Questions on 17-11-2019

Questions on 17-11-2019
Dronis 20 တားဆေး

(ကန်တော့)

ဆရာ ကျမသမီးလေးက ခု ၁၅ နှစ်ထဲကိုရောက်ပါပြီ အသက် ၁၃ နှစ်မှာ မိန်းကလေးသဘာဝ ရာသီလာတာ  ၄ လကို တခါလာပါတယ် နောက်ပိုင်းမှာ ၆ လကြာသွားလို့စိတ်ပူပြီး OG ၃ ယောက်နဲ့ အက်ထရာဆောင်း ဆရာဝန် ၃ ယောက် အထူးကုဆေးရုံ ၃ လခုမှာ ၈ ကြိမ်လောက်ပြမိတဲ့ အချိန်မှာ သမီးက ရေအိတ်ရှိနေတာကို တွေ့ရပါတယ် ဆရာဝန်တွေ အားလုံးရဲ့ အဖြေက ရေအိတ်ဆိုတာ မှန်ပေမဲ့ တနေရာနှင်တနေရာ အတိုင်းအတာ မတူကြပါဘူး ခွဲ မခွဲနဲ့ဆိုတဲ့ ကြားမှာပဲ အခု သမီးက ၁၅ နှစ်ထဲကိုရောပါပြီ OG တယောက်ရဲ့ညွှန်ကြားမှုနဲ့ Dronis 20 တိုက်ရင် ၃ လလောက်လာပြီး မလာပြန်ဘူး အဲ့ဒါနဲ့ အဲ့ဆေးတိုက်တာ ၃ ခါရှိပါပြီ ခုမလာပြန်ဘူး ဆက်တိုက်သင့်ပါသလားဆရာ သမီးလေးက အရမ်း ငယ်နေတော့ မတိုက်ချင်ဘူး မတိုက်ရင်လည်းမလာပြန်ဘူး အဲ့ဆေးရဲ့ ဆိုးကျိုး တခြားတော့မရှိပါဘူး ခန္ဓာကိုယ် တင်ပါးတွေတအားကြီးလာတာ တခုပဲရှိပါတယ် ကျန်တာတော့ အဆင်ပြေပါတယ်ဆရာ ကျေးဇူးပြုပြီး ဆက်တိုက်သင့်သလား အကြံဥာဏ်ပေးပါအုံး ဆရာ

Dronis ဟာ ဟော်မုန်း ၂ မျိုးတွဲ တားဆေးဖြစ်တယ်။ ဝတဲ့အမျိုးသမီးတွေ မသင့်။

ဘေးထွက်သက်ရောက်မှုများ
Nausea ပျို့
Stomach pain ဗိုက်အောင့်
Headache ခေါင်းကိုက်
Weight gain ကိုယ်အလေးချိန်တိုး
Breast pain ရင်သားနာ
Irregular uterine bleeding ရာသီမမှန်

သတ်ပုံတချို့ကို ပြင်လိုက်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

မွေးလူနာနံပါတ် ၃၂၇

လွန်ခဲ့တဲ့ ၆ နှစ်တိတိ စနေညမှာ တနင်္ဂနွေသမီးလေးတယောက်ကို မွေးပေးလိုက်တယ်။ နည်းနည်းကြာနေလို့ ညှပ်ဆွဲရတယ်။ ကလေးနံပါတ် ၃၂၇။

အလေးချိန်၊ စာရင်းသွင်း၊ ကာကွယ်ဆေးတွေထိုးပြီး၊ ဓါတ်ပုံရိုက်ဘို့ ဆရာဝန်ကဘဲ ကလေးအနှီးကို ကျစ်ကျစ်လစ်လစ် ဖြစ်အောက် ပြန်ပတ်ပေးတော့မှ ကလေးကိုပြုစုပေးတဲ့ဆရာမ အပြောအတိုင်း ယောက်ျားလေးလို့ စာရင်းသွင်းမိတာကို မှားလို့ ပြန်ပြင်ရတယ်။ လူနာစောင့်တွေကတော့ ကလေးထွက်ထွက်ခြင်း ဝမ်းသာအားရ အထီးအမ အော်ပြောကြတာ ရှိပေမဲ့ ဆရာဝန်က သူတို့ပြောတာ နားမလည်ပါ။ မွေးလူနာနဲ့ လူမျိုးစုမတူကြတဲ့ ဆရာမကလဲ ၂ ယောက်တည်းသာ လာနိုင်လို့ သူတို့ခမြာမှာ တယောက်က ကလေး၊ တယောက်က မအေကို လုပ်ကိုင်ပေးကြရတယ်။

ဇာတ်စုံခင်းနေတဲ့ အကြောင်းရင်းကတော့ ဆရာဝန်-ဆရာမတို့မည်သည် ဘာလူမျိုးကို ဆေးကုပေးနေသလဲ ခေါင်းထဲ မထားရ။ မွေးလာတာကိုလဲ လိင်ခွဲခြားမှု မပြုပါဆိုတာကို ပြောချင်လို့ဖြစ်ပါတယ်။ ပြည်ပထွက်ပြီး နိုင်ငံရေးလုပ်နေတဲ့ ဆရာဝန် အဲလိုရေးတာ နိုင်ငံရေးမဟုတ်ပါ။ ပရော်ဖက်ရှင်နယ်လ်ဇင် ခေါ် အသက်မွေးမှုပဋိညာဉ် ခေါ် ကျင့်ဝတ်။

မွေးလူနာ ၃၄၉ ယောက်ကို မွေးပေးပြီးနောက် ဒီတိုင်းပြည်ရောက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၃
၁၇-၁၁-၂၀၁၉

မှောင်မိုက်သောညများ

ဗန်းမော်တင်အောင်

အခုလေးတင် ကျွန်တော့်ဇနီး မုံရွာထောင်ထဲ တလလောက်နေခဲ့ရကြောင်းစာလေး ရေးတင်တယ်။ တဆက်တည်းမှာ ဗန်းမော်တင်အောင်ရေးတဲ့ မှောင်မိုက်သောညများတင်ထားတာ တွေ့လာတယ်။

ဘားလမ်းအချုပ်နှင့် ရန်ကုန်ထောင်ကြီးများအတွင်း၌ နိုင်ငံတော်အစိုးရ၏ ရာဇဝတ်သားတယောက်အဖြစ်ဖြင့် အကျဉ်းခံနေခဲ့ရသော ထိုရက်ပေါင်း ၁၅၆၉ ရက်သည် ကျွန်တော့်အတွက် မှောင်မိုက်သောညများသာ ဖြစ်သည်ဟု ဆိုရလိမ့်မည်ထင်၏။ ထိုနေ့ရက်များသည် အလင်းရောင်မရှိ၊ သာယာမှုမရှိ။

မြန်မာစာ သတ်ပုံမမှန်တော့တဲ့ညတွေ များလှပေပြီ။ အကျဉ်းစံဘဝက လွတ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

Ventolin inhaler ပန်းနာရှူဆေး

ကျွန်မ အသက် ၄၂ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ အခုလက်ရှိ့ မှာ နေထိုင်ပြီး အလုပ်လုပ်နေပါတယ်။ လွန်ခဲ့သော နှစ်နှစ်ကျော်က မြန်မာပြည် ခဏပြန်နားချိန် ချောင်းဆိုး ရင်ကြပ်ဖြစ်ပြီး ဆေးခန်း ပြ သောက်ဆေးမျိုးစုံနှင့် ရက် အတန်ကြာကုခဲ့ရဖူးပါတယ်။ မသက်သာလို့ ဆရာဝန်က Inhaler ဆေးစသုံး ခိုင်းရာမှ ၆ လကျော်အကြာ သက်သာပြီး Inhaler ကို ကျွန်မ ဆက်မသုံးဖြစ်ရာမှ ယခုတဖန် ရင်ပြန်ကြပ်နေပါတယ်။ တိုင်းတပါးလုပ်ငန်းခွင်ထဲမှာမို့ ဆေးခန်းပြဖို့ ခက်ခဲနေလို့ ကိုယ်သဘောနဲ့ ကိုယ် Ventolin Inhaler ကို မြန်မာကနေမှာပြီး သုံးနေရပါတယ်။ ယခင် သုံးခဲ့တဲ့ Inhaler ဆေး အမည် မမှတ်မိလို့ Ventolin သုံးမိတာပါ။ ယခု ဆေး ကို တနေ့ နှစ်ကြိမ်မှ သုံးကြိမ် ရှူနေရပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလေး သိပါစေ ဆရာ။ ကျွန်မအတွက် ဘယ်လို Inhaler ဆေးသုံးသင့်လဲဆိုတာ ကူညီ အကြံဥာဏ်လေးပေးပါရှင့်။

Ventolin ဘေးထွက်သက်ရောက်မှုများ
အများအားဖြင်း ဆေးရှူစမှာဖြစ်တယ်။ မိနစ်အနည်းငယ်ကြာတယ်။ နာရီအထိလည်း တချို့ကြာတယ်။ Salbutamol ဆေးကြောင့်ဖြစ်တယ်။ ဆေးက 100 mcg per puff အဆုတ်ထဲကိုဝင်တယ်။

လူ ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တာတွေက လူတုန်နေသလိုခံစား။ ခေါင်းကိုက်။

လူ ၁၀၀ မှာ ၁ ယောက်ဖြစ်တာတွေက ပါးစပ်ထဲ နေမထိသလိုခံစား။ အိပ်ရတာအဆင်မပြေ။ စိတ်လှုပ်ရှား။ အာခေါင်ခြောက်။ လျှာအရသာပျက်။ လက်တုန်။

1. Asthma (1) ပန်းနာ (၁) https://doctortintswe.blogspot.com/2014/11/asthma-1.html
2. Asthma (2) ပန်းနာ အဆက် https://doctortintswe.blogspot.com/2014/11/asthma-2.html
3. Asthma inhaler during pregnancy ကိုယ်ဝန်နဲ့ ပန်းနာဆေးများ https://doctortintswe.blogspot.com/2015/01/asthma-inhaler-during-pregnancy.html
4. Asthma News ပန်းနာအတွက် အကြံပြုချက် https://doctortintswe.blogspot.com/2017/12/asthma-news.html
5. Asthma ပန်းနာမေးခွန်း https://doctortintswe.blogspot.com/2018/07/asthma.html
6. Asthma inhaler during pregnancy ကိုယ်ဝန်နဲ့ ပန်းနာဆေးများ https://doctortintswe.blogspot.com/2015/01/asthma-inhaler-during-pregnancy.html

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

ဒေါ်ကြန်

သတင်းတခု ဖတ်ရတယ်။ စိတ်မကောင်းပါ။ DVB မှာသတင်းရေးတာ သတ်ပုံမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာမကြီးတဦးဖြစ်တဲ့ စာရေးဆရာမကြီး ဒေါ်ကြန်(မကြန်) ဟာ နိုဝင်ဘာ ၁၆ ရက်နေ့ည ၈ နာရီမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သမိုင်းစာတမ်းတွေကို တစိုက်မတ်မတ် ရေးသားခဲ့ပြီး နာမည်ကြီးတဲ့ ဝါရင့် သမိုင်းပညာရှင် ဆရာမကြီးကို ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့မှာ ၁၉၁၈ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၁၀၁ နှစ်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာပြည်-အိန္ဒိယသတင်းစာများ၏ အာဘော် ၁၈၈၆-၈၇ သုတေသနဆောင်းပါးကို ဒေါ်ကြန် အကြီးတန်းသုတေသနမှူး (ဗြိတိသျှခေတ်)  စာပါတဲ့ နိုင်ငံသမိုင်း သုတေသနစာစောင်စာအုပ် လက်ထဲမှာရှိတယ်။ ၁၉၇၇ ခုနှစ်ကထုတ်တယ်။

ဒေါ်ကြန်က အထက်မြန်မာနိုင်ငံတဝှန်းလုံး၊ လွယ်လင့်တကူ၊ မြန်မာမင်းသားတပါးကိုပင်၊ တိုင်းပြည်တခုလုံး စသဖြင့် မြန်မာစာသတ်ပုံမှန်နဲ့သာ ရေးသားပါတယ်။

ခုခေတ်မှာ မြန်မာလို့သာ ပြည်၊ တိုင်းပြည်၊ နိုင်ငံ မပါပဲ ရေးနေကြတာ မှားတယ်။

သမိုင်းမှာ မြန်မာစာသတ်ပုံမှန် ကျန်ရစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

Liver cancer အသည်းကင်ဆာ

အသက် ၉၀ရှိပါပြီ အသဲကင်ဆာလို့ ပြောပါတယ် ဘယ်လိုမျိုး ဆက်လုပ် သင့်ပါသလဲရှင့်

Liver cancer အသည်းကင်ဆာ https://doctortintswe.blogspot.com/2017/08/liver-cancer.html

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

ဆောင်းရတုပွဲ

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ၊
ချမ်းပေါင်လေ တဖေတင်းသော်လည်း၊
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။

မျက်တခတ်၊
ပြက်လျှပ်ကယ် တဗီဇနာမျှ၊
ထည်အလွှာ အကုန်ထွေးသော်လည်း၊
ကြည်အသာ မလုံသေးပါဘု၊
မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့၊
သွေးလန့်လို့ခုန်။

ယမ်းယောင်ကာ တလျက်ညည်းမိတော့၊
သန်းခေါင်မှာ မြကြက်သီးတွေက၊
တဖီးဖီး ပျံ့လို့ငယ်အုံ၊
ဗျာဆုံတဲ့ ရာသီပဲ။

ငွေနှင်းငယ်မှုန်၊
လေညင်းရယ် တသုန်သုန်နှင့်၊
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့၊
သည်ခေတ်မှာ သည်လိုဟာဖြင့်၊
သည်ကိုယ်မှာ သေသေလုပါပေါ့၊
ကမ္ဘာကို ဗြဟ္မာတို့ပြုခဲ့တယ်၊
ဆောင်းရတုပွဲ။ (အချုပ်တန်းဆရာဖေ)

ဒသမတန်း ကဗျာလက်ရွေးစင်စာအုပ်မှာတော့ တတွေကို တစ်နဲ့ ရိုက်နှိပ်ထားပါတယ်။ ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို ချိုးဖေါက်တာဖြစ်တယ်။

အချုပ်တန်းဆရာဖေက စာကောင်းရင် မအေပေးတွေက စလေရေးဆိုကြပြန်တယ် တို့များကျ ဉာဏ်မမီတယ် ကံမပီ ညစ်နွမ်းလို့ ရေးတယ်။ (ကန်တော့)

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၈
၁၇-၁၁-၂၀၁၉

ဖိတ်စာ

မင်္ဂလာပါဆရာ။ အခု ဆရာဘယ်မှာနေလဲဗျ။ ကျွန်တော့်ခြံထွက် ဝိုင်လက်ဆောင် ပို့ပေးချင်လို့ပါ။

ကျေးဇူး နေပါစေ။

နေရပ်လိပ်စာ လူအမည်၊ ဖုန်းနံပတ်တွေပေးတယ်။

ဟုတ်။ မြစ်ကြီးနား တခေါက်မှ မရောက်ဖူးသေးပါ။ ကျေးဇူး။

ရောက်ဖြစ်ခဲ့ရင် အချိန်မရွေး ဖုန်းဆက်ပါဗျ။

အဲလိုဖိတ်တဲ့သူတွေရှိတယ်။ တာချီလိတ်၊ ကလော၊ စသည်။ ပြီးခဲ့တဲ့နွေမှာအလည်ပြန်တော့ ရှမ်းပြည်ဘက်သွားမလို့ဟာ အထမမြောက်ခဲ့ပါ။ ကိုယ့်ဆီကနေရာဒေသတွေ တတ်နိုင်သလောက် ရောက်ဖူးချင်တယ်။ သူများတိုင်းပြည်တွေမှာသာ နေရ၊ ရောက်ရတာများပြီး ကိုယ့်နိုင်ငံမှာတော့ အလယ်တကြောသာ နှံ့စပ်တယ်။

စာရေးဆရာမဟုတ်တော့ ခရီးသွားစာတွေရေးချင်လို့ ရောက်ချင်တာတော့ မဟုတ်ပါ။ လူတွေအကြောင်း ပိုသိချင်တာ။ မသိတာကို ရေးမိ ပြောမိမှာ အလွန်စိုးရိမ်တယ်။ မသိတာတွေက အလွန်ကိုများတာပဲ။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၈
၁၇-၁၁-၂၀၁၉

ကျောင်းဝင်း

စောစောကတင်တဲ့ပို့စ်အတွက် မြစ်ကြီးနားနဲ့ဆိုင်တဲ့ပုံ လိုက်ရှာရင်း တွေ့တယ်။ ဝင်း နဲ့ ဝန်း သတ်ပုံမှားနေတယ်။

၁။ ဆရာ ဝင်း နှင့် ဝန်း အကြောင်းလေးရှင်းပြပေးစေချင်ပါသည်

၂။ ဆရာခင်ဗျာ ကျွန်တော်တို့ မင်းတိုင်ပင် အထက ကျောင်းအဝင်မှာ ကျောင်းဝိုင်းအတွင်း စက်ဘီး ဆိုင်ကယ် မစီးရလို့ ရေးထားတာ တွေ့ရပါတယ်။ ကျောင်းဝန်း နှင့် ကျောင်းဝိုင်း ဘယ်အရာက မှန်သလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

ဝန်း
ကျယ်ဝန်းသည်
ပတ်ဝန်းကျင်
မိန်းမမျက်ဝန်း = အသက် ၂ဝ အရွယ်ရှိသောမိန်းမ
မျက်ဝန်းလဲ့ပြာပြာ
ဝန်းကျင်
ဝန်းကျင်တခို
ဝန်းခြုံ
ဝန်းရံ
ဝန်းလည်
ဝန်းဝိုင်း
ဝန်းသိုမြို့
အဝန်းအဝိုင်း
ညောင်ဝန်းရွာ
နေဝန်း လဝန်း
မြေပြင်တဝန်း

ဝင်း
ဝင်းထရံ
ဝင်းပျို့ပျို့ = ပြည့်ဖြိုးဖွံ့ထွားသည်
ဝင်းခြံ
ဝင်းမှည့်
ဝင်းဝါ
ဝင်းတော်မှူး
အရောင်ဝင်း
ရှေ့ဝင်းနောင်ဝင်း
ကျောင်းဝင်းက

ဝိုင်း
ဝိုင်းဝိုင်းစက်စက်
ဝိုင်းကြီးချုပ်စနစ်
ဝိုင်းဝန်းသည်
ဝိုင်းဝိုင်းလည်
ဝိုင်းအုံ
ကျောင်းဝိုင်း

ဒေါက်တာတင်ဆွေ
၁၇-၁၁-၂၀၁၉

တစ္ဆေခြောက်ခံနေရသော မြန်မာစာ

တမြန်နှစ်က ကြည်အေးဝတ္ထုကိုရိုက်ထားတဲ့ရုပ်ရှင်အကြောင်း ပြောဆိုနေကြတယ်။ အဲတာတော့ရေးလိုက်ပြီ။ ကြည်အေး ဝတ္ထုကို အပိုင်းတွေခွဲပြီး တင်ပေးထာတာလည်းတွေ့တယ်။ သတ်ပုံတွေက ကြည်အေးရေးထားခဲ့သလိုမဟုတ်။ တတွေကို တစ်လုပ်ထားတာ အတော်ကို အရုပ်ဆိုးတယ်။

တစ္ဆေ

အိပ်လို့မရ
ညကြီးမင်းကြီး ထပြီးထိုင်နေ
မွေ့ရာတွေလဲ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် သတိပြယ်လွင့်
ခိုတွယ်စရာ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား ကြယ်လေး ငါးပွင့်
စကားပင်အို ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ မြက်ချုံတွေထဲ
တစ္ဆေငါကိုယ်တိုင်ပါဘဲ။

ကုတင်ခြေရင်း
ပြေးနင်းရှပ်ရှပ် မတ်တတ်ထလိုက်
ခန်းဝကိုလာ ဝယန္တာမှာ
သည်မှာတယောက် တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့် မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင် အော်ငိုချင်မိ
တဆင်တဲဘဲ သူနှင့်ငါ။

မြစ်နက်ထဲမှာ
ငါ့ ရေနစ်မြုပ် ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား ငါနေနားလိုက်
ဘုရားရှေ့မှောက် ဒူးထောက်ပြန်ရောက်

မောပမ်းလျနှင့်
တယောက်သောငါ ငါများစွာမှ
ထလာလွင့်ပါး မောင့်အနားကို
စကားထွေရာ ငိုသံပါနှင့်
ဘာမှမကြား မောင့်အနားမှာ
ထသွားစို့ဆို မေ့ကိုအိပ်မက်
မမက်ဘူးလား တစ္ဆေဖျားယောင်း
မှုန်မွှား စိတ်ဝင်အရိပ်ထင်။ (ကြည်အေး)

တစ္ဆေလို့ရေးတာက တစ်ဆေ။ ဖတ်တော့ တဆေ။ တစ်ခါတစ်ရံကိုတော့ တခါတရံအသံထွက်မရပါ။ တစ်တစ်ခွခွ ထွက်ရတယ်။

ကြည်အေးရဲ့ တယောက်သောငါ တစ္ဆေကြောက်စရာ။ ကျွန်တော်ကတော့ တစ်တွေကို တစ္ဆေသာဖြစ်စေချင်။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၇
၁၇-၁၁-၂၀၁၉
Photo from မောင်ပေါက်စ အင်းဝ

တလောကလုံး

ကျောခင်းတံတားများ
Artist - Lay Phyu (လေးဖြူ)
Composer - Hton Gyi
Band - Iron Cross
Album Link - http://www.myanmarmusicstore.com/Album

တင်ထားတာကို တွေ့ပါတယ်။ တလောကလုံးလို့ရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ကရုဏာကို ဂရုဏာလို့ရေးတာတော့ ပြင်သင့်တယ်။ ကရုဏာက ပါဠိစာလုံး သနားခြင်း။ ဂရုက အလေးဂရုပြုခြင်း။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

မူးယစ်ဆေးနှင့် သွေးလှူခြင်း

မင်္ဂလာပါ ဆရာ လွန်ခဲ့တဲ့တနှစ်ကျော်လောက်ကမူးယစ်ဆေးဝါးသုံးဆွဲဖူးတဲ့လူတယောက်ဟာ သွေးလှူ လို့ရပါသလားဗျာ တခြားဘာရောဂါမှမရှိပါဘူး

ရနိုင်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ ဒီနေ့သွေးသွားလှူတာ အားလုံးစစ်ဆေးပြီး သွေးဖောက်ထုပ်ဖို့လုပ်ခါနီးမှ လက်မှာ အရင်ကမူးယစ်ဆေးသုံးဖူးတဲ့အပ် ဒဏ်ရာတွေ့လို့ မရဘူးဆိုပြီး ပြန်လွှတ်လိုက်လို့ပါ တခြားဘာရောဂါမှ မရှိပါဘူး အားလုံးစစ်ဆေးပြီးပါပြီဗျ အဲ့ဒီဒဏ်ရာအမာရွတ်တွေ့လို့ မရဘူးပြောတာပါဆရာ

ဆောရီး။ သွေးလှူဘဏ်တွေစည်းကမ်း နည်းနည်း မတူတာရှိတယ်။

ဟုတ်ကဲ့ပါဗျ စိတ်မကောင်းတော့ဖြစ်မိပါတယ်ဆရာ တချိန်ကအမှားအတွက် အခုလိုပြန်ဖြေပေးတာ ကျေးဇူးအများကြီး တင်ပါတယ်ဆရာ။ မူးယစ်ဆေးဝါး သုံးစွဲပြီး ဘယ်နှစ်လအတွင်း သွေးလှူ လို့မရဘူးလဲ သိချင်ပါတယ်ဆရာ။

You'll need to wait 5 years if you have injected drugs not prescribed by a registered medical practitioner before you can donate. သုတေသနတခုက ၅ နှစ်စောင့်ပါတဲ့။

ပို့စ်အတွက်ဖြစ်လို့ တစ် ၃ လုံးကို ပြင်လိုက်တယ်။ ဆောရီး။ ဖေါက်ထုတ်လို့ရေးရတယ်။ ထုပ်က ထုပ်ပိုးသည်။

စောစောက ကိုယ်ဝန်ဆောင်နေသူက ဆေးခြောက် မေးတယ်။ မူးယစ်ဆေးဖြတ်နိုင်သူ အာဂလူ။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

အပို အလို

၁။ မြန်မာပြည်ရာသီဥုတုလည်းပြောင်းပြီဆရာ

၂။ ဖြစ်တည်မှု့

စာရေးတာမှာ အပိုတွေပါနေတယ်။ ရာသီဥတု နဲ့ ဖြစ်တည်မှု ဆိုတာနဲ့ ပြီးတယ်။

အရင်က ရေးကြတာတွေရှိပါတယ်။ ၍့၊ ၏့၊ စွဲး၊ စဲး၊ ထဲး၊ မဲးဇာ၊ မှု့၊ သဲး၊ ဧး၊ စတာတွေကို ပိုပြီး လွယ်ကူရှင်းလင်းအောင် ရေးလာကြာဟာ ခေတ်အရသင့်မြတ်တယ်။

မေးခွန်းပေါင်း ထောင်သောင်းကိုလေ့လာပြီး ကောက်ချက်ချထားတယ်။ ကိုယ်နဲ့မဆိုင်တာကို တွေးတော ပူပင်နေသူတွေဟာ ကိုယ့်မှာတကယ်ဖြစ်နေတာကို သတိမပြုမိရှိတတ်ကြတယ်။ ကိုယ်ဝန်ဆောင်တွေ ကိုယ့်မှာ ဖြစ်မနေတဲ့ မူမမှန်ကိုယ်ဝန်အကြောင်း မမေးသင့်၊ နားမထောင်သင့်။ ကျွန်တော်ရေးတာကိုပါ မဖတ်သင့်လို့ပြောရတယ်။

သတ်ပုံလည်း အဲလိုပဲ။ မလိုတာတွေထည့်ကြပြီး၊ လိုတာတွေ မရေးကြတာ မှားတယ်။ ဖြစ် ကို ဖစ် တဲ့။ မှားတယ်။ ပြီးပါပြီ ကို ပီးပါပီ တဲ့။ မှားတယ်။ ပြင်သင့်တယ်။ မှားမှန်းသိလို့ ပြင်လိုက်တာနဲ့ မှန်ရော။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

ခေတ်မီမီ ကမ္ဘာကြီးကြည့်မြင်

ဒါတွေလဲ ဆရာကကျွမ်းတာပါလား ခောတ်နဲ့ရင်ဘောင်တန်းတယ်

ခေတ်လို့ ရေးရတယ်။ ခေါတ်လို့ မရှိ။ တနေ့ကလည်း တယောက်က မှားရေးထားတယ်။

ခေတ်
သံခေတ်
သူ့ခေတ်သူ့ခါ
ကျောက်ခေတ်
ခေတ္တခဏ
ခေတ်ကာလ
ခေတ်စမ်းစာပေ
ခေတ်ဆန်သူ
ခေတ်တိမ်ကောပြီ
ခေတ်မီ
ကြေးခေတ်
ရှေးခေတ်

ခေါက်
တုံးခေါက်သည်
သစ်ခေါက်ဆိုး
အဆီအခေါက်
အသားခေါက်
အခေါက်ကင်
အခေါက်ရေ
ခေါက်ရိုးကျိုး
ခေါက်ချိုးစောင်
ခေါက်ဆွဲကြော်
ခေါက်တုံ့ချည်
ခေါက်တုံ့ခေါက်ပြန်သွားလာ
ခေါက်တွန့်
ခေါက်မုန့်
ခေါက်ပြန်ကြေး
ခေါင်းခေါက်

ခေတ်မီမီ ကမ္ဘာကြီးကြည့်မြင် သန်မြန်ယောက်ျားဘာသားလျှင်

ကိုအံ့ကြီး - လူချွန်လူကောင်း https://www.youtube.com/watch?v=6MyOH2GmwiI

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

ကောလိပ်ဂျင်နေဝင်း ကွယ်လွန်ခြင်း

တဦးတည်းသောသား
ဇဝနနှင့် တနှစ်တည်း

ကောလိပ်ဂျင်နေဝင်း ၁၉၈၃ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ကွယ်လွန်ပါတယ်။ ကောလိပ်ကျောင်းသားဝတ္ထုရေးသူ ဇဝနက ၁၉၈၃ ခု မတ်လမှာ ကွယ်လွန်တယ်။

ဒီစာကို မြန်မာစာ သတ်ပုံမှန်နဲ့ မင်းယုဝေကရေးတာပါ။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉
ပုံအတွက် ကျေးဇူး။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး