My Writings စာတွေ ဘယ်လိုရေးသလဲ

ကျွန်တော် အခုလိုစာတွေရေးဖြစ်တာ မကြာသေးပါ။ ဆေးစာတွေကို ဘာသာပြန်ရင်းကနေ စရေးဖြစ်လာတာ။ ဆေးစာအပြင် ကိုယ်လုပ်နေတဲ့နိုင်ငံရေးတွေ ရေးဖြစ်လာတယ်။ ဘဝဇာတ်ကြောင်း တိုတိုတိတိလေးတွေလဲ မေးလာသူရှိတဲ့အခါရေး။

ရေးတာများလာတော့ တချို့က စာရေးဆရာလိုလို ထင်လာကြပြန်ရော။ ကျွန်တော့်စာတွေက တန်းမဝင်ပါ။ စာရေးဆရာ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်အောင်လုပ်တဲ့ ကြိုးပမ်းမှုလဲ မရှိပါ။ သိလိုသူတွေအတွက် ကိုယ်သိတာကို ရေးပြနေတဲ့လူသာ ဖြစ်ပါတယ်။ ကာရန်သင့်တာလေးတွေလည်းပါတော့ ကဗျာလို့ထင်ကြတယ်။ ကဗျာဆရာဆို ပိုတောင်မှ မဟုတ်ပါ။ သံပေါက်လိုလို၊ ဘရိတ်ဒန့်စ်သီချင်းလိုလို၊ ကိုယ့်ဟာကိုယ် သိတယ်။

ရသဆိုတာ စာရဲ့ပေတံလို့သဘောထားကြတယ်။ ကျွန်တော်က အဲလို ရသပေါ်အောင် ရေးနိုင်ဘို့မကြိုးစားပါ။ ကြိုးစားရင် အတန်အသင့်တော့ ဖြစ်မလားမပြောတတ်ဘူး။ ကိုယ်ရေးတဲ့စာကို ဖတ်လိုက်သူမှာ တခုခုရစေချင်တာ။ အဲဒီတခုခုဟာ အတုံးလိုက်အတစ်လိုက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အချက်အလက်အမှန်တော့ဖြစ်တယ်။ အချက်အလက်မှန်မဟုတ်တဲ့ ဝတ္ထုတွေလို စိတ်ကူးကောင်းကောင်းနဲ့ ဖွဲ့နွဲ့ပြီး မရေးချင်ပါ။ ကဗျာအတော်များများက သိပ်ကို စိတ်ကူးယဉ်လွန်းကြတယ်။ အဲတာမျိုးကို အကြိုက်စာရင်းထဲမှာ မထည့်ပါ။ နာမည်ကြီးလို့ဆိုပြီး လိုက်မကြိုက်နိုင်ပါ။

ရသမဟုတ်ရင် သုတလို့သတ်မှတ်ကြတယ်။ သုတလိုဟာရေးတာကို ဆောင်းပါးလို့ ခေါ်တယ်။ ကျွန်တော့်စာတွေကို စာများလို့သာ အင်္ဂလိပ်လိုရော မြန်မာလိုပါ ခေါင်းစဉ်တပ်ပါတယ်။

စာကိုအလေးအနက်ဖတ်သူ မများပါ။ ဝါဒဖြန့်တာကို အလွယ်နဲ့ယုံကြသူက မနည်းလှပါ။ စိတ်ကူးယဉ်လွန်းတာတွေ အကျိုပေးတယ် မထင်ပါ။ ဖတ်ကောင်းတိုင်း၊ ရောင်းကောင်းတိုင်း လူတွေကောင်းလာစေမယ်လို့ မထင်ပါ။ လူတွေနဲ့ နိုင်ငံကိုပြုပြင်ရေး ရေးသားတာတွေ များစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၄
၂၈-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ