သစ်တလုံးထွင်းလှေကြီး

မောင်းထောင် မြေဇင်းတောရအဖွဲ့ တခွန်တိုင်ရွာ တခွန်တိုင်ကျောင်းရောက်လို့ အမျိုးတယောက်က တင်ထားတယ်။ သူက ညောင်ကန်သား။ သူသွားတာက မောင်းထောင်။

သက္ကရာဇ် ၁၁၈၂ ခုနှစ်မှာ ဆရာတော်ဦးဗုဓ်ဟာ ဇာတိညောင်ကန်ရွာကနေ ရွှေစက်တော်ကို ကြွရောက်စဉ်က ရွှေစက်တော်သွားတောလား ရေးသားတော်မူခဲ့တယ်။ အခု ဘုတလင်လို့သာရေးကြပေမဲ့ ဆရာတော်က ပုတလင်လို့ ရေးပါတယ်။

ရွှေစက်နှစ်တည်၊ ဖူးအံ့ရည်၍၊ ရှည်သက္ကရာဇ်၊ ထောင်ရာရှစ်ဆယ်၊ စွန်းကယ်နှစ်နှစ်၊ သရစ်မာသ၊ ပုဏ္ဏမဝယ်၊ ဗုဒ္ဓနေ့တွင်၊ ပုတလင်မှ၊ ထွက်ခဲ့ကြွသော်၊ စုံလှဈေးနာ၊ မိုရွာမြစ်စုတ်၊ ပခုက္ကူမည်၊ ပုဂံပြည်နှင့်၊ ဤသည်ရပ်များ၊ ညဥ့်တန့်နားမှ၊ ညောင်လှယသာ၊ နောက်ဖက်မှာကား၊ ကမ်းနားမည်ခံ၊ ကြွပုဂံရွာ၊ ဆိတ်ဖြူရွာနှင့်၊ ရှေ့မှာစဥ့်ကူ၊ ရွာမူပျဉ်းမ၊ ယင်းအောက်ကတွင်၊ ဆီးချိုပင်တည့်၊ မွမ်းဖြင်ဗိုလ်ခြေ၊ စလေတသွယ်၊ ပုခန်းငယ်ဆိပ်၊ ညဥ့်အိပ်ခဲ့ထွေ၊ ဆူးလေကုန်းဟူ၊ တောင်ပလူရွာ၊ မဲရွာခေါ်ရှောင်း၊ ငမွဲချောင်းနှင့်၊ ကျော်သောင်းကျောက်ရဲ၊ တကွဲဆားလယ်၊ တသွယ်ပင်းချောင်း၊ ဖေါင်းကတောရွာ၊ ကြေညာဝှန်ခြောင်း၊ ရေနံချောင်းက၊ ညောင်လှဆားကိုင်၊ ရိပ်မြိုင်ပြည့်သိပ်၊ ရုံးပင်ဆိပ်က၊ သာလှတုလွတ်၊ ဝက်မစွတ်မြေ၊ တညဥ့်နေ၍၊ စီးလှေဆိုက်ခါ၊ တက်သွားပါသော်၊ စဉ်လာခေါ်နုန်း၊ ဆယ်မုန်းပျော်ဖွယ်၊ လေကွယ်ပေါင်းငူ၊ လှိုက်ဆူကျောက်သံ၊ ကျောက်စံခေါ်ငြား၊ ကာလပါးနှင့်၊ ထူးပြားကွဲလွဲ၊ ကျွဲတဲညောင်ကိုင်း၊ စဉ်တိုင်းမျှော်ရှု၊ စကုတသင်း၊ ချင်းကုန်းတချက်၊ မယှက်တဆူး၊ ဖြူကုန်းတရွာ၊ ခွန်သာတသီး၊ ရုံးကြီးတောခေါ်၊ ဆယ်တော်မည်တွင်၊ တည်ပင်လုပ်ဆေး၊ မဝေးစပ်ကာ၊ ကင်ပိန့်ရွာတည့်၊ ချင့်တာမြောက်များ၊ ဆယ်ငါးယူဇနာ၊ သင်္ချာတွက်ပေါင်း၊ ကိုးသောင်းကျော်စင်၊ လွန်ခဲ့ကျင်၍၊ ကြည်ရွှင်ကော်ရော်၊ ဖူးရမြော်သည်။ စက်တော်မြတ် နှစ်ဆူကိုကား။

စက်တော်ကသည်၊ ပြန်ခဲ့လည်၍၊ ဘုန်းစည်ကိန်းအောင်း၊ ရာတော်ကျောင်းသို့၊ ပြောင်းခဲ့တုံခေါက်၊ စုံတလျှောက်ဝယ်၊ ချင့်ထောက်တိုင်ကွာ၊ ကင်ပိန့်ရွာနှင့်၊ တာပြန်ထောင်ပေါင်း၊ လုပ်ဆေးချောင်းတွင်၊ တည်ပင်စခန်း၊ ချင့်မှန်းတိုင်ကျော်၊ ဆယ်တော်တသီး၊ ရုံးကြီးတောစွန်၊ တတိုင်မှန်တွင်၊ ခွန်သာခေါ်နုန်း၊ ဖြူကုန်းမြောက်စောင်း၊ တာထောင်ပေါင်းတွင်၊ ရွှေကျောင်းမည်သာ၊ ချင်းကုန်းရွာက၊ တိုင်ကွာမမှား၊ ပန်းလွှားရွာထက်၊ တညဥ့်စက်မှ၊ ထွက်ခဲ့တခါ၊ ကမဲ့ရွာနှင့်၊ တာနှစ်တိုင်တွင်း၊ မဲရင်းတဆစ်၊ ဝါးသစ်တဆိုင်း၊ တာထောင်ပိုင်းတွင်၊ လယ်ကိုင်းရှေ့မြောက်၊ နှစ်တိုင်လောက်ဝယ်၊ ပယ်ဖျောက်မိုက်မှောင်၊ ခြောက်သွယ်ရောင်ဖြင့်၊ အထောင်နေ့တွင်၊ ယိုးမှားထင်သည်။ ရှင်ပင်ကျောင်းတော်ရာကိုကား။

ကျောင်းတော်ရာတွင်၊ ယင်းရှင်ပင်ကို၊ ကြည်လင်ညွတ်နူး၊ တညဥ့်ဖူးမှ၊ ပြန်ခဲ့ကြွသော်၊ ရှေးကသညာ၊ ကျမ်းအလာမူ၊ သုပ္ပါဒက၊ ခုမှတခါ၊ သစ်တော်ရွာဟု၊ သညာမည်ခံ၊ သမင်ခြံရွာ၊ ညောင်ချစ်ရွာနှင့်၊ သာယာဆန်းထူး၊ ကျွန်းဦးမည်သာ၊ ညောင်ချုံရွာက၊ ရွာတော်မည်နှုန်း၊ ထနောင်းကုန်းတွင်၊ နှစ်တိုင်လျှင်တည့်၊ ထို့ပြင်တထောက်၊ သုံးထောင်လောက်တွင်၊ ထက်အောက်ဌာန၊ ကျော်ပေါက်ပြသည်။ သာလှဝက်မစွက်ကိုကား။

စိန္တကျော်သူဦးသြက ဘုတလင်နယ် မောင်းထောင်ကဖြစ်ပါတယ်။ ကဝိလက္ခဏာသတ်ပုံကျမ်းကို ပြုစုခဲ့တယ်။

လက်ဖျံတလုံး၊ မင်းညီတုံး၊ ရှုံးလေလူဝံကျန်း။
တနေ့ဆယ်ကြိမ်၊ တင်းမတိမ်၊ ပန်းတိမ်သူခိုးညစ်။
မွေးရှင်တော်ပျံ၊ နဖူးယံ၊ တလံတော်အခွဲ။
ကိုယ်တော်တလံ၊ ရောင်တော်လျှံ၊ ရွှေဆံနှစ်သစ်မြဲ။
သက်ကယ်တပုံ၊ ဝါးတရုံ၊ ရိပ်မြုံသာချမ်းအေး။
စပါးတခွဲ၊ ငွေတပဲ၊ ခြင်မြဲဆယ်တင်းစား။
ကြေးနီတဆယ်၊ ငွေတဆယ်၊ သည်ဖွယ်သုံးပိသာ။
ဆန်းဆန်းကြယ်ကြယ်၊ ပညာကျယ်၊ တဆယ်ဥပစာ။

ညောကန်ဇာတိနဲ့ မောင်းထောင်ဇာတိ ပညာရှင်တွေက မြန်မာစာကို သတ်ပုံမှန်နဲ့သာ ရေးသားခဲ့ကြပါတယ်။

ခုခေတ် သစ် (တစ်) လုံးထွင်းလှေကြီးပေါ်မှာ လူတွေက လှေနဲ့မဆံ့ပါ။ ဘေးရန်ကင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး