မနုသီဟ


ဆရာရှင်။ ကျွန်မကို ကျေးဇူးပြုပြီး ဘုရားမှာ တံခွန်တိုင်ထားရတဲ့အကြောင်းလေးနဲ့ မနုသီဟ ထားကြတဲ့ အဓိပ္ပါယ်လေးကို ပြောပြပေးပါဦးရှင်။ စကားအမှားရှိရင် နူးညွှတ်စွာ တောင်းပန်ပါတယ်ရှင်။ စာလုံးပေါင်းမှားခဲ့လဲ ပြင်ပေးပါရှင်။

အဲတာတွေအားလုံးက အဆောင်အယောင်တွေသာဖြစ်ပါတယ်။ ဟိုကနေ သည်ကနေ ရောနှောကူးစက်လာတာတွေ။ ဘုရားလက်ထက်မှာ ဘာတခုမှ မရှိခဲ့ပါ။ အဲလိုဟာတွေက ကြာလေများလေ။ ဘာမှန်းမသိတာတွေ။ ဘာသာရေးအရ မလိုအပ်တာတွေဖြစ်တယ်။ သုတအဖြစ်တော့ သိလိုရင် ရှာဖတ်နိုင်တယ်။

မနုသီဟစကားက ပါဠိစကားဖြစ်တယ်။ လူခြင်္သေ့လို့ အဓိပ္ပါယ်ရတယ်။ ခြင်္သေ့ကိုယ်နဲ့ လူဦးခေါင်းတပ်ဆင်ထားတယ်။ ရှေးဟောင်းအီဂျစ် စဖင့်ရုပ်နဲ့ဆင်တယ်။ မနုသီဟ ဖင်နှစ်ခွလို့ပြောကြတယ်။ တကယ်ရှိသတ္တဝါ မဟုတ်ပါ။ အဲလို အကောင်တွေ၊ ပုံတွေ၊ ရုပ်တုတွေဟာ ရှေးဟောင်းယဉ်ကျေးမှုထွန်းကာခဲ့တဲ့နေရာတိုင်းမှာ အမျိုးမျိုးရှိတယ်။ ဥပမာ ဂရိယဉ်ကျေးမှုထဲ၊ ပုံပြင်တွေထဲမှာ အများကြီးရှိတယ်။ ရှေးခေတ်လူတွေက စိတ်ကူးဥာဏ်ဆန်းပြီး ထွင်ခဲ့တာတွေသာ ဖြစ်တယ်။ ကနေ့လူတွေထွင်ကြတာတွေကိုလည်း နောင်တချိန်မှာ မဟုတ်ကယ်ထင်မှတ်ကြဦးမယ်။

မနုသီဟရုပ်က ဘယ်ကာလမှာစပေါ်သလဲ မသိပါ။ စာတွေထဲမှာတော့ အထင်နဲ့ ရေးထားကြတာတွေရှိတယ်။ ဥပမာ သာသနာလင်္ကာရစာတန်းမှာ သာသာနာ ၂၃၅ ခုနှစ်၊ ရာမညတိုင်း၊ သုဝဏ္ဏဘူမိ သထုံပြည်၊ သီရိဓမ္မာမေသာကမင်း၊ ရေစောင့်ဘီလူးမ၊ မထေရ်၊ ခြင်္သေ့နှင့်တူသော ခေါင်းတလုံး ကိုယ်နှစ်ခုရှိသော မနုသီဟဖန်ဆင်း။

မနုသီဟရုပ်တွေထွန်းကားတာ အမရပူရခေတ်လို့ ရေးတာလည်း ဖတ်ရတယ်။ အကြီးဆုံးနှင့် အချိုးအကျဆုံး မနုသီဟရုပ်တွေကို အမရပူရ၊ တောင်သမန် ကျောက်တော်ကြီးမှာလို့ ဆိုပါတယ်။

တံခွန်တိုင်ကို ဘုရားဝင်းထဲ ဘုန်းကြီးကျောင်းတွေထဲမှာထားလေ့ရှိကြတယ်။ ဘုရားလက်ထက်မှာ ရာဇဂြိုဟ်သဌေးကြီးက အတောင်ခြောက်ဆယ်မြင့်တဲ့အထိ ဝါးတွေကိုဆက်ပြီး ထောင်ထားတဲ့တိုင်ထိပ်မှာ စန္ဒကူးသပိတ်ကို ချိတ်ဆွဲထားပြီး စွမ်းနိုင်သူယူလို့ ကြေညာမောင်းခတ်တော့ အရှင်ပိဏ္ဍောလမထေရ်က ဈာန်တံခိုးနဲ့ ယူလိုက်တယ်လို့ဖတ်ရပါတယ်။ တံခွန်၊ ကုက္ကား၊ အလံတို့ဟာ အမြင့်၊ အထွတ်အမြတ်သဘော အလေးအမြတ်ပြုကြတဲ့သဘောဖြစ်မယ်။

အဲလိုဟာတွေကို သမိုင်းသုတေသနလုပ်သူတွေက ရေးထားကြပါတယ်။ ကျွန်တော် စိတ်မဝင်စားလှပါ။ မေးလို့သာ သိတာလေးဖြေတယ်။ မဟုတ်ရင် ပြင်မယ်။ သူများတွေ တန်ဖိုးထား လက်ခံယုံကြည်နေကြတာကို လိုက်အပြစ်ပြောဘို့တော့ မသင့်ပါ။ အစဉ်အလာသဘော၊ အနုပညာသဘောမှာ တန်ဖိုးရှိပါတယ်။

မနုသီဟရုပ်ရှေ့ ဆွမ်းတော်တင်ရင်တော့ လွဲပြီ။ လူခြင်္သေ့ ကိုးကွယ်ရင်တော့ မှားပြီး။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၇
၂၇-၁၁-၂ဝ၁၉

သီဟ

ကွန်မင့်တခုရတယ်။ အသံထွက်က မနုတ်င်္သီဟ လို့ထွက်တော့ ကျနော်သိနေတဲ့စာလုံးပေါင်းက မနုဿီ ဟ။ မသေချာ။ ကိုယ်ပဲမှားသလား။

သီဟ = ခြင်္သေ့၊ သိဟ်ရာသီ။

Leo: The Lion (July 23-Aug 22) ခြင်္သေ့ (သိဟ်ရာသီ)

မနုဿီဟ နှင့် မနုသီဟ

ကွန်မင့်တခုရတယ်။ လူခြင်္သေ့ = မနုဿ+ သီဟ= မနုဿီဟ၊ ကျနော်ထင်တာပါလို့ရေးတယ်။

အရှင်ဗုဒ္ဓသိဿရေးတာက မနုဿီဟသတ္တ၀ါဆန်းကြီးဇာတ်ကြောင်းရေးတယ်။ နေဝင်းမြင့်ကလည်း မနုဿီဟ ၀တ္ထုတိုများရေးတယ်။ စောမုံညင်းကလည်း မနုဿီဟလို့ရေးတယ်။ KML DICTIONARY မှာလည်း မနုဿီဟလို့ပါတယ်။ အွန်လိုင်းသတ်ပုံကျမ်းမှာလည်း မနုဿီဟလို့ပါတယ်။

အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား)၊ သာသနာ့တက္ကသီလဓမ္မာစရိယ B.A BUDDHISM မဟာဓမ္မာစရိယကျမ်းပြု ကိုယ်တော်က မြန်မာ့စွယ်စုံကျမ်း အတွဲ (၈) ကိုကိုးကားပြီး မနုသီဟလို့ရေးတယ်။

ဦးဟုတ်စိန်ပြုစုတဲ့ ပါဠိ-မြန်မာအဘိဓါန်မှာတော့
ခြင်္သေ့ = သီဟ၊
ခြင်္သေ့ခံသောပလ္လင် = သီဟာသနလို့ပါတယ်။

ဘုရားရှေ့မှ ခြင်္သေ့ကြီး
ဘုရားရှေ့မှ၊ လည်ဆံဖွ၍
ခေါင်းကြွ ရင်မောက်၊ အမြီးမြှောက်လျက်
ဟောက်တော့မည့်ပုံ၊ ခုန်တော့မည့်လား
မာန်ဝံ့ကြွားသည်
အုတ်သားခြင်္သေ့ ခန့်ပါပေ့။

တနေ့ခါတွင်၊ သူ့ကျောပြင်ထက်
ကျေးငှက်စွန့်ထား၊ ညောင်စေ့များသည်
အုတ်သားကိုဖေါက်၊ အပင်ပေါက်ခဲ့
ဟိန်းဟောက်မာန်ချီ၊ ခြင်္သေ့သည်ကား
မထီမာန်တက်မြဲပါကို။ (မောင်စွမ်းရည်)

တစ်နေ့ခါတွင် မဟုတ်။ အဆိုပါခြင်္သေ့ ကနေ့ထိရှိတယ်။ ခြင်္သေ့နောက်လိုက် တစ်သတ်ပုံသမားတွေက ငြင်းလိုကြရင် ဆရာမောင်စွမ်းရည် ရန်ကုန်မှာရှိနေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး