Knee Sprain ဒူးနားခိုက်မိခြင်း

၁။ အမျိုးသား အသက်က ၄၅ ပါ လုပ်ငန်းသဘာဝအရ သင်တန်းမှာ လေ့ကျင့်ခန်းလုပ်ရင် ဘယ်ဒူးနာသွားပါတယ်။ doclogel လိမ်း ဒူးစွပ်စွပ်ပါတယ် မသက်သာပါ ဘယ်ဒူးနာလို့ ညာဘက်အားပြုလျှောက်ရင်း ညာခြေဖမိုးပါ နာလာပါတယ် သင်တန်းအနေအထားရ ဖွင့်ရက်ဆို လမ်းက ၂မိုင်နီးပါးလျှောက်ရပါတယ် လမ်းညွှန်ပေးပါဆရာ

၂။ ကျွန်တော့် အသက်က ၂၈ နှစ်ပါ။ ဘောလုံးသွားကန်ရင်း ဒူးခေါင်းကအရွတ် ဘယ်လို ဖြစ်သွားမှန်း မသိပါဘူးဆရာ။ ဘောလုံးသမားတွေ ဒူးအရွတ်နဲ့ပါတ်သတ်ပြီး ဖြစ်တတ်တဲ့အကြောင်းလေးကို ဘယ်မှာ ဖတ်လို့ ရမလဲဆရာ။ ပြီးတော့ တရုတ်ဆေးခန်းပြရမလား အင်္ဂလိပ်ဆေးခန်းပြရမလား သိချင်လို့ပါဆရာ။

တရုပ် ကုလား အင်္ဂလိပ်တွေထိုင်တာမှာ မပြသင့်။ ဆရာဝန်ကိုသာပြသင့်။

ဒူးဆစ်နာတယ်ဆိုတာ ဒူးဆစ်အနားက အရွတ်တခုခု ဒါမှမဟုတ် တခုမက ဒဏ်ရာရတာဖြစ်တယ်။ အဆစ်နာဆိုတာထက် အရွတ်နာလို့ခေါ်တာပိုမှန်တယ်။ ဒူးမှာ ပင်မအရွတ် ၄ ခုနဲ့ အသေးစားတွေ အများကြီးရှိတယ်။
1. ACL (anterior cruciate ligament) Injuries ရှေ့ (ခရူရှယ်) အရွတ်၊
2. PCL (posterior cruciate ligament) Injuries နောက် (ခရူရှယ်) အရွတ်၊
3. MCL (medial collateral ligament) Injuries အတွင်း (ကိုလက်ထရယ်) အရွတ်၊
4. LCL (lateral collateral ligament) Injuries အပြင် (ကိုလက်ထရယ်) အရွတ်၊

ကုသရာမှာ ခက်တာက ဘယ်အရွတ်ကိုထိခိုက်သလဲ သိဘို့မလွယ်လှဘူး။ ACL အရွတ်ကိုထိရင် ခွဲစိတ်ပြုပြင်မှရတယ်။ MCL ဆိုရင်ခွဲစရာမလိုဘူး။ နောက်တချက်က ဘယ်လောက်ဆိုးဆိုးဝါးဝါး ထိသွာသလဲသိဘို့ ခက်သေးတယ်။ အများအားဖြင့် သာမန်ကာရှန်ကာသာ ဖြစ်ပါတယ်။

အားကစားသူတွေမှာ ပိုဖြစ်တယ်။ ဒူးဆစ်ကို ရုတ်တရက်လှည့်မိလို့ ဥပမာ ပြောနေရာက ရပ်ပြစ်တာမျိုးကနေ ဖြစ်နိုင်တယ်။ ပုံမှန်လုပ်ရ-လှည့်ရမှာ မဟုတ်တာလုပ်မိရင်လဲဖြစ်မယ်။ ဒူးနရာကို အပြင်ဒဏ်ရာရလို့လဲဖြစ်တယ်။

• တင်းနေလို့ အရင်လိုလှုပ်ရှားမရ၊
• အလိုလိုလဲနာမယ်၊ ထိကိုင်ရင်လဲ နာမယ်၊
• အဆင်မသင့်တာလုပ်တဲ့အခါ အသံကြားမယ်၊
• ရောင်ဖေါင်းနေမယ်၊
• လမ်းလျှောက်ရင် ဒူးကမလိုက်နိုင်ဘူး။

X-rays ဓါတ်မှန်နဲ့ MRI ရိုက်နိုင်တယ်။

ကုသရာမှာ (၁) နာတာ-ရောင်တာ ကျအောင်လုပ်ပေးတာနဲ့ (၂) ပြန်နလံထနိုင်အောင်လုပ်ပေးတာဆိုတဲ့ ၂ မျိုး လုပ်ရတယ်။
• Rest နားပါ၊
• Ice ရေခဲတင်ပါ၊
• Compress ဖိနှိပ်ထားပါ၊
• Elevate ဖြစ်တဲ့နေရာကို အပေါ်မြှင့်ထားပါ၊
• NSAID အနာ-အကိုက်-အရောင် ကျဆေးသောက်ပါ။
• Brace ပတ်တီးစီးထားပါ၊
• Crutches ချိုင်းထောက်၊ တုတ်ကောက်သုံးပါ၊
• Heat ဒဏ်ရာရပြီး ၂-၃ ရက်ကြာရင် အပူတင်ပေးပါ၊

ဆက်လုပ်ရမှာတွေကတော့ -
• Rehabilitation exercises လေ့ကျင့်ခန်းလုပ်ပါ။
• Drainage of extra fluid from your knee ဒူးဆစ်ထဲအရည်အောင်းနေတာကို လိုရင်စုပ်ထုတ်မယ်။
• Surgery စုပ်ပြဲသွားတဲ့အရွတ်ကို လိုအပ်ရင် ပြန်ချုပ်ပေးမယ်။

ဒေါက်တာတင့်ဆွေ
၁၁-၉-၂ဝ၁၃
၂၂-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး