နွေတရာလမ်း ကြွေ ကြွေနွမ်းပြီ

ကျွန်တော့်တပည့်၊ ဖေ့စ်ဘွတ်ဝေါဟာအရဆိုရင် ဖရင်းတယောက်က ကွန်မင့်ရေးတယ်။

မောင်မောင်ညွန် ဆိုတဲ့သီချင်းလေး သွားပြီးသတိရမိပါတယ်ဆရာ။ ဆံဖြူ သွားကျွေ ပါးရေ နားရေထွန့်ပါစေတော့ဆိုတဲ့ သီချင်းလေးနဲ့ ဆရာနဲ့မမအေးတို့ကိုဂုဏ်ပြုလိုက်ရပါတယ်ဆရာရှင့်။

သူ့သတ်ပုံကို ပြင်ပေးလိုက်တယ်။ ကြွေ

လွမ်းရစ်တော့ သက်လှယ်ရယ်

့ သို့မဟုတ်
အဆုတ်ကင်ဆာ၊ ဝေဒနာကို
ဒေါက်တာလွမ်းဝေ၊ သမားဆွေငဲ့
မသေဆေးသွင်း၊ သွေးပုလင်းနဲ့
သေမင်းလက်မှာ မကယ်နိုင်ခဲ့ပြီ။

မြိုင်
မြိုင် မြိုင်
တခိုင် တဖူး၊ ငယ်ချစ်ဦးလေ
ယစ်မူးစရာ၊ အထက်လွှာမှ
ထွက်ခွါရင်ဆိုင်၊ မြိုင် မြိုင် မြိုင် ရယ်
မောယိုင်ပန်းလျ၊ ဘဝ အလွမ်း
အားတင်းစမ်းနော်။

ချစ်စွ မိတ်ဆွေ
ဒေါက်တာရေချမ်း၊ လက်ဆောင်ကမ်းတဲ့
ကျမ်းစာ လေးလံ၊ ဆေးတံ တတို
လက်ဖက်ရည်ချိုခါး၊ သူ့ဂူနားမှာ
ထားရစ်ခဲ့ပါတဲ့၊ မှာသံသဲ့သဲ့။

အမေ
အမေညိမ်း၊ စိတ်ထိန်းပါလေ
မျက်ရေစိုလဲ့၊ မငိုနဲ့နော်
ဗန်းမော် ချစ်သား၊ အမေ့နာ့မှာ
ကိုယ်စား ဝိညာဉ်၊ ရှင်သန်ဆဲပါ။

ဒေဝစ္ဆရာ လှသူဇာ
ပြည်တော်သာ ခင်ခင်ဦး ရဲ့
ချစ်ဖူးသက်ဝေ၊ သူ သေ သေပြီ
မသေကျန်ရစ်၊ အမွေနှစ် ဟာ
ပဒေသရာဇ် ဆန့်ကျင်ရေးစိတ်ဓာတ်။

ခင်မမကြူ ရဲ့
ချစ်သူမောင်ကြီး၊ ခရီးကန္တာ
နွေတရာလမ်း၊ ကြွေ ကြွေနွမ်းပြီ
လွမ်းရစ်တော့ သက်လှယ်ရယ်။

ဤမြေချာ၌
သစ္စာ သန့်စင်၊ မြတ်ဝိညာဉ်အား
တရားဖြောင့်စင်း၊ အားတောင့်တင်းတဲ့
လင်းယုန် စောင့်ကြပ်စေသတည်း။   ။

မောင်ခိုင်မာ ရေးခဲ့တဲ့ကဗျာ။ ကြွေသွားခဲ့ပြီဖြစ်တဲ့ စာပေပညာရှင်များစွာ။ အနှစ်အရသာ အဓိပ္ပါယ် များစွာ။ မြန်မာစာ သတ်ပုံမှန်နဲ့ပါ။ ယနေ့အခါ မြန်မာစာ ကြွေလေပြီကောဗျာ။ အဆုတ်ကင်ဆာ ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ