Bargaining ဆေးကုသတာမှာ ဈေးဝယ်သလို ဈေးမဆစ်သင့်ပါ

မင်္ဂလာပါ ဆရာ နေမကောင်းဖြစ်တဲ့အခါတိုင်းလိုလို ဆေးခန်းပြပြီးရင် ၃ရက်သောက်ဖို့ပေးတဲ့ဆေး ၁ရက်ပဲ အမြဲသောက်ဖြစ်ပါတယ်။ ခြေထောက်အရိုးပဲ့တဲ့အတွက် အရိုးဆေး ၄၅ရက်စာကို ၂၀ရက်စာလောက်ပဲ သောက်ဖြစ်ပါတယ်။ ဆိုးကျိုး ရှိနိုင်လား သိချင်ပါတယ် ဆရာ။

ဆေးသောက်သူ ကလေး လူကြီး မသိ။ အသက် မသိ။ ကျား မ မသိ။ ရောဂါ မသိ။ သောက်တဲ့ဆေး မသိ။

Dose ဒို့စ် = ဆေးကို တကြိမ်လျင် မည်မျှပေးရသည်ကို ဆိုလိုသည်။ ဒို့စ်သည် လူနာ၏ အသက်ပေါ် မူမတည်၊ လူနာ၏ ကိုယ်အလေးချိန် အပေါ်မူတည်သည်။ တကြိမ်လျင် ဆေးအလေးချိန်မည်မျှ တိုက်ရမည်။ တနေ့ကို အကြိမ်မည်မျှ တိုက်ရမည်၊ အတိအကျ ညွှန်းရသည်။ အစားနှင့်နီး-ဝေးရမည်၊ ရေများများသောက်ရန်လို-မလို၊ ဆေးသောက်ပြီး နားရန်လို-မလို၊ အခြားဆေးများ နှင့်အတူတိုက်ရ-မတိုက်ရ စသဖြင့်လည်း ညွှန်းပေးရမည်။

Course ကို့စ် = ဆေးကို မည်မျှကြာကြာပေးရမည်။ ပဌမ ကို့စ်ပြီးနောက် ဒုတိယကို့စ် လိုချင်လိုမည်။ ဥပမာ မေးခိုင်ရောဂါ ကာကွယ်ဆေးကို တလခြား နှစ်ခါထိုးရသည်။ တီဘီဆေးများပေးလျှင် ၃ လ၊ ၆ လ၊ ၉ လ။

Dose ဒို့စ် နဲ့ Course ကို့စ် မမှန်ရင် ဆေးယဉ်တာဖြစ်နိုင်တယ်။ ပဋိဇီဝဆေး ခေါ် ဗက်တီးရီးယားသေဆေးတွေက အဲလိုဖြစ်နိုင်တယ်။ နောက်တခါအဲဒီဆေးနဲ့ မရတာကို ဆိုလိုတယ်။ အဆိုးဆုံးက တီဘီဆေး။ ဆေးယဉ်တီဘီဆိုတာ ကုသရ အင်မတန်ခက်တယ်။ ဆေးတွေက ဈေးကြီးတယ်။ ပဌမတန်းစားဆေးတွေလောက် မထိရောက်။

အကိုက်အခဲပျောက်ဆေး၊ အားဆေးစတာတွေကတော့ ရက်သတ်မှတ်ချက်မပြည့်လဲ သိပ်ထိခိုက်စရာ မရှိပါ။ တသက်လုံးသောက်တဲ့ဆေးတွေလည်း ရှိတယ်။

ဆေးကုသတာမှာ ဈေးဝယ်သလို ဈေးမဆစ်သင့်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး