Monday, November 25, 2019

Memoir ကိုယ်တိုင်ရေးထုပ္ပတ်

ကျွန်တော့် နိုင်ငံရေးအဖြစ်အပျက်လေးတွေ ရေးတိုင်း စာအုပ်အဖြစ်ထုတ်ပါလို့ မပြောတဲ့အခါ မရှိပါ။ တိုတိုပြတ်ပြတ် လေးတွေနဲ့ ဖြေခဲ့ပါတယ်။ ကြီးကျယ်တာ မရှိ။ နိုင်ငံရေးမှာ သူများထက်ပိုပြီး ထူခြားတာလည်း မဟုတ်။

အသက်ရွယ်စဉ်ကသာ ရေးဖြစ်ရင် မာန်တွေ ဒေါတွေ ပါမယ်။ အဲတာမျိုးက မကောင်း။ အခု အသက်က အိုပြီ။ မာန်လည်း ကျလာပြီ။ ဒေါသလည်း နည်းလာပြီ။ ဆရာကြီးစိတ်ပါ ကင်းပြီ။

အခုနှစ် နိုဝင်္ဘာ ၃ ရက်နေ့က မက်ဆေ့ခ်ျတခုရပါတယ်။ ကိုယ်တိုင်ရေးထုပ္ပတ်ကို မျှော်နေပါတယ်။ တခြားသူမဟုတ်။ ဆရာမောင်စွမ်းရည်။

ဟုတ်။ ကျွန်တော်က ကြီးကျယ်သူတော့ မဟုတ်။ ဖေ့စ်ဘွတ် ပရိုဖိုင်းလ်လောက်သာ ရှိတယ်။ မောင်စွမ်းရည်က ဆက်ရေးတယ်။

ဘာဖြစ်ဖြစ်ပေါ့။ ဦးဝင်းတင်ပြောတဲ့ ဒီမိုကရေစီအရေးတော်ပုံတပ်သားတဦးလို့တော့ လူတိုင်းကိုခ်ါနိုင်ပါတယ်။ စာအုပ်ဖြစ်ဖို့တော့ ကိုအောင်ရှင်ရှိသားပဲ။ အရေးတော်ပုံခရီးစဉ်ပေါ့။ မုံရွာ မန္တလေးကနေ အိန္ဒိယမှ အမေရိကသို့ ရောက်လာပုံပေါ့။ ဆရာအိန္ဒီးယမှအိန္ဒီးယားနားသသို့ဆိုရင်တိုမယ်။ အတ္ထုပ္ပတ္တိ စဆုံးမှဖတ်ကောင်းမှာ။

ဟုတ်ဆရာ။ စောစောကဖြေလိုက်တာက ဆရာကရေးတာလို့ မထင်ခဲ့မိပါဆရာ။ စုဆောင်းထားတာလေးတွေ ရှိနေပါပြီ။ သူငယ်ချင်းတင်မိုး ဖတ်ပြီးပြီ။ ထပ်ဖတ်ရဦးမယ်ဆရာ။

ကျွန်တော့်ကိုယ်ပိုင်အကြောင်းလေးတွေ တိုတိုတိတိရေးထားတယ်။ ကျွန်တော်က ဘာရေးရေး အကုန်သိမ်းထားတာ။ စာအုပ်ရယ်ဘာရယ် ထုတ်ချင်လို့ရည်ရွယ်ခဲ့တာတော့ မဟုတ်ပါ။ ကျွန်ုပ်၏ပရိုဖိုင်းလ်ဆိုတဲ့ ဖိုင်နာမည်အောက်မှာ ၁၄၄ ပုဒ် ရှိတယ်။ ထပ်မဖြည့်အားသေးလို့ ကျန်တာလေးတွေလည်းရှိတယ်။ ဆန်ခါကျဲ ဆန်ခါစိပ်နဲ့တော့ စစ်ရဦးမယ်။

မောင်စွမ်းရည်က ဆက်ပြီး စာအုပ်လောကက အထင်ကရလူအမည်တွေပါ မိတ်ဆက်ပေးတယ်။ ဆရာ အမြန်ပြင်ထားပါ။ ကျွန်တော်မကြာခင် ရန်ကုန်ရောက်မယ်။ ကိုအောင်ရှင်နဲ့ တွေ့ပြီးဝင်ကူညီမယ်။ ပရုဖတ်ပေးမယ်။ စာအုပ်ရိုက်ရင် ဆရာကိုယ်တိုင် ရန်ကုန်ပြန်ရိုက်မှာလား။ ဆုံဖြစ်ဖို့ကြိုစားမယ်။ ထုတ်သူ ရိုက်သူ အသိတွေရှိတယ်။

ဆေးစာအုပ် ၃ အုပ်ကို ရန်ကုန်နေတူမက စာအုပ်တိုက်တွေနဲ့ ဆက်သွယ်ပေးတယ်။ ပဌမ ပုဂံတိုက်။ နောက် ၂ အုပ်က စိတ်ကူးချိချို။ အတူတူလိုနဲ့ တူပါရဲ့။ ကျွန်တော်ကိုယ်တိုင်တော့ မသွားနိုင်လောက်ပါ။

ပုဂံစာအုပ်တိုက်ကမောင်ချော သေလို့ မရှိတော့။ စိတ်ကူးချိုချိုလဲသိပါတယ်။ ကောင်းတယ်။ သူဆီရိုက်ရင်ကူညီနိုင်မယ်။ ဆရာ့စာမူဘယ်တော့ အသင့်ဖြစ်မလဲ။ ရှေ့တလနဲ့ပြီးမလား။

ကြိုးစားပါမယ်ဆရာ။ အာမတော့ မခံနိုင်သေး။

ရတယ်။ ၂လစောင့်နေမယ်။

ကျွန်တော်က စာတွေသာရေးနေတာ စာရေးက မကောင်း။ ပြင်စရာတွေများတာလည်း သိတယ်။ အခုလိုဆို ဖြစ်လာလေမလား။ အချိန်ကို ဘယ်ကနေ ချေးငှားရမလဲ။ သမိုင်းဆန်တဲ့စာ ဖြစ်ချင်တယ်။ ရသဆိုတာ မပါလဲ နေပါစေ။ ငါတကော မကောမိကောင်းပါရဲ့။ ငါမရှိတာ စာလိုတော့ သိတယ်။

ဆောရီး ဆရာ။ တနှစ်တိတိရှိသွားပြီ။ ဆရာ ရန်ကုန်တခေါက် ရောက်နေတာလည်း သိတယ်။ ကျွန်တော့်စာတွေက ကွန်ပြူတာထဲမှာ အိပ်စက်နေကြတုန်း။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂၀၁၈
၂၇-၁၁-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...