Sky Wine အမိန့်ရထန်းရည်ဆိုင်

မြန်မာစာသတ်ပုံတွေကို ထောက်ပြပေးလို့ ကျေးဇူးပါဆရာ။ ဆရာကျမ်းမာပါစေ။ ကျမရေးတာ သတ်ပုံမှန်လားတော့ မသိဘူး။

ကျမ္မာလို့အရင်ကရေးသားခဲ့ကြတာ အမှန်ရှိခဲ့တယ်။ အခုတော့ ကျန်းမာလို့သာရေးကြတယ်။ မှားလို့ပြောင်းတာ မဟုတ်ပါ။ ခေတ်ကာလအရ ပြောင်းတာမျိုး။ ပိုပြီးလွယ်ကူအောင်ရေးလာကြတာမျိုးဖြစ်ပါတယ်။ ဥပမာ ဆြာ၊ သ္ခင်၊ ယ္ခင်၊ ဥူး၊ မိုဃ်း၊ စတာတွေလိုပါပဲ။

အခုမေးခွန်းတွေမှာ ရေးမေးနေကြတာက ခလေးတဲ့။ ကလေးရော ခလေးပါ အရင်ကတည်းက ရေးခဲ့တာရှိတယ်။ သူငယ်တန်းဖတ်စာမှာ ကလေးလို့လုပ်ခဲ့ပြီးသာဖြစ်လို့ ကလေးကသာ သင့်မှန်တယ်ပြောရင် ၁ဝဝ% က ထောက်ခံမယ် မထင်ပါ။

ကျွန်တော့်အမြင်က တကို တစ်လုပ်တာ မမှန်သင့်ပါ။ ဒါပေမယ့် အရင်က ၁ဝ% လောက်သာ အဲလိုရေးပြီး၊ အခုချိန်မှာ ၉ဝ% က လက်ခံနေကြတယ်။

ပြီကို ပီနဲ့ ပြီးကို ပီးလုပ်တာ မှားတယ်လို့ ကျွန်တော်ကထင်တယ်။ ကျွန်တော်နဲ့အတူ % ဘယ်လောက်ရှိ မသိပါ။။

မြန်မာစာမှာ တပြေးညီ ဘယ်တုန်းကမှမဖြစ်ခဲ့ပါ။ ဟိုကတည်းက မူကွဲတွေရှိတယ်။ သည်လိုပဲ ဆွေးနွေးငြင်းခုံကြရတယ်။ အဲတာကောင်းတယ်။ မကောင်းတာကတော့ စာမေးပွဲအမှတ်မပေးတာတို့၊ ထုတ်ဝေခွင့်မရတာတို့၊ စာတမ်းကို ပြန်အရေးခိုင်းတာတို့၊ တလုံးဘယ်လောက်ဆိုပြီး ဒဏ်ငွေတပ်တာတို့။ အာဏာနဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်နေကြတယ်။

အဲတာ အမိန့်ရထန်းရည်ဆိုင်မြန်မာစာခေါ်တယ်။ အမိန့်ရထားရင် ရောချင်တာရောရောင်းလို့ရတယ်။ သောက်တဲ့သူကလည်း များမှများ။ ကျွန်တော်ကတော့ မြန်မာစာကိုလည်း ကျန်းမာစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆
၂၃-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး