သမိုင်းပေးတာဝန်
မင်္ဂလာပါဆရာ သမိုင်းပေးတာဝန်ဆိုတာ ဘာကိုဆိုလိုတာလဲခင်ဗျ။
သိသလောက်တော့ တင်စား ခိုင်းနှိုင်းပြောကြတာပါ။ ပြောတဲ့အတိုင်း ဟုတ်တာလည်းရှိ၊ မဟုတ်တာလည်းရှိတယ်။ တကယ်အကျိုးပြုစေတာ လုပ်သူတွေကိုယ်တိုင်က အဲလိုပြောကြတာ မကြားဖူးသေးပါ။
နိုင်ငံရေးမှာ စကားလုံးလှလှတွေပါလာရင် ကျွန်တော်တော့ သိပ်ဟုတ်တယ် မထင်။ ဆောရီး။
တိုင်းပြည်ကြီး ချောက်ထဲမကျခင် လက်နှစ်လုံးအလိုတို့၊ ဒီမိုကရေးစီခရီးလမ်းမှာ ပန်းခင်းပေးနေပါတို့။
မှန်ကန်တည့်မတ်တဲ့ သမိုင်းပညာရှင်တွေကရေးတာမျိုးကသာ အမှန်နဲ့ နီးစပ်တယ်။ ဘုန်းတော်ဘွဲ့တွေ မပါ။
အဲလိုဖြေလိုက်ပြီး နည်းနည်း လေ့လာကြည့်ပါတယ်။
Historic and Historical သမိုင်းတင် နှင့် သမိုင်းတွင်
သုတေသနလုပ်သူတွေက ရေးထားတယ်။ ဒီဝေါဟာရနှစ်ခုကို အတူတူလိုလိုသုံးနေခဲ့ကြတာ နှစ်ပေါင်း ၄၀၀ ကျော်ပြီ။ တကယ်တော့ မတူပါတဲ့။
Historical ကို ကျယ်ပြန့်တဲ့နေရာ၊ ယေဘုယျကျတာမှာ သုံးတယ်။ ဥပမာ ရှိတ်စပီးယားရေးတဲ့ ပဉ္စမမြောက်ဟင်နရီထဲမှာ သမိုင်းအစဉ်အလာရှိတဲ့ ဘုရင်လို့ သုံးတယ်။
အမေရိကန်သမတ ဂျော့ဝါရှင်တန်က ဘာဘေဒို့စ်ကျွန်းနှစ်ကျွန်းကို အဗိုကာဒို သကြားသီးနှစ်လုံးလို့ သုံးနှုန်းခဲ့ခြင်းဟာ Historical သမိုင်းမှတ်ချက်အဖြစ် သမိုင်းတွင်သွားပါသတဲ့။
Historic စာလုံးကို ထင်ရှားပြီး အရေးပါတာမျိုးမှာ သုံးတယ်။ သမိုင်းထဲက အဆောက်အဦတွေ၊ ရဲတိုက်တွေ၊ နန်းတော်တွေ၊ စေတီပုထိုးတွေ။
မန္တလေးကျုံးကြီးဟာ သမိုင်းဝင်ဖြစ်တယ်။ နန်းမတော်မယ်နုကို မိနု သူ့ကြွေးရှိရင် ဆပ်ရမှာပဲလို့ မိန့်တဲ့ ဆရာတော်ဦးဗုဓ် စကားဟာ သမိုင်းတွင်တယ်။
ဒေါက်တာတင့်ဆွေ
၁၈-၇-၂၀၁၉

Comments
Post a Comment