တခါတရံ

မက်ဆေ့ခ်ျတခု ရတယ်။ တခါတရံက အမှန်မဟုတ်လား ဆရာ တဲ့။

ကျွန်တော်ကတော့ တခါတရံကို အမှန်လို့ သူငယ်တန်းကတည်းက သင်ခဲ့ရတယ်။ တသက်လုံးရေးခဲ့တယ်။ တခါတရံလို့ ရေးတဲ့စာအုပ်ပေါင်း ထောင်သောင်း ဖတ်ခဲ့တယ်။

အာဏာသိမ်းပြီးမှ စာသင်ရ စာဖတ်ရ စာရေးရသူတွေကတော့ တမှန်ရင် စသတ်ကြပါတယ်။ သူတို့က အမှတ်ပေး ဒိုင်လူကြီးတွေ၊ ဆင်ဆာလူကြီးတွေ။

တရားစီရင်တာက တရားသူကြီးအပေါ်မူတည်တယ်။ အရင်ကစီရင်ထားခဲ့တာ မှားနေတာကို ၁၀ နှစ် အနှစ် ၅၀ ကြာမှ သိတာမျိုးလည်းရှိတယ်။ ဒါကြောင့် အယူခံနိုင်တယ်လို့ သတ်မှတ်ထားတဲ့ ဥပဒေတွေရှိတယ်။ နိုင်ငံတကာမှာ List of miscarriage of justice cases လို့ခေါ်တဲ့ စာရင်းရှည်ကြီးထဲမှာ နိုင်ငံပေါင်း ၃၁ နိုင်ငံက အပြစ်ရှိတယ်လို့ အပြစ်ပေးခံရသူတွေ နောင်တချိန်ကျမှာ အပြစ်မရှိကြောင်း တွေ့သူတွေရဲ့စာရင်းပြုစုထားတယ်။ မြန်မာနိုင်ငံက လေ့လာမှု လုပ်တာထဲမှာ မပါ။ မြန်မာစာလည်း ဘယ်သောအခါမှာ ပါမှာ မဟုတ်။

ဆရာတင်မိုးရဲ့ ဒေါက်တာဂျော်နီထဲမှာ -
တခါတရံ၊ အင်းယားကန်မှာ
မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ
မြက်ခင်းထဲမှာ၊ လှဲကာလူးကာ
ကောင်းကင်ပြာက၊ ဟိုမှာတလုံး
သည်တလုံးဟု၊ ကြယ်ကုံးရေတွက်
တိမ်ကိုဖက်လျက်၊ သစ်ရွက်ဆုပ်ချေ
တညနေက
ရီဝေရီဝေ ထွေခဲ့တယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်အစိုးရကခန့်တဲ့ မြန်မာစာအဖွဲ့ကနေ သတ်ပုံနဲ့ အဘိဓါန်စာအုပ်တွေ အသစ်ထုတ်တယ်။ တ ၈၀% လောက်ကို စသတ်စေတယ်။ ဆင်ဆာအဖွဲ့က အဲဒီသတ်ပုံအခြေခံဥပဒေနဲ့ မညီတာတွေကို ထုတ်ဝေခွင့်မပေး။ အခု စစ်အစိုးရလည်းမရှိ၊ ဆင်ဆာအဖွဲ့လည်းမရှိတော့ပေမဲ့ တ ၉၅% ကို စသတ်ကြတယ်။ အမှတ်ရတယ်။ စာအုပ်တွေ ဆုရတယ်။

အခုအချိန်မှာ တစ်ခါတစ်ရံ၊ တစ်ခါတရံနဲ့ တခါတစ်ရံဆိုတဲ့ ဂိုဏ်းကြီး ၃ ခုပေါ်ပေါက်လာပြီး တရားသူကြီး ၃ စုလည်း ဖြစ်ပေါ်လာတယ်။

ဆရာတင်မိုး အယူခံမဝင်ခဲ့ပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး