါရှိနေတာကို မသိကြ၊ လက်မခံကြဘူး။ သန်းပေါင်းများစွာ အဲလိုဖြစ်နေတာ၊ ဆေးကုရင် သက်သာကောင်းမွန်မှာ၊ ကိုယ့်အပြစ် မဟုတ်ပါဘူး ဆိုတာတွေ ဖျောင်းဖျ-နာချ ဆေးကုဘို့ တိုက်တွန်းကြရပါမယ်။

ဘိုင်ပိုလာဒစ်အော်ဒါ ခေါ် စိတ်နှစ်ခွအခြေအနေရှိတဲ့ နာမည်ကြီးတွေကတော့ မတ်တွိန်း၊ အက်ဂါအယ်လင်ပိုး၊ အားနက်စ်ဟယ်မင်ဝေး၊ ဗင်းဆင့်ဗန်ဂိုးတို့ဖြစ်ပါတယ်။

Dr. တင့်ဆွေ
၁-၃-၂ဝ၁၆
၂၆-၈-၂ဝ၁၇
https://www.youtube.com/watch?v=b7qD5Eo5TK0

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး