The Exile Movement ပြည်ပမှာ ခေါင်းချသူများ
မနှစ်က ဒီနေ့မှာ ကျဆုံးနိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုပွဲမှာ တချို့မိသားစုတွေက ဂုဏ်ပြုတာကိုလက်ခံရင်း မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ကြတယ်။ ကျွန်တော်လည်း စာလေးတပုဒ် ရေးချင်လာတယ်။
၁၉၉ဝ အကုန်ကနေ ၂ဝ၁၄ စက်တင်္ဘာလလယ်အထိ အိန္ဒိယမှာနေပြီး၊ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် တတ်စွမ်းတာတွေ လုပ်ခဲ့ပါတယ်။ ယူအက်စ်ကိုထွက်မလာခင်ထိ ကွယ်လွန်သွားကြသူတွေကို ရေတွက်လို့ ခက်တယ်။ ရင်းနှီးသူတွေထဲက ကျဆုံးသွားရသူတွေကိုတော့ တယောက်ချင်းစီကို မှတ်မိပါတယ်။ ကွယ်လွန်ရတဲ့အကြောင်းတွေက မတူကြပါ။ ရောဂါအမျိုးမျိုးနဲ့ သေဆုံးရသူက များတယ်။ သေနတ်ကျည်ဆံနဲ့ ကျဆုံးရတာတော့ တယောက်သာရှိတယ်။ တဖွဲ့တည်းသားသေဆုံးလို့ ပြန်တမ်းရေးရတာလည်းရှိတယ်။ ဆွမ်းသွပ်ပေးရတာ ၄-၅ ယောက် မကပါ။
ကျောင်းသားခေါင်းဆောင်တဦးကွယ်လွန်တော့ ကျွန်တော်က ဒေလီကနေ နယ်စပ်ကို လေယာဉ်တတန်၊ ကားနှစ်တန် သွားရတယ်။ ညနေမှောင်တဲ့အထိ မြေမချသေးပဲ ကျွန်တော်ရောက်တဲ့အထိ စောင့်ကြတယ်။ နောက်လူတွေ ပျံလွန်တော်မူ၊ သေဆုံးတဲ့အခါတိုင်းတော့ နယ်စပ်ထိအရောက်မသွားနိုင်လို့ စိတ်မကောင်း နှစ်ခါစီဖြစ်ရပါတယ်။
ကျွန်တော်က တာဝန်အရနဲ့ အသက်အရွယ်အပါ လူကြီးလုပ်ခဲ့ရတယ်။ မင်္ဂလာဆောင်လို့ သတို့သားဖခင်၊ သတို့သမီးဖခင်လည်းလုပ်ရတယ်။ ကွယ်လွန်တာမှာတော့ ပြည်တွင်းမှာနေကြတဲ့ သေဆုံးသူရဲ့ မိဘတွေဆီကို သဂြိုလ်တဲ့နေရာကနေ ဖုန်းဆက်စကားပြောခဲ့ရတာလည်းရှိတယ်။ ဖုန်းကိုင်ထားကြသူတွေမှာ မျက်ရည်စတွေနဲ့
ပြည်ပနိုင်ငံရေးကို အသိအမှတ်ပြုကြတယ်ဆိုတာ အချင်းချင်းသာဖြစ်ပါတယ်။
အခုတော့ ပြည်ပဒီမိုကရေစီလှုပ်ရှားမှုကြီးပါ မျက်ရည်စတွေနဲ့ ပြန်တမ်းလည်းမရှိပါ။
ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၆
၂၁-၈-၂ဝ၁၇

Comments
Post a Comment