Hand writing font လက်ဝဲစာလုံး
ငယ်တုန်းကဆွဲခဲ့တဲ့ပုံတူပန်းချီကားဆိုလို့ ကျန်တာတွေက ခြစားသွားတာမို့ တခုသာပြန်ရတော့တယ်။ မုံရွာမြို့က စတိတ်တူး လို့ခေါ်တဲ့ အထက (၂) မှာ ပန်းချီဆွဲဖြစ်တာပါ။ ငါးတန်းကတည်းကနေ ဆယ်တန်းအထိ။ ပန်းချီဆရာ ဦးဘထွေးက သူ့အိမ်အထိခေါ်ပြီး ဆီဆေးပန်းချီကားတွေပါပြတယ်။ ကျွန်တော် အခုထိ ဆီဆေးမဆွဲဘူးသေးပါ။ ပထဝီဆရာမ ဒေါ်တင်လှိုင်ကလဲ ပန်းချီဆွဲအင်မတန်တော်တယ်။
ဆရာမကလဲ သူ့အိမ်ကိုခေါ်ပြီး ပန်းချီကားတွေ ပြပါတယ်။ အလည်ပြန်တော့ ဆရာမကိုဝင်တွေ့ခဲ့သေးတယ်။ သူ့မှာကျန်သေးတဲ့ အယ်လ်ဘန်တခုထုတ်ပြတယ်။
မုံရွာမှာ အဲသည်တုန်းက အထက်တန်းကျောင်းနှစ်ကျောင်းဘဲရှိသေးတယ်။ အထက (၃) ဖြစ်လာမဲ့ ဝက်စလီကျောင်းက (အလက) သာရှိသေးတယ်။ စတိတ်ဝမ်းနဲ့ စတိတ်တူးက နေရာတကာပြိုင်နေကြတာ။ ဒါကတော့ သဘာဝပါ။ စတိတ်တူး ထိပ်ဖူး၊ စတိတ်ဝမ်း ပုလိပ်ဖမ်းလို့ ကျောင်းသားချင်း စကားနိုင်လုတဲ့ခေတ်ကပေါ့။ တမြို့လုံးသိအောင်ပြိုင်ကြတာက ကျောင်းပေါင်းစုံဘောလုံးပွဲ။
ကျွန်တော်က ဘောလုံးမကစားတတ်ပါ။ ဒါပေမဲ့ ပြိုင်တဲ့အထဲမှာ ကျွန်တော်ပါတယ်။ ပိုစတာတိုက်ပွဲလို့ခေါ်တာမှာ ကျွန်တော်လက်ရာက များတယ်။ ဘောလုံးပွဲအောင်နိုင်ရေးအတွက် အားပေးတဲ့ပိုစတာတွေကို ကျောင်းမှာ နေရာအနှံ့ ကပ်တယ်။ ဆရာဦးမောင်မောင်ကခိုင်းတဲ့ ပိုစတာတွေအများဆုံးကို ကျွန်တော်က ရေးပေးရတယ်။ လက်ဝဲစာလုံးလို့ ခေါ်တဲ့စာလုံးမျိုးကို စုတ်တံအပြားနဲ့ရေးရတာပါ။ ပန်းချီဆန်အောင် စာရေးတာမှာ စနစ်ရှိရတယ်။ အခြေခံက ဝလုံး။ ဝိုင်းနေအောင်ရေးတာ၊ ဘဲဥပုံရေးတာ မတူပါ။ အခုပြောတဲ့လက်ဝဲစာလုံးက ဘဲဥလဲမကျ၊ လေးတောင့်လဲမဟုတ်ပါ။ ဒေါင့်နေရာကို ပြေပြေလေးကွေးထားရတယ်။ အဲဒီအခြေခံအတိုင်း ကကြီးကနေ အ အထိ။ အသတ်တွေ အရစ်တွေမှာလည်း စည်းကမ်းရှိရတယ်။
ကျွန်တော်က တန်းဖြောင့်တာကိုသာ သဘောကျတယ်။ ကွေးရင်၊ ကောက်ရင်လည်း စနစ်တကျကွေးကောက်တာကိုသာ ကြိုက်တယ်။ ဒီလိုအကြိုက်မျိုးရှိလို့ နိုင်ငံရေးမှာ အဆင်မပြေတာတွေကြုံရတယ်လို့ ရေးဘူးပါတယ်။ အခုနေရာမှာ စုတ်တံမရှိ။ ခဲတံမရှိ။ ပုံဆွဲစာအုပ်လည်းမရှိပါ။ အဲတာနဲ့ ဘောလ်ပင်နှစ်ချောင်းပူးပြီး လက်ဝဲစာလုံးရေးလိုက်ပါရစေ။ လေးနှစ်တိတိရှိပြီ။
ကနေ့တော့ စုတ်တံကိုင်ကြည့်လိုက်တယ်။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။
ဒေါက်တာတင့်ဆွေ
၇-၁ဝ-၂ဝ၁၄
၇-၁ဝ-၂ဝ၁၈

Comments
Post a Comment