မော်ဒန် မြန်မာကွန်မြူနတီ

မြန်မာစာအကြောင်းကို တချို့က လွှတ်တော်တင်မဲခွဲသင့်တယ်တဲ့။ အစောကြီးကတည်းက ရေးထားပါတယ်။ ပညာဆိုတာ မဲနဲ့ခွဲရတာ မဟုတ်။ အမိန်န့်နဲ့ ပြင်ရတာ မဟုတ်။ ပညာနဲ့သာ ဆုံးဖြတ်ရာ၏လို့။

လွှတ်တော်အထက်မှာ မြန်မာစာအဖွဲ့ရှိတယ်။ တစ်ပင်တိုင်ဥပဒေသစ် ပြုထားတာတွေ့တယ်။ မဲခွဲရင်လည်း တ အဆိုက အပြတ်အသတ်ရှုံးမယ်။ မဆန်းပါ။ နောက်ထွက် ဖွဲ့စည်းပုံထက် နောက်ထုတ် သတ်ပုံစာအုပ်ကို ပိုသဘောကျသူတွေက အလွန့်အလွန် များတယ်။ မှားနေမှန်းသိသူတွေတော့ ရှိတယ်။ သူတို့ ဘာမှမတတ်နိုင်ကြပါ။

တခြားအကြောင်းအရာတွေ တင်ပြတဲ့အခါလည်း သဘောထားပေးသူတွေက အထောက်အထားတွေနဲ့ ပြထားလည်း ထမင်းဆိုင် ဟင်းရွေးသလို ခပ်လွယ်လွယ်လေး ပြောသူတွေရှိတယ်။ တချို့က တင်ထားတဲ့စာ ဖတ်မနေ၊ အရင်ကလည်း စာမဖတ်ခဲ့သူတွေက ထင်ရာပြောတယ်။ ဒေါနဲ့ မောနဲ့။

မေးနည်းတင်ရတာ အခါတထောင် ကျော်ပြီ။ နည်းတွေပေးတိုင်း ကြိုးစားလုပ်ကြည့်တယ်။ ပရိုဖိုင်းလူရုပ်အစား မေးနည်း တင်ထားတယ်။ မရ။ တခြားနည်းတွေလည်း စုံလှပြီ။ ဘယ်လိုပြောပြော မရတဲ့သူ အတော်ကိုများတယ်။

ကြော်ငြာဆေးဖြစ်ပါတယ်လို့ ရေးထားတာကို ဘယ်မှာဝယ်ရမလဲ ဘယ်ဈေးလည်း မေးသူတွေကမရှား။ ကိုယ်ဝန်ဆောင် အားဆေးမေးတဲ့သူထက် ဖျက်ဆေးပေးသူက ပိုများတယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေကို အသာထား၊ မိဘစစ်မစစ် သွေးအုပ်စုနည်းနဲ့ DNA မေးသူတွေလည်း မရှား။ လမ်းဘေးနည်းနဲ့ ဆေးထိုးလို့ လူဖြစ်ရှုံးကြတဲ့ ယောက်ျားတွေလည်း မရှား။ ဆေးခြောက်အကြောင်းရေးတော့ ဆဲတဲ့သူ လူတရာကျော်တယ်။

ဘလော့ရသူ ၅၀၀ ကျော်ပြီ။ ဆဲရေးသူတွေ၊ မပို့ပါရန်ပြောထားတာကို ၂ ခါမကပို့သူတွေ၊ လစာစားပြီး အကောင့်အတု တခုပြီးတခုနဲ့ မဟုတ်တာလာရေးသူတွေ။

ဟက်ကာဆိုတဲ့စာ၊ ရွှေပေလွှာ၊ သတ်ပုံမှားတရားစာ၊ သတ်ပုံမမှန်ဆုတောင်းစာပို့သူတွေ ထောင်ဂဏန်းရှိတယ်။ တချို့ ဘလော့သူတွေရဲ့ ပရိုဖိုင်းက ဘုရားပုံတွေ ဘုန်းကြီးပုံတွေနဲ့။ တမြန်နှစ်လောက်ကသတင်းကို ကနေ့ဖြစ်နေသလိုလာ လာပြောသူတွေကလည်း ရှိတယ်။

ကိုယ့်လက်ခြေ ကိုယ်ပိုင်စဉ်းစားတွေတောမှု မလုပ်ချင်ကြသူတွေ များလာတယ်။ အဆင်သင့်လုပ်ထားတဲ့ အရုပ်တွေ၊ သူများတွေလုပ်ထားတဲ့ ဆုတောင်းစာတွေသာ လျှောက်ဝေကြတယ်။ သူတို့က အဟုတ်ထင်တာတွေက ငိုတာလား ရယ်တာလား မသိတာမျိုး။ စာတွေမှားနေတာလည်း သိကြပုံမရ။ ကလေးဆော့လို့က နည်းနည်း၊ အကျင့်ဆိုးစွဲနေသူက များတယ်။

စာတွေဖတ်ကြပါတဲ့။ အကြံကောင်းပါတယ်။ ဒေါင်းလုဒ်စာအုပ်တွေ တင်ပေးကြတယ်။ သတ်ပုံတွေကို ပြင်တယ်။ သူတို့နဲ့ ကွန်မင့်ကနေ အရပ်ဆေးနည်း ပေးသူတွေနဲ့ အတူတူပဲ။ စေတနာဆိုတာ ပညာမပါရင် ကိုယ့်ကိုယ်ကိုရော သူများတွေကိုပါ ဒုက္ခပေးတယ်။

အဲလိုလူမျိုးတွေအားလုံး စုပေါင်းနေထိုင်တာက ခုခေတ် မြန်မာပြည်။ ဖေ့စ်ဘွတ်ကနေ ဖွဲ့စည်းပုံအထိ တမျိုးတစားတည်း ဖြစ်တယ်။ အရပ်သားရော၊ စစ်ယူနီဖေါင်းရော သိပ်မကွာလှပါ။ တပည့်ခံ သင်္ကန်းဝတ်တချို့လည်း ပါတယ်။

စာသင်ကျောင်းပညာ၊ ဖတ်စရာစာအုပ်၊ နိုင်ငံရေး၊ အစစအရာရာ နိမ့်ကျနေတယ်။ မဲခွဲရင် မှန်တဲ့အဆိုက မရှုမလှရှုံးမယ်။ မြန်မာ့ မော်ဒန် ဆိုစိုင်ယာတီကြီးဟာ သည်အတိုင်းသာ ဆက်သွားနေပါဦးမယ်။ ဆောရီး။ အစစအရာရာ နိမ့်ကျနေတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး