Buddha Statues ဗုဒ္ဓဆင်းတုတော်များ

ဘုရားဆင်းတုတော်တွေကို ထုဆစ်ရာမှာ ကြည်ညိုဖွယ်မဟုတ်ပဲ၊ ကိုးယိုကားယားဖြစ်နေတာတွေ တွေ့ရတတ်တယ်။ မတော်တရော်လုပ်တာတွေလည်း တွေ့ရတတ်တယ်။ နမူနာပုံတွေမတင်တော့ပါ။ မလျှော်တာ မကြိုက်တာကို ကဲရဲ့တဲ့အနေနဲ့၊ မနှစ်ခြိုက်တာကိုပြောချင်လို့ အဲတာကို ကူးတင်တာမျိုးကို သဘောမကျပါ။

ဘုရားဆင်းတုတော်တွေကို ပန်းချီမျက်စိ၊ ပန်းပုမျက်စိ၊ ဗိသုကာမျက်စိနဲ့ပါ ကြည့်ရတယ်။ ဘာသာရေးအသိကအခြေခံ။ မျက်မှန်၊ နှုတ်ခမ်းမွေး၊ နှုတ်ခမ်းနီ၊ သင်္ကန်းတော်ကို ဂျိန်းဘုရားလိုလိုဖြစ်နေတာတွေက အမြင်မတော်ပါ။ တချို့ ဗုဒ္ဓဝင် ပန်းချီကားတွေပါ အဲလိုဖြစ်နေကြတာတွေရှိတယ်။

သိဒ္ဓတ္ထမင်းသားဟာ မြန်မာလူမျိုးမဟုတ်ပါ။ မြန်မာဆန်ရမယ်လို့တော့ မဆိုလိုပါ။ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်မှာ ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီသုံးမျိုးကို ကိုးကွယ်စရာလို့ သတ်မှတ်ထားပါတယ်။ ရည်စူးမှုကအဓိက ဆိုပေမယ့် ကြည်ညိုဖွယ်ရာလည်း ဖြစ်သင့်ပါတယ်။

မဟာယာနဗုဒ္ဓဘာသာဝင်တွေ ကွယ်တဲ့ဆင်းတုတော်တွေက တမျိုးတဘာသာ။ တာလီဘန်တွေ ဖြိုခွဲဖျက်ဆီးခဲ့တဲ့ အာဖကန်နစ္စတန်က ဘာမီယန်ဆင်းတုတော်ကြီးတွေဟာ (၆) ရာစု၊ ပါရှားယဉ်ကျေးမှုခေတ်ဖြစ်လို့ ကျွန်တော်တို့ဆီက ရုပ်ပွါးတော်တွေနဲ့ မတူကြပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့နဲ့ အသင့်မြတ်ဆုံးကိုသာ ရွေးကြရမှာပါ။ အချိုးအဆစ်ကျကျ ကြည်ညိုဖွယ်ဖြစ်သင့်ကြပါတယ်။

ပြည်ပမှာ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေက ခင်ဗျားတို့ ဘုရားက Feminine figure ဣတ္တိလိင်နဲ့တူပါလားလို့ ပြောတာ ကြုံရဘူးပါတယ်။ သူတို့ မမှားပါ။

ရုပ်ပွါးတော် ထုရာ သွန်းရာ၌ ပါသာဒိကဂုဏ်တော်နှင့် ပြည့်စုံအောင် ကြည်ညိုဖွယ် အသရေတော်ဆောင်နေသည့် ပုံမျိုးထုရမည်။

တတ်နိုင်သမျှ လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံသည့် အသွင်ကိုဆောင်အောင် ထုလုပ်ရမည်။

လှပစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် မိန်းမတို့၏ မျက်နှာအသွင်မျိုးကဲ့သို့ မထုလုပ်အပ်။
၁။ ကြည်ညိုဖွယ်ကင်းသော လက်တဘက်ကို (တစ်ဘက်ကို မဟုတ်) ဆန့်တန်း၍ထားခြင်း၊

၂။ လည်ကုပ်တိုနှင့် ပူအိုင့်စွာထုခြင်း၊

၃။ ဝမ်းဗိုက်ပူနှင့် ထုခြင်း၊

၎။ မျောက်မျက်နှာပမာ မျက်နှာပေါက်ဆိုးစွာ ထုခြင်း၊

၅။ မြေဘုတ်ဘီလူးပမာ ကြော်မက်ဖွယ် မျက်နှာထုခြင်း စသော ကြည်ညိုဖွယ် တင့်တယ်မှုကင်းသော ပုံသဏ္ဌာန်မျိုးများ မထုလုပ်အပ်ပေ။

ဟိုလိုလိုသည်လိုလို၊ ကြည်ညိုဘွယ်မဖြစ်အောင် ထုလုပ်ကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်တွေ မသင့်မြတ်လို့ အခိုင်အမာယူဆပါတယ်။ ဆန်းတိုင်း မကောင်းပါ။ အဲလိုဆင်းတုပုံ လာတင်ရင် ဖျက်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၄
၂၄-၁၁-၂ဝ၁၉
Photo from Zaw Min-Oo

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး