Constantinople ကွန်စတန်တင်နိုပယ်

ဆရာ ကွန်စတန်တင်နိုပယ်မြို့က တူရကီအားကောင်းချိန်တုန်းကလည်း ကြားဖူးလို့ပါ။ တမြို့တည်းလား ဒါမှမဟုတ် နှစ်မြို့လား မသိလို့ပါဆရာ။

ကွန်စတန်တင်နိုပယ်မြို့ကြီးဟာ ကနေ့ခေတ် တာကီ ခေါ် တူရကီနိုင်ငံမှာရှိတယ်။ Istanbul အစ်စတန်ဘူမြို့လို့လည်း ခေါ်တယ်။ ဘီစီ ၇ ရာစုကစတယ်။ အာရှတိုက်နဲ့ ဥရောပတိုက်ကြားကမြို့ကြီးဖြစ်လို့ သမိုင်းမှာ အလွန်အရေးပါခဲ့တယ်။
ပင်လယ်နက်နဲ့ မြေထဲပင်လယ်ဆုံရာမှာလည်းတည်ရှိတယ်။ အေဒီ ၃၃၀ မှာ ရောမအင်ပါယာမြို့တော်ဖြစ်တယ်။ ခရစ်ယန် မြို့တော်လို့ ခေါ်နိုင်တယ်။ ချမ်းသာဖွံ့ဖြိုးပြီး အဆောက်အဦကောင်းတွေ ရှိတယ်။

အဲဒီနောက် Byzantine Empire ဘိုဇင်တိုင်းအင်ပါယာခေတ်မှာ နှစ်တထောင့်တရာကြာခဲ့တယ်။ ၁၄၅၃ ခုနှစ်မှာတော့ Ottoman Empire အော်တိုမန်အင်ပါယာက သိမ်းပိုက်ပြန်တယ်။

ဘိုဇင်တိုင်းအင်ပါယာကာလအတွင်းမှာ ပါရှားတွေကကြီးစိုးလိုက်၊ အေသင်ကကြီးစိုးလိုက်၊ စပါတန်တွေကကြီးစိုးလိုက်၊ မက်ဆီဒိုးနီယားကကြီးစိုးလိုက်။ ဘီစီ ၁၉၆ မှာ ရောမအင်ပါရာက မြို့ကြီးကို ဖျက်ဆီးလိုက်တယ်။ ပြန်ပြီး တည်ဆောက်ကြတယ်။ တံတိုင်းကြီးပါဆောက်တယ်။ ကွန်စတန်တင်နိုပယ်တံတိုင်းကို ဒုတိယမြောက် သီယိုဒိုဆီးယပ်စ် ဘုရင်လက်ထက် ၅ ရာစုမှာဆောက်တယ်။ ဘိုင်ဇင်တိုင်းအင်ပါယာခေတ်က ကနေ့ အစ်စတန်ဘူးလ်မြို့မှာ ဆောက်ထားတာ။ ၁၄ မိုင်ရှည်တယ်။ ၁၅ ပေမြင့်တဲ့ အတွင်းတံတိုင်းနဲ့ ၂၇ ပေမြင့်တဲ့ အပြင်တံတိုင်း နှစ်ထပ်ရှိတယ်။ ကျုံးလည်းရှိတယ်။

အေဒီ ၃၂၄ မှာ ရောမအင်ပါယာ Constantine I ပဌမမြောက် ကွန်စတန်တင်က ဘိုင်ဇင်တိုင်းမြို့တော်ကို Nova Roma ရောမမြို့တော်သစ်လို့ သမုတ်လိုက်တယ်။ လမ်းမကြီးတွေဘေးမှာ Julius Caesar ဂျူလီယပ် ဆီဇာနဲ့ Alexander the Great အလက်ဇန်းဒါးတို့ရဲ့ ရုပ်တုတွေပါ စိုက်ထူထားတယ်။ ကွန်စတန်တင်ဘုရင် ကိုယ်တိုင်ရဲ့ ရုပ်တုကို Apollo အဖြစ် စိုက်ထူတယ်။

အဲဒီနောက်မှာ Constantinople ကွန်စတန်တင်နိုပယ်လို့အမည်တွင်လာတယ်။ အမည်ကွဲတွေများတယ်။ Queen of Cities, Istinpolin, Stamboul နဲ့ Istanbul အစ်တန်ဘူး။ အဲဒီကာလအထိ ဂရိတွေရဲ့ ရောမဥပဒေနဲ့ ခရစ်ယန်ဘာသာသာ လွှမ်းမိုးတယ်။

၁၀၅၄ မှာ ခရစ်ယန်ဂိုဏ်းကွဲတယ်။ တခုက ရိုမန်နဲ့ ကွန်စတန်တင်နိုပယ်မှာ Eastern Orthodox Church အရှေ့ အော်သိုဒေါက်စ် ဖြစ်လာတယ်။ အဲတာက ၁၅ ရာစုမှာ မွတ်ဆလင် အော်တိုမန်တွေက သိမ်းပိုက်တဲ့အထိ ကြာတယ်။

ကွန်စတန်တင်နိုပယ်ကျဆုံးခန်း
နှစ်ပေါင်း ၁၁၀၀ အတွင်းမှာ ဘိင်ဇင်တိုင်းမြို့တော် ကွန်စတန်တင်နိုပယ်ဟာ သိမ်းပိုက်ခံရမှု တဒါဇင်ကျော်ရှိခဲ့တယ်။ ဘူလ်ဂေးရီယန်းတွေ၊ ရပ်စ် ခေါ် ရုရှားဖြစ်လာမဲ့သူတွေနဲ့ အာရတ်တွေ။

၁၃ ရာစု ခရူးဆိတ်စစ်ပွဲတွေမတိုင်မီမှာ ခရစ်ယန်တွေ အာဏာလုကြတယ်။ ၁၂၀၄ မှာ လက်တင်စတိတ်ဖြစ်လာတယ်။ ဘော်လကန်စစ်ပွဲတွေနဲ့ ပဌမကမ္ဘာစစ်ကြီးဖြစ်ပြီး အော်တိုမန်အင်ပါယာ ပျက်စီးသွားတယ်။ ၁၉၂၃ မှာ တူရကီနိုင်ငံ ထူထောင်လိုက်ပြီး မြို့တော်ကို ၁၉၃၀ မှာ အင်ကာရာကိုရွေ့တယ်။ အခုထိ ကွန်စတန်တင်နိုပယ်နဲ့ အစ်စတန်ဘူမြို့လို့ ခေါ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၁-၂၀၁၉

Comments