Spanish Fly စပိန်လုပ် ယင်ကောင်က ထုတ်တဲ့ဆေး

အခုရက်တွေမှာ တင်နေကြတယ်။ တို့ဆေးတဲ့။ ကက်တမင်းဆေးတဲ့။ ဟိုဆေးသည်ဆေးတဲ့။

တခုက မိန်းကလေးတို့ရဲ့ ဘဝကို အလွယ်တကူ ပျက်စေနိုင်တဲ့ သကြားလုံး (လက်ဆင့်ကမ်းပေးကြပါ အမျိုးတို့ရေ) တဲ့။

အရင်က အဲလိုဆေးတွေအကြောင်း ရေးထားတယ်။ ကြော်ငြာသလို မဟုတ်တာတွေက များတယ်။ တမျိုးကတော့ Spanish Fly စပိန်လုပ် ယင်ကောင်က ထုတ်တယ်ဆိုတဲ့ဆေး။ တိတိကျကျဆိုရင် blister beetles (cantharidin) အကောင်လေးတွေကို ချေမွပြီး ချိုတာတခုခုနဲ့ ရောထားတာ။

အဲဒီဆေးသောက်လိုက်ရင် ကိုယ်အပူရှိန် တက်လာမယ်။ လိင်အင်္ဂါတွေပါ တခြားနေရာတွေလိုရောင်ရမ်းလာမယ်။ အဲတာဟာ အင်ဖေလယ်မေးရှင်း ခေါ် ရောင်ရမ်းဖြစ်စဉ်သာဖြစ်ပြီး အထရွက်ရှင် ခေါ် ဆွဲဆောင်မှုပေးတာ မဟုတ်ပါ။

၁၇၇၂ ခုနှစ်က ခန္ဓာကိုယ်ရောင်းစားတဲ့ အမျိုးသမီးတွေကိုဆေးပေးတော့ သေဆုံးမှုရှိခဲ့ပါသတဲ့။ ဘေးထွက်ဆိုးကျိုးတွေ များတယ်။
1.    painful urination ဆီးအောင့်မယ်။
2.    blood in urine ဆီးထဲသွေးပါမယ်။
3.    vomiting blood သွေးအန်မယ်။
4.    difficulty swallowing မျိုချရခက်မယ်။
5.    abdominal pain ဗိုက်နာမယ်။
6.    kidney failure ကျောက်ကပ်အလုပ်မလုပ်နိုင်ဖြစ်မယ်။
7.    gastrointestinal bleeding အစာလမ်းသွေးထွက်မယ်။
8.    convulsions ဆက်မယ်။
9.    coma သတိလစ်မယ်။

ဒါပေမဲ့ အွန်လိုင်းကနေဖြစ်ဖြစ် ဆေးဆိုင်တွေကဖြစ်ဖြစ် အခုလည်း ဝယ်လို့ရတယ်။ ဘာပါတယ်လို့ မသိတာတွေ ထည့်ထားတယ်။ ဘာဖြစ်မလဲ မပြောနိုင်တာတွေ ဖြစ်ပါသတဲ့။ စပိန်လုပ်ဆိုပြီး အမည်ကိုသာဆက်သုံးတာ၊ ထုတ်ချင်တဲ့ဆီကနေ ထုတ်တယ်။ ဆေးအတု ဘယ်ကအများဆုံးလဲ မပြောပဲသိကြတယ်။

မြန်မာလိုဖတ်ရတာတွေမှာ ပညာပေးသလိုလိုနဲ့ ဖတ်ချင်အောင် ဇာတ်လမ်းတွေဆင်ရေးကြတာက များတယ်။ တကယ် အဲလို မဟုတ်ပါ။ အစစ်အမှန်သုံးတဲ့ဆေးတွေအကြောင်း ဘလော့မှာ ဖတ်နိုင်တယ်။ လင့်တွေ မတင်တော့ပါ။

တခါတလေမှ တကယ့်အဖြစ်အပျက်တွေဟာ ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာထက် ဆန်းတယ်။ ဝတ္ထုတွေ ရုပ်ရှင်တွေမှာ တကယ့်အဖြစ်မဟုတ်တာက အလွန့်အလွန်များတယ်။ ကြော်ငြာကောင်းရင်တော့ ရောင်းရတယ်။

ကျန်းမာရေးပညာပေးကို ကြော်ငြာလိုရေးတာ မသင့်ပါ။ လိမ်တာ။

ဓါးပြတိုက်လို့၊ အခိုးခံရလို့ ဆင်းရဲသွားတာထက် ကိုယ်အသုံးမကျလို့ မွဲသူတွေကသာများတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး