Kyeetha game ကျည်းသားရိုက်နည်း
ကွန်မင့် (၁) = Moed Moed Kyi ဆရာ ကျည်းသားရိုက်တယ်ဆိုတာ ဘာကစားနည်းပါလဲဆရာ။ မတွေ့ဘူးလို့ပါ။
ကျွန်မင့် (၂) = Yin Mon ကျည်းသားရိုက်ရင် ခေတ်မီ safety gear ပါမှ။ အန္တရာယ်များတယ်။
ကျည်းသားရိုက်တာ ကျွန်တော်တို့ငယ်ငယ်တုံးက ယောက်ျားလေးတိုင်းကစားခဲ့တဲ့နည်းပါ။ ဘာစရိတ်မှမကုန်၊ အားကစားရုံ မရှိလည်းရ။ ယူနီဖေါင်းဆိုတာက ပုဆိုးခါးတောင်းကြိုက်ရုံသာပ။
လာကြ။ ကြိုက်တဲ့မြေပြင်မှာကစား၊ လမ်းကြိုလမ်းကြား။ ဘုန်းကြီးကျောင်းသား၊ တောသား၊ မြို့သား၊ ကျည်းသားကစား။
ဆစ်ပိတ်ဝါးလေး သေးသေးရှာ၊ တတောင်စာဖြတ်လိုက်၊ သစ်သားစတမိုက်မှာ ထိပ်နှစ်ဖက်ကိုချွန်၊ ကရိယာစုံလင်။
မြေပြင်မှာ မြောင်းလေးလုပ်၊ အကျယ် တုတ်အဖျားဝင်သာ၊ အရှည်တထွာ၊ ရပြီဗျာ၊ လာ ကစားကြမယ်။
ဘယ်သူအရင်ကစား၊ ခေါင်းပန်းလှန်စရာ ငါးပြားစေ့မဟုတ်ပါ။ ကျင်းပေါ်မှာ အသားတုတ်ချွန်ကန့်လန့်ထား၊ တအားသာကော်၊ အတော်ဆုံးလူဆိုတာ အကွာဆုံးထိကော်နိုင်သူ၊ သူကအရင်။
အသားချွန် ကျင်းပေါ်တင်၊ တုတ်နဲ့ကော်ထုတ်၊ လက်ခုပ်နဲ့ ဖမ်းနိုင်ရင်ဖမ်း။ မဖမ်းနိုင်ရင် ရောက်တဲ့ဆီထိပြေး။ ကျင်းနောက် တုတ်တပြန်အကွာမှာ တုတ်ကိုချပေး၊ အဝေးကနေ တုတ်ထိအောင်ပြစ်။ မမှန်ရင် ပြေး။ တစ်၊ နှစ်၊ သုံးလေး။
နှစ်ဖက်ချွန်အသား တဖက်ဖျား တုတ်အားနဲ့ရိုက်၊ အပေါ်တက်လာခိုက် တုတ်နဲ့လွှဲရိုက်။ အားစိုက်။ လိုက်ဖမ်း။ ဝမ်း၊ တူး၊ သရီး၊ ဖိုး။
စိုးရိမ်တဲ့သူဆီက အကြံကောင်း၊ ကျည်းသားရိုက်သူအပေါင်း ခေါင်းမထိစကောင်း၊ ဟဲလ်မက်ဆောင်းတဲ့။ ရွာကျောင်းကခွေး၊ လမ်းဘေးကဝဲစား။ မျက်စိနောက်သလားမမေးနဲ့၊ လွတ်အောင်သာပြေး။
ဒေါက်တာတင့်ဆွေ
၃-၂-၂ဝ၁၆
၃-၂-၂ဝ၁၇

Comments
Post a Comment