Vaginal odor ဗဂျိုင်းနား အနံ့ဆိုးနေခြင်း


(ကန်တော့ပါ)

မွေးလမ်းကြောင်းလို့ ယဉ်ယဉ်ကျေးကျေးခေါ်တဲ့ ဗဂျိုင်းနားဟာ တခြားကိုယ်ခန္ဓာနေရာအစိတ်အပိုင်းတွေလို ကိုယ်နံ့ အတူတူလောက်သာရတာက ပုံမှန်ဖြစ်တယ်။ အတွင်းပိုင်းမှာ လုံခြုံအောင် အထပ်ထပ်ဝတ်ထားရာနေရာဖြစ်လို့တော့ တခြားနေရာတွေထက် လှောင်ထားခံရတဲ့ အနံ့မျိုးတော့ ရနေနိုင်တယ်။ လိင်စိတ်ဖြစ်ပေါ်နေခိုက်မှာ ထူးခြားတဲ့အနံ့မျိုးလဲ ရနေနိုင်တယ်။ ဒိထက် ထူးနေတာမျိုးဆိုရင် အနံ့ဆိုးရနေတာ ဖြစ်ပါတယ်။

အနံ့တွေကို နာမဝိသေသနနဲ့ သေသေချာချာ ခွဲပြောလေ့ရှိရတယ်။ စိမ်းရွှေရွှေနံ့၊ ပုတ်သိုးသိုးနံ့ စသဖြင့်ရှိနိုင်တယ်။ အင်္ဂလိပ်လို Fishy smell ငါးညှီနံ့လို့ခေါ်တာမှာတူတယ်။ Repugnant fishy odor ငါးညှီနံ့ရတယ်လို့ တိတိကျကျ ခေါ်တယ်။

မိန်းကလေးတွေ ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ပစ္စည်းကို မထုတ်ဘဲထားမိရင်လဲ ဖြစ်တတ်တယ်။ အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှု ရှိလာတတ်တယ်။ လူတောသူတော တိုးဘို့ရာမှာ အခက်အခဲရှိလာနိုင်တယ်။

ဗဂျိုင်းနားကနေ ထူးခြားတဲ့အနံ့မျိုးရနေတာနဲ့အတူ ယားယံတာ၊ အနေရခက်တာ၊ တခုခုဆင်းတာတွေနဲ့ပါ တွဲနေတတ်တယ်။ Bacterial vaginosis ဆိုးတာကနေ အများဆုံးဖြစ်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက တချို့ပိုးတွေကနေလဲ ဖြစ်စေနိုင်တယ်။

စာရင်းချလိုက်ရင် -
• Bacterial vaginosis အမျိုးသမီးအင်္ဂါရောင်ခြင်း
• Chlamydia (ကဲလ်မီဒီးယား)၊
• Gonorrhea (ဂနိုးရီးယား)၊
• Pelvic inflammatory disease (PID) အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း၊
• Trichomoniasis (ထွိုင်ကိုမိုနီယေးဆစ်) နဲ့
• Yeast infection (ရိစ်) ပိုးဝင်တာတွေဖြစ်ကြတယ်။

ဖြစ်တာရှားပေမဲ့ အနံ့ဆိုးရနိုင်တဲ့ရောဂါတွေကတော့ -
• Cervical cancer သားအိမ်ဝကင်ဆာ၊
• Rectovaginal fistula မွေးလမ်နဲ့ အစာဟောင်းလမ်း ပြွန်လမ်းဖြစ်ခြင်း၊
• Vaginal cancer မွေးလမ်းကြောင်းကင်ဆာ။

ဘာလုပ်ရမလဲ -
• အထက်မှာရေးထားတဲ့ ရောဂါရှိနေရင် ကုသပါ။
• သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ အမြဲရှိနေတယ်။ သူ့နေရာမှာ သူ့အမျိုးအစား ပိုးရှိနေတာက ကောင်းတယ်။ ရှိသင့်တဲပိုးတွေကို ရှင်းလိုက်ရင် မျှခြေပျက်မယ်။ ဥပမာ ဝမ်းပျက်နေတာကို မလိုအပ်ပဲ ပိုးသေဆေးပါတဲ့ ဝမ်းပိတ်ဆေးသောက်ရင် ခုခံစနစ် ကမောက်ကမဖြစ်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ ဆေးတာမျိုးကြောင့် မှို (ဖန်းဂတ်စ်) ပိုးဝင်လာနိုင်တယ်။
• ဗဂျိုင်းနား-ဖလိုရာဆိုတာ သူ့ဖါသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။ Microaerophilic bacteria ဗက်တီးရီးယားတွေ အများကြီးရှိတယ်။ Lactobacilli ဆိုတာတွေက အဓိကကျတယ်။ အကာကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ အက်စစ်ဓါတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင် ဒီအက်စစ်ဓါတ်အခြေအနေ ပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။
• အလွန်အကျွံဆေးကြောခြင်း၊ Douching ဆေးဖြန်းပြီးဆေးကြောခြင်း၊ အဝတ်အစား တင်းကြပ်နေအောင် ဝတ်ဆင်ခြင်း၊ ဓါတုဆေးတွေ ဥပမာ အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေ သုံးရာကနေ ဗဂျိုင်းနားရောင်တာ နဲ့ မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။
• ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ် လုပ်တာ၊ စအိုလမ်းနည်းကို ဗဂျိုင်းနားလမ်းနည်းနဲ့တွဲပြီး လိင်ဆက်ဆံတာ၊
• အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။ ဗဂျိုင်းနာထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာ ရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ ဟန်းနီးမွန်း ဆီးအောင်တာ ဖြစ်ကြရတယ်။

ကွန်မင့်မှာ မဖွယ်မရာရေးလာရင်ဖျက်ပါမယ်။ လိုအပ်ရင် ဘလော့ပါမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး