Japanese encephalitis (JE) ဂျပန်ဦးနှောက်ရောင်ရောဂါ (၁)

၁။ သားလေးက ခု ၁၁ လပြည့်သွားပြီ။ ၁ဝ လကျော်တုန်းကတော့ ဂျပန်ဦးနှောက်ရောင်ရောဂါ ဆေးထိုးထားတယ်ဆရာ။ နောက်သုံးလနေ ဒုတိယတလုံးထပ်ထိုးရမယ်။ ဆရာစာထဲပါတဲ့ Menhibix ထပ်ထိုးဖို့လိုလားဆရာ။ မြန်မာပြည်မှာ ခုအရမ်းပူ ကလေးတွေအတွက် အဆင်မပြေတော့ ကာကွယ်သင့်ရင် ကာကွယ်ထားရအောင်။

၂။ စင်္ကာပူမှာအလုပ်သွားလုပ်နေသူတယောက်က မြန်မာပြည်မှာထားခဲ့ရတဲ့ ၈ လသမီး သူ့ကလေးအတွက် မေးပါတယ်။ သူကမြန်မာဖေါင့်ရိုက်တာခက်လို့ အင်္ဂလိပ်လိုရေးပါတယ်။ ကလေးအထူးကုဆရာဝန်ကနေ Japanese Dengue Virus ကာကွယ်ဆေးထိုးဘို့ပြောလို့ မေးတာပါ။

၃။ ဆရာရှင့် ပါရမီဆေးရုံမှာ ဂျပန်ဦးနှောက်အမှေးရောင် ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး နောက်သုံးလမှာ ဒုတိယအကြိမ်ထိုးရမယ် ဆေးတွေကပြတ်နေပြီ ခုမှ ပထမအကြိမ်ထိုးမယ့် ကလေးတွေတောင် ထိုးမပေးတော့ဘူးတဲ့။ အာ့နဲ့ ဆေးကောင်တာကို လှမ်းဖုန်းဆက် ရှိသေးလား ဝယ်ပြီးသိမ်းထားပေးလို့ရမလားဆို ရှိတယ် ရတယ်ဆိုတာနဲ့ သွားဝယ်သိမ်းထားခဲ့တယ်။ (ပြီးခဲ့တဲ့စနေက) ခု ကလေးအမေဂရုထဲက ခင်တဲ့တစ်ယောက်က expired စစ်ပေးလားဆိုမှ သေချာအောင် ပါရမီကို ဖုန်းလှမ်းဆက်မေးတော့ ဆေးက ၈ လပိုင်း ၂၄ မှာ expired သားထိုးရမယ့်ရက်က ၈ လပိုင်း ၃ဝ လဲပေးလို့ရမလား ဆိုတော့ ဆေးမရှိတော့ဘူးတဲ့ (ဆေးတွေကတကယ်လည်း ပြတ်နေပြီ) ဘယ်လိုလုပ်ရင်ရမလဲဆိုတော့ ဆရာဝန်ကိုပြောပြီး စောထိုးခိုင်းလိုက် ရမှာပါတဲ့။ ဟုတ်လား။ ဘယ်လိုလုပ်ရမလဲ တကယ်ဆို ဆေးလာထိုးမယ့်ရက်နဲ့ အတိအကျသူတို့ စာရေးကပ်ပြီး သိမ်းထားပေးတာ။ ဒီလုပ်ငန်းလုပ်နေသူတွေအနေနဲ့ ဒါမျိုးတွေရှိတတ်တယ်ဆိုတာ သိမနေသင့်ဘူးလား စစ်ပေးသင့်တာပေါ့။ ဆေးဘယ်မှာဝယ်လို့ရဦးမလဲ။ သူပြောသလိုစောထိုးရင် တကယ်ပဲရတယ်လား။ ဆေးရုံကိုပဲ တာဝန်ယူခိုင်းရမလား ကျွန်မ၏သားမှာ အသက်တစ်နှစ်လေးလ ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်ရှင့်။

၁၉၃၄ တုံးက ဂျပန်-ပညာရှင် Hayashi ကနေ စတွေ့လို့ Japanese B encephalitis လို့ နာမည်ပေးခဲ့တယ်။ အမျိုးကွဲ ၄ မျိုးရှိတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါ Japanese encephalitis virus (JEV) က (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။ Arbovirus မျိုးဖြစ်တယ်။ Culex tritaeniorhynchus နဲ့ Culex vishnui groups ခြင်ကနေကူးတယ်။ လူကနေ လူကို မကူးပါ။ ခြင်က စပါးခင်းတွေမှာ ပေါက်လို့ တောပိုင်းမှာ ရောဂါများတယ်။ မြင်း၊ ဝက်၊ ငှက်တွေကလဲ ပိုးသယ်ပေးနိုင်တယ်။ ဇွန်လကနေ စက်တင်္ဘာဘာလအတွင်းဖြစ်တာ များတယ်။

(အာစီယန်) ရောဂါလို့ ခေါ်ရမလားဘဲ။ မလေးရှား၊ မြန်မာ၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအိုစ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်းလ်၊ (အာစီယန်) ၁ဝ နိုင်ငံလုံးမှာဖြစ်တယ်။ တရုပ်၊ တိုင်ဝမ်၊ ဘင်္ဂလားဒက်ရှ်၊ အိန္ဒိယ၊ နီပေါ၊ သိရိလင်္ကာ၊ သြစတေးလျ၊ ပါကစ္စတန်၊ ပါပူအာ-နယူးဂီနိ၊ ပစိဖိတ်ကျွန်းတွေမှာလဲ ဖြစ်တယ်။

ယောက်ျားလေးက မိန်းကလေးတွေထက် နည်းနည်း (၁့၅း ၁့ဝ) ပိုဖြစ်တယ်။ ပိုးဝင်ရုံဝင်တာက လူရွယ်ပိုင်းမှာ အဖြစ်များပြီး၊ လက္ခဏာပေါ်တာက ကလေး (၂-၁ဝ နှစ်) တွေနဲ့ အသက်ကြီးသူတွေမှာ ပိုများတယ်။ လူ ၂၅ဝ ဖြစ်ရင် ၁ ယောက်သာ လက္ခဏာပြတယ်။

တခြား St. Louis encephalitis and West Nile encephalitis ဦးနှောက်ရောင် ရောဂါတွေနဲ့ ဆင်တူတယ်။ ပိုးရှိတဲ့ခြင် ကိုက်ခံရရင် နီးစပ်ရာ (လင့်ဖ်-နုတ်) တက်စေ့တွေဆီရောက်မယ်။ နောက် သွေးထဲကို ပိုးတွေရောက်မယ်။ နှလုံး၊ အဆုပ်၊ အသည်းနဲ့ တခြားနေရာတွေကို ပျံ့နှံ့မယ်။ ဦးနှောက်နဲ့ အာရုံကြောဆီမရောက်ခင် ရက်နည်းနည်းနဲ့ ကောင်းသွားနိုင်တယ်။

ပိုးရှိတဲ့ခြင် ကိုက်ခံရပြီးနောက် ၄-၁၅ ရက်မှာ လာဖြစ်တယ်။ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ချမ်း-တုံမယ်၊ ပျို့-အန်မယ်၊ ကြွက်သားတွေ နာမည်။ လည်ပင်း တောင့်တင်းနေမယ်။ အားယုတ်နေမယ်၊ ကြာရင် စိတ်အခြေအနေ ထိခိုက်လာတယ်။ စိတ်ရှုတ်ထွေးနေမယ်၊ စိတ်မတည်ငြိမ်တာကနေ တက်တဲ့အထိ ဖြစ်နိုင်တယ်။ ကလေးတွေဖြစ်ရင် ၆ဝ% ကတက်တယ်။ လက်တုံတာ၊ အလိုလိုကိုယ်-လက်လှုပ်တာ၊ စကားမပြောချင်တာ၊ (ရီဖလက်စ်) တုံ့ပြန်မှု လွန်ကဲနေမယ်၊ မျက်စိအထဲမှာ ရောင်မယ်။ (ပိုလီယို) သူငယ်နာ-အကြောသေနဲ့ ဆင်တူတယ်။

ကံမကောင်းသူတွေမှာ ဦးနှောက်ထဲက (သဲလ်မတ်စ်)၊ (ဘေဆယ်လ်-ဂင်ဂလီယာ)၊ (ဘရိန်း-စတမ်)၊ (ဆယ်ရီဘယ်လမ်) (ဟစ်ပိုကင်းမ်ပတ်စ်) နဲ့ (ဆယ်ရီဘရယ်-ကောတက်စ်) တွေကို ရောက်မယ်။

စစ်ဆေးရင် M protein နဲ့ E protein တွေတွေ့မယ်။ သွေးနဲ့ ခါးရိုးဆစ်ထဲက အရည် စစ်ဆေးတာနဲ့ ရောဂါကို သေခြာ စေရတယ်။ မွေးမဲ့ကလေးကို ကူးတာလဲ ဖြစ်နိုင်တယ်။

ဖြစ်လာသူထဲက ၅-၁ဝ% သေဆုံးနိုင်တယ်။ ဆင်းရဲတဲ့နေရာတွေမှာ ၃၅% သေဆုံးနိုင်တယ်။ တကမ္ဘာလုံး ၁ နှစ်ကို တသောင်း သေရတယ်။ အာရှမှာ တနှစ်ကို လူနာသစ် ၃ သောင်းကနေ ၅ သောင်း တွေ့နေရတယ်။ သေဆုံးနှုံး ၁ဝဝဝ မှာ ၃ ယောက်ကနေ ၆ဝဝ အထိရှိတယ်။

(ဗိုင်းရပ်စ်) က ဖြစ်တာမှန်သမျှ တိကျတဲ့ကုသဆေး မရှိပါ။ ထောက်ကူမှုတွေသာ လုပ်ပေးရပါတယ်။ ကုသဆေးသစ် Rosmarinic acid, Arctigenin, Curcumin, Minocycline တွေလဲ စမ်းသပ်နေပါတယ်။

တခါဖြစ်ဘူးရင် တသက်စာ ကာကွယ်ပြီးသား ခံနိုင်ရည်ရသွားတယ်။ ကနေ့အထိပေါ်တဲ့ ကာကွယ်ဆေးက Genotype III virus ကို အခြေပြုထားတာဖြစ်တယ်။ အင်္ဂလန်မှာ ကာကွယ်ဆေး ၃ မျိုးသုံးတာထဲက IXIARO သာ တရားဝင် ဖြစ်တယ်။ ၂ ခါထိုးရမယ်။ နောက်ဆေးသစ်တွေလဲ စမ်းနေပါပြီ။

ဖြစ်တဲ့သူရဲ့နောင်အလားအလာဆိုတာ ဖြစ်စေတဲ့ ဗိုင်းရပ်စ် အမျိုးအစား၊ အသက်၊ ကိုယ်ခံကျန်းမာရေး စတာတွေပေါ် မူတည်တယ်။ ဗဟိုအာရုံကြောစနစ် ထိသူတွေမှာ နောင်မှာလဲ နားအကြားချို့ယွင်းတာ၊ စိတ်လှုပ်ရှားမှုရှိနေတာ၊ ကိုယ်တခြမ်း အားနည်းတာတွေ ကျန်နေနိုင်တယ်။ ဖြစ်တဲ့သူထဲက ၃၃-၅ဝ%မှာ အာရုံကြောထိခိုက်မှု ကျန်နေတတ်တယ်။ ၁ နှစ်လောက်အထိ ကြာနိုင်တယ်။ တက်တာ၊ လှုပ်ရှားမှုချို့ယွင်းတာ၊ ၇၅%လောက်မှာ ၅ နှစ် အထိ နဲနဲလေး ကျန်နေနိုင်သေးတယ်။ ဗီတာမင် ဘီ၊ Nrurobion ဆေးတွေ သောက်နိုင်တယ်။ အထူးကုဆရာဝန်နဲ့ ပြသနေသင့်တယ်။

အမေရိကမှာသုံးတဲ့ JE Vaccine ကာကွယ်ဆေးလမ်းညွှန်
• (IXIARO) ကနေထုတ်တယ်။ Inactivated Vero cell culture–derived အမျိုးအစားဖြစ်တယ်။ ၂ဝဝ၉ မှာ FDA က လိုင်စင်ထုတ်ပေးထားတယ်။ အသက် ၁၇ နှစ်အထက်ထိုးဘို့ဖြစ်တယ်။ ၂ဝ၁၃ မေလ လိုင်စင်က ၂ လ သားကနေ ၁၆ နှစ်ကလေးတွေအတွက်ဖြစ်တယ်။ ၂ဝ၁၃ ဇွန်လမှာ IXIARO ကာကွယ်ဆေးကို ၂ လသားနဲ့ ၁၆ နှစ်သားတွေကိုပါ ထိုးဘို့ဖြစ်တာတယ်။ သိထားဘို့က ဒီအဆုံးအဖြတ်တွေကို ACIP အကြံပေးဘုတ်အဖွဲ့မှာ မဲပေး ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
• ကလေးတွေအတွက် IXIARO ကာကွယ်ဆေးကို ၂ လုံးထိုးရတယ်။ ၂၈ ရက်ခြားရတယ်။
• ကလေး ၃ နှစ်အထက်နဲ့ လူကြီးတွေအတွက် 0.5 mL ထိုးတယ်။
• ကလေး ၂ လသားကနေ ၂ နှစ်အထိကို 0.25 mL ထိုးပေးမယ်။ ကျန်နေတဲ့တဝက်ကိုစွန့်ပစ်ရတယ်။
• Booster dose ထပ်ထိုးဘို့ လို-မလိုကိုလေ့လာတုံးရှိသေးတယ်။

JE vaccine ကာကွယ်ဆေးကို ရောဂါဖြစ်ပွါးရာဒေသကိုခရီးသွားရရင် ထိုးပေးတယ်။ တလ ဒါမှမဟုတ် တလကျော် နေမယ်ဆိုမှသာ လိုတယ်။ အဲတာလဲ ဖြစ်နေကြရာသီမှသာ လိုပါတယ်။

Japanese encephalitis (JE) ဂျပန်ဦးနှောက်ရောင်ရောဂါ (၁) http://doctortintswe.blogspot.com/2017/02/japanese-encephalitis-je_18.html
Japanese encephalitis (JE) ဂျပန်ဦးနှောက်ရောင်ရောဂါ (၂) http://doctortintswe.blogspot.com/2017/02/japanese-encephalitis-je_88.html
Japanese encephalitis (JE) ဂျပန်ဦးနှောက်ရောင်ရောဂါ (၃) http://doctortintswe.blogspot.com/2017/02/japanese-encephalitis-je.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး