Hepatitis B Q and A ဘီပိုး မေးခွန်းများ

ဆရာ ၂၉ နှစ်ပါ။ B ပိုးရှိတဲ့ သူငယ်ချင်း ဆေးရုံတတ်လို့ ကူညီဖို့ လိုက်သွားပါတယ်။ ဆေးရုံမှာ ကြာချိန် ၁၇ ရက်။ အညစ်ကြေးမကိုင်ခဲ့ရပါဘူး။ ပြန်လာပြီး ၁၅ ရက်မှာ လူနာစောင့်က ဆေးစစ်တော့ ဘီပိုးတွေ့ပါတယ်။ အဲ့ဒါ အခုမှ ကူးစက်တာလား။ အရင်တည်းက ရှိနေတာလားသိပါရစေ။  ၁၇ ရက်လောက်နဲ့ ကူးနိုင်တာလား။ ကူးစက်ခံရတာကို ၅ ရက်လောက်နဲ့ စစ်ဆေးလို့ ရနိုင်ပါလားသိပါရစေဆရာ။

အသည်းရောင်ဘီပိုးကူးစက်ခံရပြီးနောက် တလခွဲကနေ ၆ လအထိကြာမှာ ရောဂါလက္ခဏာတွေခံစားရတယ်။ ပျမ်းမျှ ၄ လ ကြာတယ်။ ချက်ချင်းဖြစ် ရက်တိုကူးစက်မှုခေါ်တယ်။ နာတာရှည်က နောက်မှာ ဖြစ်ချင်သူမှာ ဖြစ်လာတယ်။ နောက်သုတေသနတခုအရ ရက် ၆ဝ ကနေ ၁၅ဝ ရက်ကြာမှ ရောဂါလက္ခဏာတွေပေါ်တယ်။ ပျမ်းမျှ ရက် ၉ဝ။

HBV ခေါ် ဘီပိုးကူးစက်ခံရပြီးနောက် သွေးစစ်လို့ HBsAg-positive ဖြစ်ဖို့ ၁ ပတ်ကနေ ၉ ပတ်ကြာတယ်။ ပျမ်းမျှ ၄ ပတ် ကြာတယ်။

HBV ပိုးကူးစက်နည်းများ
အရေပြားကို ပိုးပါတဲ့အပ်ထိုးမိခြင်း၊
အရေပါး (လိင်လမ်းအဖုံးလွှာ၊ ပါးစပ်ဖုံးလွှာ) ကတဆင့်ကူးစက်ခြင်း။
သွေး သို့မဟုတ် ခေါ် ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေ (တံတွေး + သုက်ရည် + ဗဂျိုင်းနားအရည်) နဲ့ ထိတွေ့မိခြင်း။
ပိုးရှိနေသူနဲ့ လိင်မှုပြုခြင်း။
မူးယစ်ဆေးထိုးခြင်း (အပ် + ဆေးထိုးပိုက် + ပြင်ဆင်ရာသုံးပစ္စည်းတွေ)။
ပိုးရှိမိခင်ကနေ မွေးလာတဲ့ကလေး။
ပိုးရှိနေသူရဲ့ အနာ + သွေးနဲ့ထိတွေ့မိခြင်း။
ဆေးထိုးအပ် + ချွန်တဲ့ကရိယာတွေနဲ့ စူးရှမိခြင်း။
ကိုယ်မွေးရိတ်ကရိယာ + သွားတိုက်တံတွေ မျှဝေသုံးခြင်း။

အစားအသောက်၊ ရေ၊ ပန်းကန်ခွက်ယောက်၊ ကလေးနို့တိုက်ခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ချောင်းဆိုးခြင်း နှာချေခြင်းတွေကနေ မကူးစက်ပါ။

HBV ပိုးဟာ ကိုယ်ခန္ဓာအပြင်မှာ ၇ ရက်ကြာရှင်နေနိုင်တယ်။  ပိုးရှိနေသူဆီကထွက်တဲ့ သွေး၊ ကိုယ်ကထွက်တဲ့ အရည်တွေကို အဝတ်လျှောဆော်ဒါ နဲ့ ရေကို 1:10 ဖျော်ပြီး သန့်ရှင်းပေးနိုင်တယ်။ လက်အိတ်သုံးနိုင်တယ်။

ဘီပိုးကူးစက်ခံရရင် ကိုယ်ပူ၊ အားယုတ်၊ အစားပျက်၊ ပျို့၊ အန်၊ ဗိုက်နာ၊ ဆီးအရောင်ရင့်၊ ဝမ်းအရောင်ပျော့၊ အဆစ်နာ၊ အသား-မျက်စိ-အရေပြားဝါတာတွေဖြစ်နိုင်။ တချို့ဘယ်လိုမှမခံစားရ။ ၅ နှစ်အောက်ကလေးတွေနဲ့ ခုခံအားနည်းနေသူတွေမှာ ရောဂါလက္ခဏာတွေမပေါ်တတ်။

ရောဂါလက္ခဏာတွေက ၆ လအထိကြာတတ်။ အသက် ၆ဝ ကျော်သူတွေမှာ ပိုဆိုးတယ်။ ဝ့၅% ကနေ ၁% သေဆုံးနိုင်။

ရက်တိုဖြစ်ထားသူတွေထဲက ကလေးတွေမှာ နာတာရှည်ဆက်ဖြစ်တာပိုများတယ်။ တနှစအောက်ကလေး ၉ဝ% ဖြစ်တယ်။ ၅ နှစ်အောက်ကလေး ၂၅% ကနေ ၅ဝ% ဖြစ်တယ်။ လူကြီးတွေ ၉၅% ဟာ နာတာရှည်ဆက်မဖြစ်ကြပါ။

မေးခွန်းကိုဖြေရရင် အတိအကျ မပြောနိုင်ပါ။ ကံကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး