Billboards ဆိုင်းဘုတ်နိုင်ငံရေး
မြန်မာ့မျက်မှောက်သမိုင်းမှာ ဆိုင်းဘုတ်တွေက အတော်နေရာယူပါတယ်။ ဖဆပလ လက်ထက်မှာ ဆိုင်းဘုတ်တွေ ခေတ်မစားသေးပါ။ ဆိုင်ဘုတ်ကို နိုင်ငံရေးလက်နက်အဖြစ် တွင်တွင်ကျယ်ကျယ်အသုံးချတာက မြန်မာ့ ဆိုရှယ်လစ်ခေတ် ဖြစ်တယ်။ မြို့တကာ ရွာတကာ၊ လမ်းတကာ နေရာတကာမှာ အပြာနုရောင်ဆိုင်းဘုတ်တွေ အပြည့်ရှိတယ်။ ဆိုရှယ်လစ်စီမံကိန်းတွေ အောင်မြင်နေကြောင်းက များတယ်။ ပါတီဆိုင်းဘုတ်တွေ အတော်ကြီးကို များတယ်။
၁၉၈၈ စစ်တပ်က ထပ်အာဏာသိမ်းတော့ ဆိုင်းဘုတ်ရောင် အနီဖြစ်လာတယ်။ တို့တာဝန်တွေက များတယ်။ သတိပေး ခြိမ်ခြောက်တာကများတယ်။
အဲဒီခေတ်အစလောက်မှာ ကျွန်တော်က ပြည်ပထွက်ပြေးရတယ်။ အိန္ဒိယမှာ ဆိုင်ဘုတ်မရှိတဲ့အိမ်က ရှားတယ်။ ဈေးရောင်တာတွေ။ ကြော်ငြာတွေ များတယ်။ ထိုင်းရောက်တော့လည်း အဲလိုပဲ။ ဈေးရောင်တာတွေ များတယ်။ ကြော်ငြာတွေ များတယ်။
တရုပ်ပြည်ရောက်သွားတော့ တမျိုးထူးနေပြန်တယ်။ တရုပ်က တပါတီ ကွန်မြူနစ်စနစ် ကျင့်သုံးတဲ့နိုင်ငံဖြစ်လို့ ကိုယ့်ဆီက မဆလလိုပဲ အောက်မေ့တာ၊ ဘယ်ဟုတ်မလဲ ပါတီဆိုင်းဘုတ်ဆိုတာ အတော်ရှားတယ်။ တူတံဇဉ်ပါ ကွန်မြူနစ်အလံ သူတို့ရုံးရောက်မှသာမြင်ခဲ့ရတယ်။ ကွန်မြူနစ်စီမံကိန်းတွေ အောင်မြင်နေတယ်ဆိုတဲ့ဆိုင်းဘုတ်လည်း မတွေ့မိ။ ခြိမ်းခြောက်တဲ့ဆိုင်းဘုတ်လည်း မမြင်မိခဲ့။
ယူအက်စ်အေမှာလည်း ဆိုင်းဘုတ်များပါတယ်။ ဘီလ်ဘုတ်ခေါ်တယ်။ တချို့ဟာတွေက အခိုင်အမာ၊ တချို့ဟာတွေကို မကြာမကြာပြောင်းတယ်။ ရိုးအီမသွားအောင် ပြင်ရေးကြတာ။ ရောင်းကောင်းအောင်လို့ပါ။ သူတို့က စီးပွါးရေးသာ။
မြန်မာပြည်မှာ လွန်ခဲ့တဲ့နှစ်တွေက ဆိုင်းဘုတ်အစိမ်းနဲ့ အဝါရောင်တွေဖြုတ်တဲ့သတင်းတွေ ဖတ်ရတယ်။ တပ်ပိုင်နယ်မြေ မကျူးကျော်ရတွေကို မနှစ်က အလည်ပြန်တော့ တွေ့ခဲ့ရတယ်။
ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၇
၁၆-၇-၂ဝ၁၉

Comments
Post a Comment