ငပိ သတ်ပုံ

ကွန်မင့်တခု ရတယ်။ ကျမတို့တော့ ငါးပိမရှိတာနဲ့ကို အမေရိကားမှာ နေနိုင်မယ်မထင်ဘူးဆရာတဲ့။

ယူအက်စ်အေမှာ ငပိ၊ ငန်ပြာရေကောင်းတာတွေ ပေါတယ်။ ငါးခြောက်သာ မှာယူရတယ်။

အော် ဟုတ်ဆရာ အစုံရတာပဲ ရန်ကုန်က ပလာဇာတခုမှာတော့ made in USA ပစ္စည်းလေးတွေရောင်းတယ် အဝတ်အစားကအစ စားစရာ အချိုမှုန့်ငရုပ်သီးမှုန့် ဆားအချိုမှုန့်တဲ့အကုန်ရတယ် ဈေးတော့ကြီးတယ်ဆရာ

ကွန်မင့်တခုလာပါတယ်။ တနေ့တွင် ဦးဖိုးမြသည် မြေးငယ်မောင်လှိုင်နှင့်အတူ လှန်းထားသော ငခြောက်များကို စောင့်ရင်းနေခဲ့လေ၏လို့ ရေးတဲ့စာမှာ တချို့သတ်ပုံတွေကို ကျွန်တော်က ထောက်ပြလို့ လာတာ။

ပြန်လာတယ်။ ငခြောက်ကို ထည့်မပြောပုံထောက်ရင် ငါးကနေဖြစ်လာတဲ့ ငါးခြောက်ဆိုတာကို ဆရာလက်ခံတယ် ထင်ပါရဲ့။ သဘာဝလည်းကျတယ်၊ ယုတ္တိလည်းတန်တယ်။ ဖြစ်နိုင်က ဆရာ့အမြင်သိလို တဲ့။

၁၉၈၁ ခုနှစ် မြန်မာစာအဖွဲ့အစည်းအဝေးမှာ ဦးနေဝင်းကနေ တတွေ တစ်တွေကို တပြေးညီလုပ်သင့်တယ်လို့ လမ်းညွှန်ပါတယ်။ လိုက်ပြင်ကြသူတွေကတော့ အဲဒီခေတ်က တော်ကောက်ခံထားရတဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။ တော်စာရင်းမဝင်တဲ့ ပညာရှင်တွေက သဘောမတူကြပါ။ စစ်အစိုးရလက်ထက်ကစပြီး အစိုးရထုတ် သတ်ပုံကျမ်းနဲ့ မကိုက်ညီရင် ထုတ်ဝေခွင့်မပေးပါ။ တစ်မဟုတ်ရင် ဒဏ်ငွေပါဆောင်ရသတဲ့။

ပညာရှင် ပညာရှိဆိုတာ အမျိုးမျိုးရှိတယ်။ တော်ဝင်ပညာရှင်တွေက အသာစီးရတယ်။ လူတွေကလည်း အစိုးရက အမိန့်နဲ့ ခိုင်းတာကိုသာ အမှန်ယူတဲ့အကျင့်က အခုထိစွဲနေကြတယ်။ အထောက်အထားတွေကို ဓါတ်ပုံတွေနဲ့ တင်ပြနေတာ နမူနာ သက်သေခံပေါင်းတရာကျော်ပါပြီ။ ကိုယ်က အာဏာမရှိသူဖြစ်လို့ ဖုတ်လေတဲ့ငပိသာ ဖြစ်နေတယ်။

ငပိကိုလည်း ခုခေတ်သတ်ပုံက ငါးပိဖြစ်နေပါတယ်။ ဒီစာရေးတဲ့နေ့က ညစာ တမာရွက်နဲ့ ငပိချက်စားပါတယ်။

မြန်မာ့စွယ်စုံကျမ်း အတွဲ (၃) မှာ ငဝဲရောင်၊ ငဝက်၊ ငသလဲထိုး၊ ငသလောက်၊ ငသိုင်း၊ ငသိုင်းချောင်းမြို့လို့ ရေးထားပါတယ်။

နိုင်ငံတော်မူ ငါးပိ။ မြန်မာစာမူ ငပိ။ ငပိဆိုတာ ငါးကသာလုပ်တာ မဟုတ်ပါ။

ငန်
ဆားငန်
စပ်စပ်ငန်ငန်
ငန်ပြာရေ
ဆားတိငန်ငန်
ကြက်ငန်ရေ
ငံ
အငံရေ
ပင်လယ်ရေငံ
လက်ငံသည် = လက်နိုင်သည်
ရည်ငံသည် = ချစ်ကြိုက်သည်
ချေငံသည်
နိုင်ငံ
ချေချေငံငံ

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး