ချစ်သူနှင့်ဝေး တို့မလေးကား ရေးလည်းမတတ် ဖတ်မတတ်နှင့်

သတင်းတပုဒ်မှာ စက္ကန့် ၃ဝ ခန့် မျက်ရည်ကျခဲ့တဲ့ နိုင်ငံတော်သမ္မတလို့ ဖတ်ရတယ်။ ကလေးစာပေပွဲတော် ဖွင့်ပွဲ အခမ်းအနားသတင်းမှာပါ။ သမတဦးထင်ကျော်က ကိုယ့်အတွက်ထက် အများအကျိုးကို စဉ်းစားတတ်တဲ့ စိတ်ကလေးတွေ ဖြစ်လာအောင် စာပေလေးတွေကို လေ့လာစေချင်တယ်လို့ ပြောခဲ့တယ်။

ကျွန်တော်တို့ခေတ်မှာ ကလေးတိုင်းက ဆရာမင်းသုဝဏ်ရေးခဲ့တာတွေနဲ့သာ ကြီးပြင်းလာခဲ့ရတယ်။ ပန်းသည်၊ ဝါဆိုဝါခေါင်နဲ့ ဆွမ်းအုပ်နီနီကဗျာတွေဟာ ကျောင်းသုံးစာအုပ်တွေမှာ သင်ရိုးဖတ်စာဖြစ်ခဲ့တယ်။ သပြေသီးကောက်၊ သပြေညိုနဲ့ တို့မလေးကဗျာတွေကို လူရွယ်တိုင်းက နှစ်သက်စွဲလမ်းခဲ့ကြတယ်။ ပျဉ်းမငုတ်တိုနဲ့ ဖိုးမောင်လာပြီ ကဗျာတွေဟာ တော်လှန်ရေးအဆက်ဆက်မှာ အားတွေဖြစ်စေခဲ့တယ်။

တို့မလေး

အိမ်ခေါင်မိုးမှာ သူထိုးလာသည်။

ပေလွှာစာချပ်၊ အဝေးရပ်က
ဆံဖြတ်မောင်ရေး၊ အလွမ်းတေးကို
မလေး ဖတ်နိုင်ခဲ့ဖူးပြီ။

ရွှေဝသို့သွား၊ ချစ်သူအားလျှင်
မှာကြားပို့လေ၊ လွမ်းစာခွေဟု
မပြေမလှ၊ နွဲ့လျလျနှင့်
မိန်းမလက်ရေး၊ ငယ်သေးသေးကို
မလေးခြစ်နိုင်ခဲ့ဖူးပြီ။

သို့ပင်ဖြစ်လည်း
ချစ်သူနှင့်ဝေး၊ တို့မလေးကား
ရေးလည်းမတတ်၊ ဖတ်မတတ်နှင့်
စာငတ်ပေငတ်၊ အသိငတ်သည်
မတ်တတ်ခြောက်သည့် သစ်ပင်လို။

ကံထောက်မ၍ ၊ ဤယနေ့မူ
နွေငွေ့လျှပ်လျှပ်၊ ပူစပ်စပ်တွင်
ထန်းပလပ်ရိပ်၊ တမာရိပ်၌
ချစ်ရိပ်ခိုဝင်၊ စာကိုသင်သော်
မပင်မပန်း၊ အမြင်ဆန်းသည်
မျက်ကန်းမလေး မြင်လေပြီ။ (မင်းသုဝဏ်)

ကနေ့ခေတ် အရာရာကျဆင်းဆုတ်ယုတ်နေတာထဲမှာ မြန်မာစာပါတယ်။ စကားရော သတ်ပုံပါ အမှားတွေ အလွဲတွေနဲ့သာ ပြောနေ၊ ရေးနေ၊ ပုံနှိပ်ထုတ်ဝေနေကြတယ်။ ကလေးစာပေဆိုတာ ကလေးသွားရည်စာ ကြည့်ပါပြောရင်ရတယ်။ ဆရာမင်းသုဝဏ်ရဲ့ ပန်းသည်ကဗျာကို ပြန်ထုတ်သူတွေက တစ်ကြော့နှစ်ကြော့ လုပ်နေကြတာ မသင့်လျှော်ပါ။ လူကြီးဆိုသူတွေကိုယ်တိုင်က အဲလိုတွေ ဖြစ်နေကြတော့ ကလေးတွေကနေစမှသာ ရတော့မယ်။

ပန်းသည်

မောင်လေးရေ ထပါတော့၊
ရောင်နီ လာလှပေါ။

တကြော့ နှစ်ကြော့ တေးကိုသီ၊
ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း၊
ပင်အောက်ကြိုင်လို့ လန်း။

ဘန်းလေးယူခဲ့ မောင်လေးရယ်၊
သွားကောက်ချေစို့ ကွယ်။
ပန်းသယ်လုပ်စို့ - တပြုံးပြုံး၊
ပန်းတွေ - တကုံးကုံး။ (မင်းသုဝဏ်)

လူကြီးတွေက မမြင်ကြလည်း၊ ချစ်သူမဝေး တို့မလေးများ စာရေးလည်းတတ် စာဖတ်တတ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၅-၁၁-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ