Friday, November 22, 2019

နဂါး

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦနဖူးစည်းမှာ တက္ကသိုလ်အမှတ် အသားတံဆိပ်မှာ နဂါးနှစ်ကောင် ပါတယ်။ နဂါးကို ဘာကြောင့်သုံးသလဲ။ တက္ကသိုလ် အဆောက်အဦဆောက်လုပ်ရေးအဖွဲ့မှာပါခဲ့တဲ့ ဘကြီးဘဘေရဲ့ စကားကို ကိုးကားရေးထာတာ ဖတ်ရတယ်။ ကျေးဇူး။

မြန်မာပြည်မှာ အင်းအိုင်၊ လက်ဖွဲ့၊ အဆောင် တဘောင်စာချိုးတွေကို ယုံခဲ့ သုံးခဲ့ကြတယ်။ အင်း (အင်းဝ) ကို ဟင်္သာ (ဟံသာဝတီ မွန်) ဆင်းမည်။ ဆင်းလျှင် လေး (မုဆိုး ခေါ် မုဆိုးဘို) နဲ့ ခွင်းမည်။ ထိုမုဆိုးကို ထီးရိုး (ဗြိတိသျှအင်္ဂလိပ်) ရိုက်လိမ့်မည်။ ထီးရိုးကို မိုးကြိုး (မီနာမီကီကန်း ကာနယ်ဆူဇူကီးခေါ် ဗိုလ်မိုးကြိုး) ပစ်မယ်လို့ တဘောင်စာချိုးရှိခဲ့တယ်။

နဂါးဟာ စနေနံ။ ဗြိတိသျှရဲ့ အလယ်စာလုံး တိကို စနေလို့ယူသတဲ့။ ပန်းရန်ဆရာက တရုတ်ဖြစ်တော့ ဗမာနဂါးမဟုတ်ဘဲ တရုတ်နဂါးဖြစ်သွားသတဲ့။

ကျွန်တော့်က အင်းအိုင်၊ လက်ဖွဲ့၊ အဆောင်၊ တဘောင်စာချိုးတွေကို မယုံပါ။ အစဉ်အလာဓလေ့ထုံးတွေ ရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းကို လေးစားတယ်။ မျက်စိမှိတ်ပြီး ငြင်းဆန်တာလည်း မလုပ်ပါ။ ဗြိတိသျှရဲ့ တိကို စနေလို့ယူတာ ဟုတ်ပါ့မလား စဉ်းစားတယ်။

တရုပ်နဂါးကို တရုပ်ကဗျာဆရာတွေက ဖွဲ့ခဲ့ပါသတဲ့။ နဂါးရဲ့ဦးခေါင်းဟာ ကုလားအုတ်လိုနဲ့ ဒရယ်ဦးချို။ နတ်မိစ္ဆာ မျက်လုံး။ လည်ပင်းက မြွေ။ ဝမ်းဗိုက်က ခုံခွံ။ ငါးကြင်း အကြေးခွံ။ လင်းယုန် လက်သည်း။ ကျား ဖဝါး။ နွား နားရွက် တဲ့။

ကျွန်တော်တို့ရှေးဟောင်းစာတွေထဲမှာ နဂါးပါတယ်။ ပါဠိဝိဂြိုဟ်အရ ခြေဖြင့်မသွားသောကြောင့် နဂါးဟုခေါ်သည်။

မြန်မာစာပေထဲမှာ ရေနေ၊ တောင်နေနဲ့ မြေနေနဂါးလို့ ရှိတယ်။ နဂါးပြည်ရှိတယ်။ မြင့်မိုရ်တောင်ခြေရင်း သီဒါရေထဲမှာ နဂါးတွေနေတယ်။ မုစလိနန္ဒအိုင်မှာ နဂါးနေတယ်။ ၅၅၀ ဇာတ်တော်ထဲမှာ ဘုရားအလောင်းက ဘူရိဒတ်နဂါမင်း အပါအဝင် နဂါးအဖြစ် ၃ ကြိမ် ဖြစ်ခဲ့တယ်။

ကနေ့အထိ ရခိုင်ဒေသနဲ့ မင်းဘူးနယ်တွေမှာ ကနေ့အထိ နဂါးပွက်အိုင်လို့ရှိတယ်။ ဘုရားစေတီတွေမှာ နဂါးရုပ်တွေ ထားကြတယ်။ မြို့အတော်များများမှာ နဂါးရုံဘုရားတွေ ရှိတယ်။

ပရိဘောဂတွေမှာ နဂါးရုပ်ထည့်တယ်။ ခန့်ညားအောင်ဆောက်ထားတဲ့ အဆောက်အဦတွေက နဂါးရုပ်ပါ အနုပညာ လက်ရာကို နရားလို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...